သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pull စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style Idioms ကဏ္ဍမှာ ဆွဲတယ်လို့အဓိပ္ပါယ်ရတဲ့ Pull ဝေါဟာရကိုအခြေခံတဲ့ အီဒီယံအသုံးအနှုန်းတချို့ဖြစ်တဲ့ Pull the strings, Pull the plug နဲ့ Pull the wool over one’s eyes တို့ကို တင်ပြထားပါတယ်။

(၁) Pull the strings

Pull (ဆွဲတာ)၊ the strings (ကြိုးတွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကြိုးတွေကို ဆွဲတာဖြစ်ပါတယ်။ ဒီအသုံးဟာ ကျမတို့ မြန်မာမှာလည်း ရှိပါတယ်။ လူတဦးဦး ဒါမှမဟုတ် အုပ်စုတစု၊ အဖွဲ့တဖွဲ့ကနေ နောက်ကွယ်ကနေ ကြိုးကိုင်ထိန်းချုပ်ထားတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John is the person who pulls the strings in his group.

သူတို့ အုပ်စုမှာ နောက်ကွယ်ကနေ ကြိုးကိုင်နေသူကတော့ John ဖြစ်တယ်။


(၂) Pull the plug

Pull (ဆွဲလိုက်တာ)၊ the plug လျှပ်စစ်ဓါတ်ကြိုး တပ်ထားတဲ့ မြန်မာမှာလည်း ပလပ် လို့ပဲ ခေါ်တာဖြစ်တော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တပ်ထားတဲ့ ပလပ်ကို ဆွဲဖြုတ်လိုက်တာ ဖြစ်ပါတယ်။ ပလပ်ကို (Socket) ပလပ်ပေါက်ကနေ ဆွဲဖြုတ်လိုက်တယ်ဆိုရင် လျှပ်စစ်မီးပြတ်သွားမှာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ ပလပ်ပေါက်မှာ တပ်ထားတဲ့ ပလပ်ကို ဆွဲဖြုတ်လိုက်ရင် လျှပ်စစ်မီး မရတော့ဘဲ၊ ပြတ်သွားမှာ ဖြစ်တဲ့အတိုင်း လူတဦးရဲ့ အကြံအစည်တွေ၊ လုပ်ကိုင်နေတာတွေကို ရပ်တန့်သွားအောင်လုပ်လိုက်တာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Mayor pulled the plug on the city’s project by canceling the funding he promised.

မြို့တော်ဝန်က သူ ပေးမယ်လို့ ကတိပေးထားတဲ့ ငွေကို မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက်၊ မြို့ရဲ့ စီမံကိန်းလည်း ပျက်သွားခဲ့ရတယ်။


(၃) Pull the wool over one’s eyes

Pull (ဆွဲလိုက်တာ)၊ the wool (သိုးမွေး)၊ over (အပေါ်)၊ one’s (တဦးတယောက်ရဲ့)၊ eyes (မျက်လုံးတွေ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ရဲ့ မျက်လုံးတွေပေါ်ကနေ သိုးမွေးကို ဆွဲယူချလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက ရှေးတုန်းက အင်္ဂလိပ် နဲ့ အမေရိကန် အစရှိတဲ့ တရားရုံးတော်တွေမှာ တရားသူကြီးတွေအနေနဲ့ သိုးမွေးနဲ့ လုပ်ထားတဲ့ Wig လို့ခေါ်တဲ့ ဆံပင်အတု ကို တပ်ကြရတဲ့ ဖြစ်ရပ်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အဲဒီ သိုးမွေးနဲ့ လုပ်ထားတဲ့ ဆံပင်အတုကို မျက်စိရှေ့ဆွဲချလိုက်တယ်ဆိုရင် မျက်စိဖုံးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် မြင်နိုင်တော့မှာ မဟုတ်ပါဘူး။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ လူတဦးအနေနှင့် လက်တွေ့ဘာဖြစ်နေတယ်ဆိုတာကို မမြင်နိုင်အောင်၊ မသိနိုင်အောင် လုပ်တာမျိုး၊ ဖြီးဖြန်းဖို့၊ ညာစားဖို့ ၊ လှိမ်ဖို့၊ တပတ်ရိုက်ဖို့ ကြိုးစားတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary is very smart ! So don’t try to pull wool over her eyes.

Mary က သိပ်ဉာဏ်ထက်တယ်။ ဒါကြောင့် သူ့ကိုလှိမ်ဖို့တော့ မကြိုးစားလေနဲ့။


ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idiom အသုံးအနှုန်းတွေက Pull the strings, Pull the plug နဲ့ Pull the wool over one’s eyes တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG