သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tongue စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Tongue (လျှာ) စကားလုံးကို အခြေခံတဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Bite one’s Tongue, Hold your Tongue နဲ့ Tongue-tied တို့ကို တင်ပြထားပါတယ်။

(၁) Bite one’s Tongue

Bite (ကိုက်တာ)၊ One’s (တဦးတယောက်ရဲ့)၊ Tongue (လျှာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်အနေနဲ့ သူ့ရဲ့လျှာကို ကိုက်ထားရတာ ဖြစ်ပါတယ်။ လျှာဆိုတာ သိတဲ့အတိုင်းပါပဲ စကားပြောရင် လိုတဲ့အပြင်၊ လျှာမလှုပ်ဘဲ စကားပြောလို့ မရနိုင်ပါဘူး။ လျှာကို ကိုက်ထားရတယ်ဆိုတာက လျှာကို မလှုပ်ရလေအောင် သွားနဲ့ကိုက်ထားရတာလို့ တင်စားပြောထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ပါးစပ်က ပြောချင်ပေမယ့်လို့လဲ တဖက်ကလူ စိတ်ဆိုးမှာစိုးလို့၊ အားနာလို့ မပြောမိအောင်၊ အသံမထွက်အောင် ထိန်းထားရတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာတော့ နှုတ်ကို ထိန်းထားရတဲ့ သဘောမျိုး၊ မပြောမိအောင် မနည်းကိုယ့်ပါးစပ်ကို ပိတ်ထားရတာလို့လည်း ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My boss was finding fault with me. I had to bite my tongue not to talk back !
ကျနော့်ဆရာသမားက ကျနော်ကို အပြစ်လိုက်ရှာနေတယ်။ ကျနော်လည်း ပြန်မပြောမိအောင် မနည်းထိန်းထားရတယ်။

(၂) Hold your Tongue

Hold (ကိုင်ထားတာ၊ ဆိုင်းထားတာ)၊ your (သင့်ရဲ့)၊ Tongue (လျှာ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ လျှာကို ကိုင်ထားရတာ၊ ထိန်းထားရတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ အပြောဆင်ခြေဖို့၊ ကြည့်ပြောဖို့၊ ပြောတာလွန်လာပြီဖြစ်လို့ ရပ်ဖို့ပြောတာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Be a gentleman and hold your tongue. You cannot talk to a lady like that !
ခင်ဗျားယာကျ်ားပီသစမ်းပါ။ အပြောအဆို ဆင်ခြေပါ။ ဒီလိုစကားမျိုးတွေကို အမျိုးသမီးတဦးကို ခင်ဗျားမပြောသင့်ဘူး။

(၃) Tongue-tied

Tongue (လျှာ)၊ Tied (ချည်ထားတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လျှာကိုချည်ထားတာ ဖြစ်ပါတယ်။ လျှာဟာ အချည်ခံထားရတယ်လို့ တင်စားသုံးထားတာ ဖြစ်တဲ့အတိုင်း အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က ပါးစပ်က ဘာမှပြောမထွက်တာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာဆိုရင်တော့ ပါးစပ်အာစေး ထည့်ထားသလား၊ တေမိ ဖြစ်နေသလားပေါ့၊ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

When I met the pretty girl at the party, I wanted to ask her for a date, but I was tongue-tied.

ပါတီမှာ ကျနော် မိန်မချောလေးနဲ့ တွေ့တော့၊ ကျနော်နဲ့ အပြင်ထွက်ဖို့ ပြောချင်လိုက်တာ။ ဒါပေမဲ့ ကျနော့်ပါးစပ်က ပြောမထွက်ရဲဘူး။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Tongue စကားလုံးကိုအခြေခံတဲ့idioms အသုံးအနှုန်းတွေက Bite one’s Tongue, Hold your Tongue နဲ့ Tongue-tied တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG