သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Spread စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style Idioms and Expressions ကဏ္ဍမှာ Spread (ဖြန့်တာ) ကို အခြေခံတဲ့ Spread oneself too thin, Spread your wings နဲ့ Middle-age spread တို့ကို တင်ပြထားပါတယ်။

(၁) Spread oneself oneself too thin

Spread (ဖြန့်တာ)၊ oneself (ကိုယ့်ကိုကိုယ်)၊ too thin (သိပ်ကိုပါးလွှာတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကိုယ့်ကိုကိုယ် သိပ်ကိုပါးလွှာအောင်ဖြန့်လိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ်ကို ပါးအောင် ဖြန့်လိုက်လို့ မရပေမယ့်၊ ဒီနေရာမှာ တာဝန်တွေကို လူတဦးအနေနဲ့ မနိုင်မနင်းယူထားလို့ မြန်မာအသုံးအရ တာဝန်တွေ၊ လုပ်စရာတွေ၊ ဝန်ထုပ်ဝန်ပိုးတွေနဲ့ ပိနေတာ၊ ပြားနေတာပဲဆိုတဲ့ အဓိပ္ပါယ်နဲ့ တူတယ်လို့ ဆိုရမှာပါ။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ ဟိုဟာလဲ လုပ်ချင်၊ ဒီဟာလဲ လုပ်ချင်လို့၊ လုပ်ချင်တာများပြီး ၊ ဘယ်ဟာကိုမှ ကောင်းကောင်းမလုပ်နိုင်တဲ့အခြေအနေမျိုး၊ တာဝန်ယူထားရတာ မနိုင်မနင်း ဖြစ်နေတဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

As Chief Executive of the company, Mr. Green spreads himself too thin. No wonder he is always looking tired !

ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အနေနဲ့ Mr. Green က မနိုင့်တာဝန်တွေ ထမ်းနေတယ်လေ။ ဒါကြောင့် သူကို ကြည့်ရတာ အမြဲပဲပင်ပန်းနေတာကလဲ မဆန်းပါဘူးဗျာ။

(၂) Spread your wings

Spread (ဖြန့်တာ)၊ your (သင်ရဲ့) wings (အတောင်ပံတွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကိုယ့်အတောင်ပံတွေကို ဖြန့်တာ ဖြစ်ပါတယ်။ ငှက်တစ်ကောင်အနေနဲ့ အတောင်ပံဖြန့်တယ်ဆိုရင် ပျံဖို့ ပြင်ဆင်တာ ဖြစ်တဲ့အတိုင်းပဲ ၊ ဒီအီဒီယံရဲ့သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ လူတစ်ဦးအနေနဲ့ ကိုယ့်ဘဝမှာ အသစ်အဆန်းတွေ၊ တခါမှမလုပ်ဘူး၊ မတွေ့ကြုံဘူးတာတွေကို ပထမဦးဆုံး စမ်းပြီးလုပ်ကြည့်တာ၊ အနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ် လုပ်ကြည့်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ မြန်မာမှာ အတောင်စုံလို့ ပျံဖို့ကြိုးစားတဲ့ ငှက်နဲ့ တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John told me when he retires, he plans to spread his wings and travel around the world.

John က သူအလုပ်ကအနားယူရင် သူ့ဘဝမှာ သူတခါမှ မလုပ်ခဲ့ဘူးတဲ့ ကမ္ဘာကိုပတ်ပြီး ခရီးထွက်မယ်လို့ကျနော်ကို ပြောခဲ့တယ်။

(၃) Middle-age spread

Middle-age (လူငယ်နဲ့ လူကြီး အသက် ၄၅ နှစ်ကနေ ၆၅ နှစ်ကြားရှိတဲ့ လူလတ်ပိုင်းအရွယ်)၊ spread က (ပြန့်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူလတ်ပိုင်းအရွယ် ပြန့်တာ ဖြစ်ပါတယ်။ တကယ်တော့ လူလတ်ပိုင်းဆိုတာကို (၄၅) နှစ် နဲ့ (၆၅) နှစ်ကြား သာမန်အားဖြင့် သတ်မှတ်ထား တဲ့အတွက်ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းက ပြန့်လာတယ်ဆိုတာကတော့ လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်လှုပ်ရှားရှား လုပ်တာတွေနည်းပြီး၊ အစားကောင်း စားလာလို့ ဝလာတာ၊ ခါးတုတ်လာတာ၊ ဗိုက်ရွှဲလာတာ၊ ကိုယ်အလေးချိန်တက်လာတာ စသဖြင့်ကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Regular exercise and diet will help prevent middle-age spread.

ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်မယ်။ အစားအစာလည်း ဆင်ခြင်ပြီး စားမယ်ဆိုရင် အသက်ကြီးလာလို့ ဗိုက်ရွှဲတာ၊ ဝလာတာတွေကို မဖြစ်အောင် ကာကွယ်နိုင်လိမ့်မယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Spread နှင့် ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက Spread oneself too thin, Spread your wings နဲ့ Middle-age spread တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG