သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်း လူပိုမှု စစ်ဆေးပေးဖို့ NLD တိုက်တွန်း


မဲစာရင်းစိစစ်နေတဲ့ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံး။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)
မဲစာရင်းစိစစ်နေတဲ့ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံး။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)

မဲစာရင်းမှာ လူပို အမည်စာရင်းတွေ ပါနေတာကြောင့် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင် ကို အကြောင်းကြားထားပါတယ်။ လောလောဆယ် မန္တလေးတိုင်းနဲ့ တနင်္သာရီ တိုင်းတွေ မှာ မဲစာရင်းထဲ လူပိုပါနေတာကို တွေ့ရှိရတယ်လို့ ဒေသခံ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရွေးကောက်ပွဲနီး လာချိန်မှာပဲ မဲစာရင်းထဲမှာ လူပို အမည်စာရင်းတွေ ပါနေ တာကြောင့် သတိထားပြီး ရပ်ကျေး အဆင့်ထိ စိစစ်ဆောင်ရွက်ကြဖို့ NLD ပါတီ ဗဟိုက သူ့ရဲ့ပါတီဝင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတိပေးချက် ထုတ်ပြန် ထားပါတယ်။

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာဆိုရင် လူသောင်းဂဏန်းကျော် မဲပို စာရင်းထဲ ပါနေတာကို NLD ပါတီက စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ NLD ပါတီ မန္တလေးတိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ဦးရွှေလှက VOA ကိုပြောပါတယ်။

"မဟာအောင်မြေကို ကွင်းဆင်းစစ်ဆေးဖို့ လာအကြောင်းကြားတဲ့အခါမှာ သူတို့ မြို့နယ်က အရင်ဆုံး တက်လာတာတွေပေါ့။ ရပ်ကွက်ကြီး ဆိုရင် လေးရပ်ကွက်လောက် ကို ဆင်းကြည့်လိုက်တဲ့အခါမှာ မဲစာရင်းထဲမယ် လူနေထိုင်ခြင်း မရှိပဲနဲ့ လူတွေပိုနေတာ သောင်းဂဏန်း အထိအောင် တွေ့တယ် ဆိုတော့ အဲ့တာနဲ့ပတ်သက်လို့ တင်ပြတဲ့အခါမှာ မြို့နယ်ကော်မရှင် က ဖြေရှင်းပေးနိုင်ခြင်း မရှိပါဘူး။ "

တနင်္သာရီတိုင်း မြိတ်မြို့ မြင်းခြံရပ်ကွက်မှာဆိုရင်လဲ ရပ်ကွက်တခုထဲမှာတင် လူ ၇၀၀ ကျော် မဲစာရင်းထဲ အပိုပါနေတယ်လို့ တနင်္သာရီတိုင်း မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ရီရီချိုက ပြောပါတယ်။

" အမှတ်(၁) နယ်မြေ မြင်းခြံရပ်ကွက်မှာတော့ တော်တော်လေးကို ပိုနေတာ တွေ့ သွားရပြီ။ လူ ၇စ၀ ကျော်လောက် ပိုတယ်လို့ပြောတယ်။ အခု ကျမတို့တွေက ရပ်ကွက်တိုင်းကို လှုံ့ဆော်စာ ပို့ပြီ။ ကျမတို့ မဲစာရင်းမတိုက်ရသေးဘူး။ ရွေးကော်ကို သွားပြောနေတယ် ခရိုင်ရွေးကော်ကို။ အဲ့တာကို သူတို့က ကျမတို့ကို ၂ရက်နေ့မှ ထုတ်ပေးမယ်ပြောနေတယ်။ ရပ်ကွက်မဲစာရင်းကိုတော့ ထုတ်ပေး လိုက်ပြီပြောတယ်။ ဒါပေမဲ့ မြင်းခြံရပ်ကွက်ကတော့ မဲစာရင်းတွေ ပိုနေတယ်။ ကျမတို့ အခုရပ်ကျေးတိုင်းကို စာပို့ပြီးတော့ ဆင်းနေကြပြီ။"

မဲစာရင်းထဲ လူပိုပါနေတာကို စိစစ်ပြီးတင်ပြနိုင်မယ် ဆိုရင် ရွေးကောက်ပွဲနေ့ မတိုင်ခင် ပြန်လည်ပြင်ဆင် ပေးသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောကြောင်း ဦးရွှေလှက ပြောပါတယ်။

"မဲစာရင်းနဲ့ပတ်သက်လို့ သူတို့ကပြောတာတော့ မြို့ကွက်သစ်တွေ ရိုက်တုန်းက ပုံစံ(၆)နဲ့ ရိုက်ပြီး အရင်တုန်းက အိမ်ထောင်စုစာရင်းတွေ ဝင်ထားပြီး လူတွေက တခြားတနယ်တကျေးပြောင်းသွားပြီး အိမ်ထောင်စုစာရင်းကျတော့ မပြောင်းဘူး ကျန်နေတဲ့သဘောမျိုး ပြောပါတယ်။ တကယ်လို့သာ အထောက်အထား တိတိကျကျနဲ့ ပိုလျံနေတာကို တင်ပြနိုင်ရင်တော့ နောက်ဆုံး မဲစာရင်းစစ်ဆေးတဲ့ အထိအောင် ပယ်ဖျက်ပေးမယ်လို့ ပြောပါတယ်"

အခုလို မဲစာရင်း မမှန်မကန်တာတွေ များနေရင် ရွေးကောက်ပွဲမှာ မမျှတတာတွေ ရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ရီရီချို က ထောက်ပြ ပါတယ်။

"မဲစာရင်းကိုယ်တိုင်က မှန်မှန်ကန်ကန်ရှိမှပဲ သမာသမတ်ပိုကျမှာပေါ့။ မဲစာရင်း ပိုနေတယ်ဆိုတာ အကြိမ်က မနည်းတော့ဘူးလေ။ တတိယအကြိမ်ပဲ။ ဒီတခါ အတည်ပဲ ယူရတော့မယ့် စာရင်းဖြစ်ပါတယ်။ မဲစာရင်းပိုနေတဲ့ဆိုတဲ့ ဥစ္စာက ကျမတို့အတွက် ထိခိုက်နစ်နာမှု ရှိနိုင်တယ်။ အဲ့တာ မမျှတဘူးလို့ပဲ ပြောရမယ်။"

နိုဝင်ဘာ ၈-ရက် ရွေးကောက်ပွဲနေ့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်အတွက် မဲရုံကိုယ်စားလှယ်တဦးနဲ့ အကူကိုယ်စားလှယ် တဦး စုစုပေါင်း ၂ဦးသာ မဲရုံးမှာ လာရောက်စောင့်ကြည့်ခွင့် ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် က ကြေညာချက် ထုတ်ပြန်ထားပေမယ့် လောလောဆယ် မန္တလေးမှာတော့ မဲရုံစောင့်ကြည့်ဖို့ ကိုယ်စားလှယ် တဦးစီသာ ခွင့်ပြုမယ်ဆိုပြီး မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်က နှုတ်မိန့်နဲ့ ပြောဆိုလာတဲ့အပေါ် မန္တလေးတိုင်းမှာ ရှိတဲ့ NLD ပါတီနဲ့ အခြားပါတီတွေကပါ ကန့်ကွက်ထားကြောင်း ဦးရွှေလှက ပြောပါတယ်။

"မဲပေးမယ့်နေ့မယ် ကျနော်တို့က မနက် ငါးနာရီ လောက်ကနေ မဲရေတွက်ပြီးလို့ မဲထုတ်တွေကို မြို့နယ် ကော်မရှင်ရုံး သယ်သွားပြီး နောက်ဆုံးပိတ် မဲစာရင်းတွေ အပြီးသတ် ပြုစုပြီးတဲ့အထိ ဆိုလို့ရှိရင် နာရီနှစ်ဆယ်လောက် မဲရုံကိုယ်စားလှယ်တွေက မဲလက်မှတ်တွေ ပို့တဲ့ မြို့နယ် ကော်မရှင် အထိအောင် လိုက်ပါဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီနှစ်ယောက်တည်းနဲ့ဆိုရင် ဘယ်လိုမှ သူတို့က မလုံလောက်ဘူးပေါ့။ မလုံလောက်တဲ့အပြင်ကိုမှ ဒီ မဲရေတွက်တဲ့အခါ ကြည့်ဖို့၊ မဲပေးတဲ့အခါ ကြည့်ဖို့ လက်မှတ်တွေ စစ်ဆေးဖို့ပဲ လူမလုံလောက်တဲ့ အတွက် စစ်ဆေးနိုင်ဖို့ အမှားအယွင်းဖြစ်သွားလို့ရှိရင် ကိုယ်စားလှယ်လောင်းတွေ အတွက်ရော ပါတီအတွက်ရော နစ်နာဆုံးရှုံးမှုတွေ အများကြီးပေါ်လာနိုင်တယ်။ တကယ်လို့သာ မမှန်မကန်ဆောင်ရွက်မှုတွေ၊ လွဲမှားမှုတွေ ကြီးကြီးကျယ်ကျယ်ဖြစ်သွားရင် ကိုယ်စားလှယ်လောင်းရှုံးသွားနိုင်တဲ့အတွက် တချို့မြို့နယ်တွေ က ခွင့်မပြုပဲ ကန့်သတ်ထားလို့ တိုင်းကော်မရှင်ကို ကျနော် တင်ပြပါတယ်။ "

မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းမှာလိုပဲ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလဲ မဲပိုစာရင်းတွေ ရှိကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။

XS
SM
MD
LG