သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mouth အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English American Style : Idioms and Expressions ကဏ္ဍမှာ - ပါးစပ်လို့အဓိပ္ပါယ်ရတဲ့ (mouth) ဝေါဟာရ ကိုအခြေခံတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Put words in someone’s mouth, Straight from the horse’s mouth နဲ့ To have a big mouth တို့ကို တင်ပြထားပါတယ်။

Mouth အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:05:26 0:00
တိုက်ရိုက် လင့်ခ်


(၁) Put words in someone’s mouth

Put (ထည့်တာ)၊ words (စကားလုံးတွေ)၊ someone’s (တဦးတယောက်ရဲ့)၊ mouth (ပါးစပ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်ရဲ့ ပါးစပ်ထဲကို စကားလုံးတွေ ထည့်လိုက်တာ ဖြစ်ပါတယ်။ တကယ်တော့စကားလုံးတွေကိုယူပြီး လူတဦးရဲ့ ပါးစပ်ထဲကို အစားအစာလို ထည့်ဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူး။ ကိုယ့်ပါးစပ်ထဲကိုစကားလုံးတွေလာထည့်ခံရတယ်ဆိုတဲ့သဘောက၊ စကားတခုကိုကိုယ်ကတကယ်မပြောဘဲ၊ ပြောပါတယ်လို့ ဆိုတဲ့အဖြစ်မျိုးရောက်တာကိုဆိုလိုပါတယ်။ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က မြန်မာမှာကိုယ့်ပါးစပ်က ဒီလိုစကားမျိုး ပြောတယ်ဆိုပြီး တကယ်မပြောဘဲ အပြောခံရတဲ့ အခြေအနေမျိုးရောက်တာကိုဆိုလိုပါတယ်။ တနည်းတော့ သူ့စကားကို ကိုယ့်စကားဖြစ်တယ်လို့အပြောခံရတာမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် ကိုယ်ပြောလိုက်တဲ့စကားမှာ ဆိုလိုရင်း အဓိပ္ပါယ်ကတမျိုး၊ ကြားရသူက သူကောက်ချင်တဲ့ အဓိပ္ပါယ်နဲ့ အကျအနကောက်ယူလိုက်တာမျိုးမှာလည်း ဒီအသုံးကို ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’ve never said John is lazy. Stop putting words in my mouth!

John က လူပျင်းဖြစ်တယ်လို့ ကျနော် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဒါကြောင့် ကျနော် ပြောတယ်ဆိုပြီး မပြောပါနဲ့ဗျာ။

(၂) Straight from the horse’s mouth

Straight (တန်းတန်းမတ်မတ်၊တည့်မတ်တာ)၊ from (မှ)၊ the horse’s (မြင်းရဲ့)၊ mouth (ပါးစပ်) ဆိုတော့စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မြင်းရဲ့ ပါးစပ်ကနေ တန်းပြီးထွက်လာတာ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ မြင်းပြိုင်ပွဲတွေက ဖြစ်ပါတယ်။ မြင်းလောင်းကြသူတွေအနေနဲ့ ဘယ်မြင်းက နိုင်မယ်ဆိုပြီး ထင်ကြေးပေးကြရာမှာ ဒီမြင်းက နိုင်မှာ သေချာတယ်။ ဘယ်လောက် သေချာသလဲဆိုရင် အဲဒီမြင်းရဲ့ ပါးစပ်ကိုယ်တိုင်ကထွက်လာတဲ့စကားဆိုပြီး၊ သိပ်ပြီးသေချာတာကို ချဲ့ကားပြီး တင်စားပြောတဲ့အသုံးကကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ သတင်းထူး ဒါမှမဟုတ် အရေးကြီးတဲ့သတင်း စသဖြင့်ကို ကာယကံရှင်ရဲ့ ပါးစပ်ကနေ တိုက်ရိုက်ကြားရတာ၊ ဒါမှမဟုတ် အဲဒီ သတင်းထူးအကြောင်းကို သက်ဆိုင်ရာ အာဏာပိုင်ရဲ့ ပါးစပ်ကနေ ထုတ်ပြောတာကို ကြားရတာကိုရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I heard the news straight from the horse’s mouth! The Company owner told me he is selling his business !

ကျနော်က ဒီသတင်းကို ကာယကံရှင်ကိုယ်တိုင်ဆီက ကြားခဲ့ရတာ။ ကုမ္ပဏီပိုင်ရှင်ကသူ့လုပ်ငန်းကို ရောင်းတော့မယ်လို့ ကျနော်ကိုပြောပြခဲ့တယ်။

(၃) To have a big mouth

To have (ရှိတာ)၊ a (တခု)၊ big (ကြီးမားတာ)၊ mouth (ပါးစပ်) လို့ အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးမှာရှိတဲ့ ပါးစပ်က ကြီးတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ပါးစပ်ကြီးတယ် ဆိုကတည်းကိုက အာချောင်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အတင်းအဖျင်းပြောတာကို ဝါသနာပါတဲ့လူ၊ တွေ့ကရာကို လျှောက်ပြောတတ်တဲ့လူ၊ လူတွေသိပ်မသိစေချင်တဲ့အကြောင်းကို ပြောရမှန်းမသိ၊ မပြောရမှန်းမသိဘဲ လူရှေ့သူရှေ့မှာ ပြောချလိုက်တဲ့ လူမျိုးကို ဒီအသုံးနဲ့ ရည်ညွှွန်းသုံးတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe has a big mouth so be careful when you talk to him!

Joe က အာချောင်တယ်။ ဒါကြောင့် သူနဲ့ စကားပြောတဲ့အခါမှာ ကြည့်ပြောနော်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့

Mouth အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:05:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG