သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)


တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Keep tabs on, Flex one’s muscle နဲ့ Roll back တို့ကို တင်ပြပေးထားပါတယ်။

(၁) Keep tabs on

Keep (ထားတာ)၊ tabs (စာရင်းမှတ်တာ)၊ on (တခုခုအပေါ် (ဒါမှမဟုတ်) တခုခုနဲ့ ပတ်သက်လို့) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုနဲ့ ပတ်သက်လို့ စာရင်းမှတ်ထားတာ ဖြစ်ပါတယ်။ ဒီအသုံးက (၁၉) ရာစုက အမေရိကန်ပြည်ထောင်စုမှာ ထိုစဉ်က အရက်ဘားတွေမှာ ဘယ်သူက ဘယ်နှစ်ခွက် သောက်တယ်ဆိုတာကို သိနိုင်ဖို့အတွက် အရက်ဘားတွေမှာ အရက်ငဲ့ပေးတဲ့၊ အရက်ရောင်းတဲ့ Bartender က မှတ်ရာမှာ Tablet လို့ခေါ်တဲ့ ကျမတို့ မြန်မာမှာတော့ ကျောက်သင်ပုန်းနဲ့တူတဲ့ မှတ်စရာပေါ်မှာ မှတ်ရာကနေ ဒီအသုံး ဆင်းသက်လာတာပါ။ Tablet ကို အတိုကောက် Tabs လို့ အသုံးပြုရာက စာရင်းမှတ်ရာမှာ To keep tabs on အသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ လူတဦးဦး ဒါမှမဟုတ် ကိစ္စတခုခုနဲ့ ပတ်သက်လို့ အခြေအနေ ဘယ်လို ရှိတယ်ဆိုတာကို အနီးကပ်သေသေချာချာ စောင့်ကြည့်တာ ဖြစ်ပါတယ်။ ဒီအသုံးကို ရောမရှိ Vatican မြို့တော်မှာ နေတဲ့ Cardinal ရဟန်းအမတ်တွေကို ပုပ်ရဟန်းမင်းကြီး Francis က ရဟန်းအမတ်တွေ ခရီးထွက်ရင် ဘယ်ကိုသွားတယ်။ ဘယ်တော့ သွားမယ်ဆိုတာကို သူ့ကို ကြိုတင်အသိပေးရမယ်လို့ ညွှန်ကြားချက် ထုတ်ခဲ့ရာမှာ သတင်းမီဒီယာတွေက ပုပ်ရဟန်းမင်းကြီးက Cardinal ရဟန်းအမတ်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်ဆိုပြီးတော့ To keep tabs on ဆိုတာကို သတင်းခေါင်းကြီးတွေမှာ ရည်ညွှန်းသုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John was annoyed when he found out his boss was keeping tabs on him at work.

John က သူ့ဆရာသမားက အလုပ်မှာ သူဘာတွေ လုပ်နေလဲဆိုတာကို အနီးကပ်စောင့်ကြည့်နေတဲ့အတွက်ကြောင့် စိတ်တိုနေမိတယ်။

(၂) Flex one’s muscle

Flex (ကွေးတာ)၊ one’s (တဦးတယောက်ရဲ့)၊ muscle (ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သား) ဖြစ်ပြီး ၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးက သူ့မှာရှိတဲ့ ကြွက်သားကို ကွေးပြတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ဗလ ထုတ်ပြတာ ဖြစ်ပါတယ်။ ဗလ ထုတ်ပြတယ်ဆိုကတည်းက လူတဦးက သူ ဘယ်လောက် အားရှိလဲဆိုတာကို ထုတ်ကြွားနိုင်တာ ဖြစ်တဲ့အတိုင်း အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးက သူ့မှာရှိတဲ့ အာဏာကို ပြတာ၊ အာဏာကို အသုံးပြုတာ ဖြစ်ပါတယ်။ တနည်း ဘန်းစကားအရတော့ ပါဝါ (Power) ပြတာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ စောစောက ဖြစ်ရပ်မှာ ပုပ်ရဟန်းမင်းကြီး Francis က ရောမမြို့မှာရှိတဲ့ Cardinal ရဟန်းအမတ်တွေကို ခရီးထွက်ရာမှာ ညွှန်ကြားချက်တွေ ထုတ်ခဲ့သလိုပဲ Nigeria မှာရှိတဲ့ Catholic ဘုန်းတော်ကြီးတွေအားလုံးလည်း ပုပ်ရဟန်းမင်းကြီးရဲ့ စကားကို နားခံပါမယ်ဆိုတာကို ရက် (၃၀) အတွင်း စာရေးသားပြီးတော့ အကြောင်းကြားရင်ကြား၊ နောက်မှဆိုရင် ထုတ်ပြစ်မယ်လို့ သတိပေးခဲ့တာတွေ ရှိတဲ့အတွက်ကြောင့် သတင်းမီဒီယာတွေက ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့အာဏာ လုပ်ပိုင်ခွင့်ကို အသုံးပြုနေတယ်ဆိုပြီးတော့ Flex one’s muscle ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe’s new position as head of our department allowed him to flex his muscle.

Joe က ကျနော်တို့ရဲ့ ဌာနမှူး ဖြစ်လာတော့ သူ့ရဲ့ ရာထူးသစ်ကြောင့် အာဏာပြနိုင်တာတွေ လုပ်ခွင့်ရလာတော့တယ်။

(၃) Roll back

Roll (လှိမ့်တာ)၊ back (နောက်ပြန်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နောက်ပြန်လှိမ့်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ပြန်ရုတ်သိမ်းတာ၊ လျှော့ချပြစ်တာ၊ ဖြေလျှော့ပြစ်တာ စသည်တို့ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က အရင်သမ္မတဟောင်း Barack Obama လက်ထက်က Cuba နဲ့ ပတ်သက်လို့ သမိုင်းတင် နှစ်နိုင်ငံ ချစ်ကြည်ရေး ပြန်စတင်ခဲ့ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ သံတမန်ရေး အစရှိတဲ့ အခွင့်အရေးတွေကို ပေးခဲ့ရာမှာ အဲဒီအခွင့်အရေးတချို့ကို သမ္မတ Trump က ပြန်ရုတ်သိမ်း ကန့်သတ်မယ်လို့ ဇွန်လ (၁၆) ရက်နေ့က ကြေညာခဲ့တဲ့အတွက်ကြောင့်လည်း သတင်းမီဒီယာတွေက Roll back အသုံးကို ရည်ညွှန်းသုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The hotels in Yangon rolled back their prices as there were less tourists visiting Myanmar during the rainy season.

မိုးတွင်းမှာ မြန်မာနိုင်ငံကို လာရောက်ကြတဲ့ ကမ္ဘာလှည့် ခရီးသည်အရေအတွက် နည်းလာတဲ့အတွက်ကြောင့် ရန်ကုန်ရှိဟိုတယ်တွေက ဈေးနှုန်းတွေကို လျှော့ချပေးခဲ့ရတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idiom အသုံးတွေက Keep tabs on, Flex one’s muscle နဲ့ Roll back တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG