ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးအနှုန်းတချို့ဖြစ်တဲ့ Tit-for-tat, Kick in နဲ Who blinks first တို့ကို တင်ပြပေးထားပါတယ်။
(၁) Tit-for-tat
Tit-for-tatအသုံးမှာ Tit နဲ့ Tat ဝေါဟာရ တွေဟာ ထုလိုက်၊ ရိုက်လိုက်တဲ့အသံတွေကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ အသံတခုထွက်တဲ့အတွက်ကြောင့် နောက်အသံတခုလည်း လိုက်ထွက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က သူက လုပ်တဲ့အတွက်ကြောင့် ကိုယ်ကလည်း သူ့ကို ပြန်လုပ်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် This for that ဆိုတဲ့ အသုံးနဲ့ တူတယ်လို့ ဆိုရမှာပါ။ ကျမတို့ မြန်မာမှာတော့ သူက ကိုယ့်လာချ၊ ကိုယ်က သူကိုပြန်ချ။ သူက ကိုယ့်နားလာကိုက်၊ ကိုယ်က သူ့ပါးကိုက် ဆိုတဲ့သဘောမျိုး ၊ ဘတပြန် ကျားတပြန် ချကြတယ်ဆိုတဲ့ အနေအထားမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်ကိုသွင်းတဲ့တရုပ်ကုန်စည်တွေအပေါ်သမ္မတ Donald Trump က အခွန်တိုးကောက်သလို၊တရုတ်ကလည်း လက်တုန့်ပြန်ပြီး တရုပ်ကိုသွင်းတဲ့အမေရိကန်ကုန်စည်တွေအပေါ်ကိုအခွန်တိုးကောက်ဖို့ သတ်မှတ်တဲ့အတွက် Trade war ဆိုတဲ့ ကုန်သွယ်ရေးစစ်ကြီးပဲ ဖြစ်တော့မလားဆိုပြီး LA Times သတင်းစာကြီးက “As U.S.-China tit-for-tat tariffs kick in, here's what could happen”အမေရိကန်နဲ့ တရုတ်အကြား ဘတပြန်၊ ကျားတပြန် ကုန်သွယ်ရေးအခွန်တွေစတင်တိုးကောက်တဲ့အတွက်ဖြစ်ပေါ်လာနိုင်မဲ့အခြေအနေဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။
ဥပမာ၊
John hit Harry so he hit him back. It was tit-for-tat.
John က Harry ကို ရိုက်တယ်။ အဲဒါကြောင့် Harry ကလည်း ပြန်ရိုက်တယ်။ ဒါကတော့ သူကချလို့ ကိုယ်ကလည်း ပြန်ချတာ ဖြစ်တယ်။
(၂) Kick in
Kick (ကန်တာ)၊ in (အထဲ) ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ် အထဲကို ကန်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  သွယ်ဝိုက်အီဒီယံအဓိပ္ပါယ်က အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာတော့ စတင်အာဏာသက်ရောက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးက အမေရိကန်သမ္မတ Donald Trump က တရုတ်နဲ့ အမေရိကန်ကုန်သွယ်ရေး မညီမျှမှုကြောင့် တရုတ်ကသွင်းတဲ့ ကုန်စည်တွေအပေါ်ဇူလိုင်လ (၆) ရက်နေ့ကပဲ စတင်ပြီး အခွန်တိုးကောက်ခဲ့တဲ့အတွက် The Week သတင်းစာမှာ” US-China trade war:tariffs kick in”အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ် ၊အခွန်တိုးကောက်မှုစတင်အာဏာသက်ရောက်နေပြီဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ၊
The city will be able to spend more when the new tax law kicks in next year.
မြို့ အနေနဲ့ နောက်နှစ် အခွန်ဥပဒေသစ်စအာဏာသက်ရောက်တဲ့အခါ အသုံးစရိတ်ပို တိုးနိုင်မှာဖြစ်တယ်။ (ဒီနေရာမှာ ဆေးသောက်လို့ ဆေးတန်းခိုး စပြပြီဆိုရင် The medicine has kicked in လို့ ပြောလို့ရတဲ့အကြောင်း ဖြည့်စွက်တင်ပြလိုပါတယ်။)
(၃) Who blinks first
Who (ဘယ်သူ)၊ blinks (မျက်တောင်ခတ်တာ)၊ first (အရင်း၊ ပထမ) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မျက်တောင်ကို ဘယ်သူ စခတ်မလဲ ဖြစ်ပါတယ်။ ဒီအသုံးတွေက ကလေးတွေ အချင်းချင်းကြား တယောက်နဲ့တယောက် စိုက်ကြည့်ကြပြီး၊ ဘယ်သူက အရင် မျက်တောင်ခတ်မလဲ၊ မျက်တောင် အရင်ခက်တဲ့လူက စရှုံးတယ်ဆိုပြီး ကစားကြတဲ့နည်းက ဆင်းသက်လာတယ်လိုဆိုပါတယ်။ လူကြီးတွေကြားမှာတော့ တယောက်နဲ့တယောက် ခပ်တည်တည်၊ ဘုကြည့်ကြည့်၊ လူမိုက်ကြည့်ကြည့်ပြီး ဘယ်သူက အရင်စိတ်လျှော့ပြီး မျက်နှာလွှဲမယ်ဆိုတဲ့ ဖြစ်ရပ်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ထိပ်တိုက်ရင်ဆိုင်မှုမှာ ဘယ်သူက စ အလျှော့ပေးမလဲ၊ နောက်ဆုတ်ပေးမလဲဆိုတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ၊ စစ်ဖြစ်ရာမှာ စသဖြင့်တို့မှာ ဘယ်သူက စပြီး နောက်ဆုတ်မလဲဆိုရင် ဒီအသုံးကို ရည်ညွှန်းသုံးနိုင်ပါတယ်။ လက်ရှိ အမေရိကန်နဲ့ တရုတ်ကြား အပြန်အလှန် ကုန်စည်တွေအပေါ် အခွန် တိုးကောက်ကြရာမှာ ကုန်သွယ်ရေးစစ်အသွင် ဖြစ်လာနိုင်တာကြောင့် အမေရိကန်သမ္မတ Trump နဲ့ တရုတ်သမ္မတ ရှီကျင်ပင်ကြား ဘယ်သူက စအလျှော့ပေးမလဲဆိုပြီး The Times of India သတင်းစာကြီးက “Who will blink first? How the US-China trade war could play out” ဘယ်သူက စအလျှော့ပေးမလဲ၊ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ် ဘယ်လို ဖြစ်လာနိုင်သလဲဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ၊
In the current trade war, the two leaders are waiting to see who blinks first.
လက်ရှိ ကုန်သွယ်ရေးစစ်မှာ ခေါင်းဆောင်ကြီးနှစ်ဦးတို့က ဘယ်သူကစ အရှုံးပေးမလဲဆိုတာကို စောင့်ကြည့်နေကြတယ်။
ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idioms အသုံးတွေက Tit-for-tat, Kick in နဲ့ Who blinks first တို့ ဖြစ်ကြပါတယ်။