သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အီသီယိုးပီးယား အစီအစဉ်


အီသီယိုးပီးယားဟာ အာဖရိကတိုက် အရှေ့ပိုင်းမှာတည်ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
အီသီယိုးပီးယားဟာ အာဖရိကတိုက် အရှေ့ပိုင်းမှာတည်ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
အီသီယိုးပီးယားနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင် နှစ်သိန်းကျော်ကို အစိုးရနဲ့ ကုလသမဂ္ဂပူးပေါင်းပြီး လေ့ကျင့် သင်တန်းပေးနေကြပါတယ်။ တိုင်းပြည်ရဲ့ အလျင်အမြန် တိုးတက်လာနေတဲ့ စီးပွားရေးအတွက် အားကောင်းတဲ့ ပုဂ္ဂလိကကဏ္ဍ လိုအပ်တယ်လို့ အစိုးရကရော ကုလသမဂ္ဂကပါ ယုံကြည်ကြတာပါ။ အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော် အက်ဒစ်စ် အဘာဘာကနေ ဗွီအိုအေသတင်းထောက် Martha Van Der Wolf ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြထားပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင် နှစ်သိန်းကို လေ့ကျင့်ပေးဖို့ သုံးနှစ်ကြာအစီအစဉ်တစ်ခုကို အီသီယိုးပီးယားအစိုးရနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP တို့ ပူးပေါင်းပြီး စတင်ခဲ့တာပါ။ ဒီလုပ်ငန်းရှင်အသစ်တွေ တည်ထောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အလုပ်အကိုင်အရေအတွက် ၁.၂ သန်းကျော်ကို ဖန်တီးနိုင်မယ့်အလားအလာရှိတယ်လို့ ပြောကြပါတယ်။
အီသီယိုးပီးယန်းနိုင်ငံသားတွေရဲ့ စိတ်သဘောထား ခံယူချက်တွေကို ပြောင်းပစ်ဖို့ လိုအပ်တယ်လို့ အီသီယိုးပီးယားအစိုးရရဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆောက်လုပ်ရေးဆိုင်ရာဝန်ကြီး မယ်ကူရီယာ ဟေးလ် (Mekuria Haile) ကပြောပါတယ်။ “အလုပ်ရှာပြီး အလုပ်သမားတွေဘဝနဲ့ ရှင်သန်မယ့်အစား တခြားလူတွေအတွက် အလုပ်အကိုင်တွေ ဖန်တည်းပေးနိုင်မယ့် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်သူတွေဖြစ်လာအောင်လုပ်ဖို့ သူတို့ရဲ့ အမြင်သဘောထားခံယူချက်တွေကို စိန်ခေါ်ဖို့ပါ။ နိုင်ငံရဲ့ စက်မှုကဏ္ဍပိုင်းဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အသွင်ကူးပြောင်းဖို့ရာ ကျောရိုးအုတ်မြစ်ဖြစ်လာစေမယ့် အလုပ်ဖြစ်ပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ လုပ်ငန်းတွေပေါ်လာဖို့ဖြစ်ပါတယ်။” လို့ ဝန်ကြီး မယ်ကူရီယာက ပြောပါတယ်။
ဦးတည်တာကတော့ အသစ်စထောင်တဲ့လုပ်ငန်းတွေနဲ့ အသေးစားနဲ့အလတ်စား လုပ်ငန်းတွေအားလုံးဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်ကို ဒေါက်တိုင်လေးခုပေါ်မှာ အခြေခံထားပါတယ်။ အဲဒါတွေကတော့ အဖွဲ့အစည်းပိုင်း ဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ဦး တီထွင်မှု ဖွံ့ဖြိုးရေးဆိုင်ရာ လေ့ကျင့်သင်ကြားရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ဆောင်ပိုင်းနဲ့ လက်တွဲလုပ်ဆောင်မှုအပိုင်းတွေ ဖြစ်ပါတယ်။
ဒီဒေါက်တိုင်လေးခုဟာ အီသီယိုးပီးယားက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးမယ်လို့ UNDP ရဲ့ အီသီယိုးပီးယားနိုင်ငံံဆိုင်ရာကိုယ်စားလှယ် ယူဂျင်းန် အိုဝူဆူ (Eugene Owusu) က ပြောပါတယ်။
“စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ဖွံ့ဖြိုးနိုင်ဖို့ရာ ပိုပြီး အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်မျိုးဖန်တီးဖို့ လုပ်စရာတွေ အများကြီး ရှိပါတယ်။ လုပ်စရာအများကြီးထဲမှာမှ ဗျူရိုကရက်တစ်ထိန်းချုပ်မှု ဝင်္ကပါတွေ၊ ချေးငွေရဖို့မလွယ်တာတွေ၊ သပွတ်အူလိုက်နေတဲ့ ထောက်ပံ့ပို့ဆောင်ရေးပိုင်းတွေဟာ ဦးစားပေးပြီးလုပ်ဖို့ လိုအပ်နေတာတွေပါ။” လို့ UNDP ကိုယ်စားလှယ် Owusu က ပြောပါ တယ်။
အီသီယိုးပီးယားဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအရ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပေမဲ့ UNDP ရဲ့ လူသား ဖွံ့ဖြိုး တိုးတက်မှုအညွှန်းကိန်း HDI မှာတော့ နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှာ အဆင့် ၁၇၄ ပဲရှိပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်း ၃၂% တိုးတက်ခဲ့ပေမဲ့ နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အဆင့် အောက်မှာ ရှိနေတုန်းပါပဲ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အီသီယိုးပီးယားရဲ့စီးပွားရေးဟာ ၁၀% အောက်မနည်း ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ အလယ်အလတ်တန်းဝင်ငွေရှိတဲ့ နိုင်ငံတစ်ခုဖြစ်လာစေဖို့ ရည်မှန်းချက်ကြီးမားလှတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အသွင်ကူးပြောင်းရေး ဆိုင်ရာ စီမံကိန်းကို ချမှတ် အကောင်အထည်ဖော်နေပါတယ်။
ရည်မှန်းထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုအများစုဟာ ပုဂ္ဂလိကကဏ္ဍပေါ်မှာ အခြေခံထားတာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ အလိုအရ ဒါဟာ ထိန်းသိမ်းထားဖို့ခက်ခဲတဲ့ ချဉ်းကပ်မှုတစ်ခုဖြစ်ပါတယ်။
အီသီယိုးပီးယားခေါင်းဆောင်တွေရဲ့အဆိုအရ အခုရည်ရွယ်ချက်ကတော့ နိုင်ငံမှာ ပုဂ္ဂလိကအခန်းကဏ္ဍ ပိုပြီးကြီးမားလာအောင် အားပေးဖို့ဖြစ်ပါတယ်။
သုံးနှစ်ကြာအစီအစဉ်သစ်ဟာ တိုင်းပြည်မှာ လုပ်ငန်းရှင်တွေ ပိုများလာဖို့သက်သက် လုပ်ငန်းအသစ်တွေကို ထူထောင်ဖို့ မဟုတ် ဘူးဆိုတာကို အီသီယိုးပီးယားဝန်ကြီးချုပ် ဟေလီမာရီယမ်မ် ဒီဆာလန်းဂ် (Hailemariam Desalegn) က ထောက်ပြပါတယ်။
“ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ လုပ်ငန်းတွေကို အလုပ်အကိုင်အခွင့်အလန်း ဖန်တီးရေးဆိုတဲ့ အချက်သက်သက်နဲ့ အစိုးရက ဆက်ထိန်းထားမှာမဟုတ်ပါဘူး။ အဲဒီလိုလုပ်တာဟာ တန်ပြန်သက်ရောက်မှု ဖြစ်စေလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”
အီသီယိုးပီးယားဟာ အာဖရိကတိုက်မှာ နိုင်ဂျီးရီးယားပြီးရင် ဒုတိယ လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လူဦးရေ အများစုဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်တာမို့ ငယ်ရွယ်တဲ့လုပ်သားတွေအတွက် အလုပ်အကိုင်သစ်တွေ ဖန်တည်းပေးရေး အထူးအရေးကြီးတယ်လို့ ဝန်ကြီးချုပ် ဟေလီမာရီယမ်မ် ဒီဆာလန်းဂ်က ပြောပါတယ်။
Hailemariam Act2: “ကျနော်တို့ရဲ့ ကြီးမားတဲ့လူဦးရေက ခွန်အားနဲ့တိုးတက်မှုတို့ရဲ့ အရင်းအမြစ်ဖြစ်နိုင်တာနဲ့အမျှ အားနည်း ချက်နဲ့ လူမှုဆိုင်ရာတင်းမာမှုတို့ရဲ့ အရင်းအမြစ်လည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့လူဦးရေရဲ့ ဒီ ကြီးမားတဲ့အစိတ်အပိုင်းအတွက် အလုပ်အကိုင်အခွင့်အလန်းတွေ မဖန်တည်းနိုင်ဘူးဆိုရင် အဲဒါတွေကို ရင်ဆိုင်ရမှာပါ။”
ဈေးကွက်ဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင် အာဇက်ဘ် အက်ဆီဖာ (Azeb Assefa) လို ပထမအသုတ်သင်တန်းသားတွေရဲ့ သင်တန်းဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင် အစီအစဉ်ကို တရားဝင် စတင်တဲ့နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ သူ့ရဲ့ အားနည်းချက် တွေကိုပြင်ဖို့ လေ့လာနိုင်တာနဲ့အမျှ သင်တန်းကြောင့် သူ့မှာတိုးတက်မှုရတယ်လို့ အာဇက်ဘ်က ပြောပါတယ်။
“ကျမက အဆက်အသွယ်ပိုင်း၊ စွန့်စားရတဲ့အပိုင်းနဲ့ ဇွဲရှိရှိနဲ့ လုပ်ရမယ့်အပိုင်းတွေမှာ အားနည်းတယ်လေ။ ဒါကြောင့် အဲဒီလိုအပိုင်းတွေမှာ တိုးတက်စေဖို့ ကျမတို့ကိုပေးတဲ့ နည်းလမ်းတွေက အထောက်အကူဖြစ်ပါတယ်ရှင်။”
အာဇက်ဘ်လိုမျိုး သင်တန်းတက်ပြီးသွားတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက တခြားလူတွေကို ပြန်ပြီး လေ့ကျင့်ပေးသွားနိုင်မယ် လို့ မျှော်လင့်ထားကြပါတယ်။
သင်တန်းရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၆ သန်းရှိပါတယ်။ အခုချိန်ထိတော့ UNDP က ဒေါ်လာ ၆ သန်းပဲ ချပေးထား ပါသေးတယ်။ နောက်ထပ်လိုတဲ့ငွေကို ဆက်ပြီးရှာသွားမယ်လို့ အီသီယိုးပီးယားအစိုးရနဲ့ UNDP တို့က ပြောထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG