သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Make စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ပြုလုပ်တယ်လို့အဓိပ္ပါယ်ရတဲ့ Make စကားလုံးကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Make a beeline for, Make do with နဲ့ To make both ends meet တို့ကို တင်ပြထားပါတယ်။

(၁) Make a beeline for

Make (ပြုလုပ်တာ)၊ A (တစ်ခု)၊ Beeline (ပျားတန်းရှည်)၊ For (တခုခုကို ဦးတည်တာ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပျားတန်းလိုပဲ တခုခုကို ဦးတည်သွားနေတာ ဖြစ်ပါတယ်။ ဒီအသုံးဟာ ပျားတွေအနေနဲ့ ဘယ်မှ မပျံဘဲပျားအုံဆီကို တန်းပြီးပျံကြတဲ့ အလေ့အထကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က တခုခုကို ဒါမှမဟုတ် တဦးဦးဆီကို အကျိုးမျှော်ပြီး အဲဒီလူ၊ အဲဒီနေရာဆီကို တန်းပြီးသွားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Foreign companies make a beeline for Myanmar as the country opens its doors.
မြန်မာနိုင်ငံက တံခါးစဖွင့်တာနဲ့ နိုင်ငံခြားကုမ္ပဏီတွေလည်း အဲဒီနိုင်ငံဆီကို တန်းဝင်ကြတော့တာပဲ။

(၂) Make do with

Make (လုပ်တာ)၊ Do (ပြုလုပ်တာ)၊ With (နှင့်) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုနဲ့ဖြစ်အောင် ပြုလုပ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ မြန်မာမှာ မရှိရှိတဲ့နည်းနဲ့ဖြစ်အောင် လုပ်တာမျိုး၊ မရှိတဲ့တခုကို တခြားတခုခုနဲ့ အစားထိုးပြီး အဆင်ပြေအောင် ကြည့်လုပ်တာမျိုး၊ မလောက်တာကို လောက်အောင်ကြည့်လုပ်တာမျိုး၊ နဲနဲနှင့်ကျဲကျဲဝိုင်းရမဲ့အနေအထားမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The minister advised the local residents to make do with candles when there is no electricity.
လျှပ်စစ်မီး မရတဲ့အခါကြရင် ဖယောင်းတိုင်သုံးပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြည့်လုပ်ကြဖို့ ဝန်ကြီးက မြို့ခံတွေကို အကြံပေးခဲ့တယ်။

(၃) To make both ends meet

To make (တခုခုကိုပြုလုပ်တာ)၊ Both (နှစ်ဖက်)၊ Ends က ဒီနေရာမှ (အဆုံး)၊ Meet (ဆုံတာ၊ တွေ့စေတာ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နှစ်ဖက်ဆုံနိုင်အောင်ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီအသုံးက ခါးပတ် ပတ်ရကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ခါးပတ်ခေါင်းရှိတဲ့ဖက်နဲ့ အပေါက်ရှိတဲ့ ခါးပတ်အဖျားဖက် အစွန်းပိုင်းကို ပတ်မိနိုင်ဖို့က ခါးပတ်အနေနဲ့ ကိုယ့်ခါးနဲ့ တော်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဝနေရင်၊ ခါးပတ်ထိပ်နဲ့ အဖျားပိုင်းမထိနိုင်တော့ ခါးပတ်ပတ်လို့မရနိုင် ဖြစ်မှာပါ။ ခါးပတ်နဲ့ တော်ရအောင်၊ ကိုယ်ဝယ်ထားတဲ့ ခါးပတ် size နဲ့ ခါး size က တူရမှာ ဖြစ်တဲ့အတွက်ကြောင့် တကယ်လို ဝယ်ထားတဲ့ ခါးပတ်ကသေးပြီး၊ လူက ဝနေတယ်ဆိုလို့ရှိရင် ခါးပတ်ကို ပတ်လို့မရ ဖြစ်မှာပါ။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း အလားတူပါပဲ။ နေ့စဉ်ဘဝမှာ စားဝတ်နေရေး၊ ဘဝဖူလုံရေးကို ခါးပတ်နဲ့တင်စား ပြောထားတာဖြစ်ပြီး ဝင်ငွေနဲ့ထွက်ငွေမျှအောင် ဘဝမှာ ကြိုးပမ်းဖို့ ဖြစ်ပါတယ်။ တနည်းတော့ စားဝတ်နေရေး ဖူလုံရအောင်လို့ ရတဲ့လခနဲ့ လောက်အောင် စားနိုင်ဖို့၊ ခြိုခြံစားနိုင်ဖို့ ကြိုးပမ်းတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The government official during his visit to the village advised the farmers to eat only one meal a day to make both ends meet.
အဲဒီအစိုးရအရာရှိက ကျေးရွာကိုသွားလည်ပတ်ခဲ့စဉ်က၊ ၊ လယ်သမားတွေ စားဝတ်နေရေးဖူလုံချင်ရင်၊ တနေ့ ကိုထမင်းတနပ်ပဲစားဖို့ အကြံပေးခဲ့တယ်။


ဒီသတင်းပတ် တင်ပြခဲ့တဲ့ Make ကိုအခြေခံတဲ့ Idiom အသုံးတွေက Make a beeline for, Make do with နဲ့ To make both ends meet တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG