သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီသီယိုးပီးယား လေယာဉ်ပျက်ကျ သေဆုံးသူတွေထဲ ကုလအမှုထမ်း ၂၁ ဦး ပါဝင်


အီသီယိုးပီးယား လေယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့ ကုလအမှုထမ်း တွေအတွက် ဝမ်းနည်းကြောင်း အလံတဝက်လွှင့်ထူ
အီသီယိုးပီးယား လေယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့ ကုလအမှုထမ်း တွေအတွက် ဝမ်းနည်းကြောင်း အလံတဝက်လွှင့်ထူ

တနင်္ဂနွေနေ့က Ethiopia လေကြောင်းခရီးစဉ် အမှတ် ၃၀၂ ဟာ Ethiopiaနိုင်ငံ Addis Ababa ကနေ ကင်ညာနိုင်ငံ Nirobi ကို စတင် ပျံသန်းစဉ်မှာပဲ ပျက်ကျသွားခဲ့ပြီး လိုက်ပါသွားတဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦးစလုံး အသက်ဆုံး ခဲ့ရပါတယ်။ အခုလို သေဆုံးရသူတွေထဲမှာ ကုလသမဂ္ဂ ဝန်ထမ်း အများအပြားလည်း ပါဝင်နေပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterrus က နယူးရောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ သေဆုံးသူအားလုံးအတွက် ဝမ်းနည်းစကား ပြောကြားခဲ့ပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် ပျက်ကျလေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းပါ Black Box ၂ ခု စလုံးကိုတော့ တွေ့ရှိထားပြီ ဖြစ်ပါတယ်။ နောက်ဆုံး အခြေနေအပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

Ethiopia လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၃၀၂ မှာ ပျံသန်းတဲ့ ဘိုးရင်း 737 Max 8 လေယာဉ်ဟာ Ethiopiaမြို့တော် Addis Ababa ရဲ့ Bole နိုင်ငံတကာလေဆိပ်ကနေ စတင်ပျံသန်းပြီး ၆ မိနစ်အကြာမှာပဲ အဆက်အသွယ်ပြတ်သွားခဲ့ပြီး မြို့တော်ကနေ မိုင် ၄၀ လောက်အကွာက Bishoftu မြို့ကလေးနားမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ်ပျက်ကျရာမှာ သေဆုံးသွားသူတွေ အတွက် Ethiopia က အောက်မေ့ဘွယ်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီလေယာဉ်ဟာ ကင်ညာနိုင်ငံ Nirobi မြို့ကိုဦးတည်ပျံသန်းတာဖြစ်ပြီး အဲဒီမှာရှိတဲ့ ကုလသမဂ္ဂ သဘာဝဝန်းကျင် အစီအစဉ် UNEP ရဲ့ဌာနချုပ်မှာ ကျင်းပမယ့် နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်မယ့်ကုလသမဂ္ဂ ဝန်ထမ်းတွေလည်း လေယာဉ်ပေါ်မှာ လိုက်ပါသွားတာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျရာမှာ သေဆုံးရတဲ့ ကုလ သမဂ္ဂ ဝန်ထမ်းက အနည်းဆုံး ၂၁ ဦး ရှိတယ်လို့ နောက်ဆုံးရတဲ့ သတင်းတွေအရသိရကြောင်း နဲ့ သေဆုံးသူအားလုံးအတွက် ဝမ်းနည်း ကြေကွဲရပါကြောင်း နယူးရောက်က ကုလသမဂ္ဂရုံးချုပ်ရဲ့ တနင်္လာနေ့ အထွေထွေညီလာခံ စတင်ချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားခဲ့ပါတယ်။

“ကမ္ဘာတဝှမ်း ကြေကွဲမှုကြုံတွေ့ခဲ့ရသလို ကုလသမဂ္ဂကလည်း အထူးဝမ်းနည်းကြေကွဲ ရပါတယ်။ သေဆုံးသွားသူတွေအားလုံးရဲ့ မိသားစုဝင်တွေနဲ့ ချစ်မြတ်နိုးရသူတွေကိုရော၊ အီသီယိုးပီးယားပြည်သူနဲ့ အစိုးရအပြင် ဒီဖြစ်ရပ်နဲ့ ဆက်နွယ်နေသူအားလုံးအတွက်ပါ ထပ်တူ ကြေကွဲဝမ်းနည်းရ ပါကြောင်း ပြောပါရစေ။"

UNEA သဘာဝဝန်းကျင် နှစ်ပတ်လည် ညီလာခံကို Nirobi က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတာဖြစ်ပြီး ညီလာခံကို တက်ရောက်ဖို့ နိုင်ငံတကာက သဘာဝဝန်းကျင်ဆိုင်ရာ ဝန်ကြီးတွေ၊ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ကိုယ်စား လှယ်ပေါင်း ၅၀၀၀ ထက်မနည်း လာရောက် ကြတာပါ။ လေယာဉ်ပျက်ကျသွားတဲ့ အထဲမှာပါဝင်တဲ့ ကုလသမဂ္ဂ ဝန်ထမ်း ၂၀ ကျော်ထဲမှာ Nirobi ရုံးချုပ်မှာ တာဝန်ထမ်းဆောင်နေသူက ၆ ဦးပါဝင်ပါတယ်။

တနင်္လာနေ့က Nirobi ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂ အလံကို ထက်ဝက် လွှင့်ထူထားပြီး အစည်းအဝေး စတင်ချိန်မှာတော့ အစည်းဝေး တက်ရောက်လာသူတွေ က အက်သီယိုပီးယား လေကြောင်းလိုင်း ပျက်ကျပြီး သေဆုံးရမှုတွေအတွက် ခဏတာ ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြ ပါတယ်။

ညီလာခံမှာ ကုလသမဂ္ဂ Nirobi ရုံးချုပ် ယာယီ အကြီးအကဲ Maimunah Sharif က ဝမ်းနည်းစကားလည်း ပြောကြားခဲ့ပါတယ်။

“ဒီကြေကွဲဖွယ်ဖြစ်ရပ်အတွက်ရော ဒီဖြစ်ရပ်နဲ့အတူ ကွယ်လွန်ခဲ့သူတွေကိုပါ ကျမတို့ ဘယ်တော့မှ မမေ့ပါဘူး။ ကျမတို့ရဲ့ ရောင်းရင်းတွေဟာ သူတို့ဌာနေကနေ ဒီအဝေးကြီးကို လာပြီး ပိုနေချင်စရာကောင်းတဲ့ ကမ္ဘာကြီးဖြစ်အောင် ကြိုးစားချင်ကြတယ် ဆိုတာကိုလည်း အမြဲသတိရ နေကြပါစို့။"

ဒီလေယာဉ်ပေါ်မှာ နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံသားတွေလိုက်ပါလာတာ ဖြစ်ပြီး အဲဒီထဲမှာ ကင်ညာနိုင်ငံသား ၃၂ ယောက် လောက် ပါတယ်လို့ ကင်ညာ ကူးသန်းသွားလာရေးဝန်ကြီး James Macharia က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အခုအချိန်အထိ နိုင်ငံပေါင်းအနည်းဆုံး ၃၅ နိုင်ငံက၊ ၃၅ နိုင်ငံ ထက်မနည်းတဲ့ နိုင်ငံသားတွေ သေဆုံးခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ၂ ယောက်ကတော့ သေချာမခွဲခြားနိုင်သေးလို့ အနည်းဆုံး ၃၅ နိုင်ငံလို့ ပြောတာပါ။ အဲဒါကြောင့် ပါသွားတဲ့ခရီးသည်ပေါင်း ၁၄၉ ယောက်ထဲမှာ ကင်ညာနိုင်ငံက ၃၂ ယောက် လောက်ပါမယ်လို့ ခန့်မှန်းနိုင်ပါတယ်။"

ပျက်ကျ လေယာဉ်ပေါ်မှာ ကနေဒါနိုင်ငံသား ၁၈ ဦး၊ အီသီယိုပီးယားနိုင်ငံသား ၉ ဦး၊ အမေရိကန်၊ တရုတ်နဲ့ အီတလီက ၈ ဦးစီ၊ ပြင်သစ်နဲ့ ဗြိတိန်က ၇ ဦးစီ ပါဝင်သလို အီဂျစ်နိုင်ငံသား က ၆ ဦး ပါ ပါတယ်။ ဒါ့အပြင် Austria ၊ အိန္ဒိယ၊ အိုင်ယာလန်၊ အစ္စရေး၊ မော်ရိုကို၊ Netherlands၊ ရုရှား၊ ပိုလန်နဲ့ ဆွီဒင်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။

အခုပျက်ကျခဲ့တဲ့ ဘိုးရင်း 737 Max 8 လေယာဉ်ကို ၂၀၁၉ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကမှ ပထမဆုံး ထိမ်းသိမ်းရေးဆိုင်ရာ စစ်ဆေးခဲ့တာဖြစ်ပြီး လေယာဉ်ဟာ အသစ်ဖြစ်ကြောင်း လည်း ပြောပါတယ်။

အီသီယိုးပီးယား လေကြောင်းလိုင်းဟာ ကြီးမားတဲ့ လေကြောင်းလိုင်းတခုဖြစ်ပြီး ဘိုးရင်း 737 Max 8 အမျိုးအစား ဂျက်လေယာဉ် ၆ စင်းထဲက တစင်းပျက်ကျသွားတာ ဖြစ်ပါတယ်။ မနှစ်က အောက်တိုဘာလထဲမှာလည်း အင်ဒိုနီးရှားမှာ ပုံစံတူ အမျိုးအစားလေယာဉ် ဟာ ဂျာကာတာကနေ စတင်ပျံသန်းအပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဂျာဗားပင်လယ်ပြင်ထဲ ပျက်ကျသွားခဲ့တာကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ ၁၈၉ ယောက် စလုံး သေဆုံးခဲ့ရပါတယ်။ အခု အီသီယိုပီးယားက လေယာဉ်ပျက်ကျမှုနဲ့ အင်ဒိုနီးရှားမှာ လေယာဉ်ပျက်ကျမှုတို့ ဆက်နွယ်နေတဲ့ အထောက်အထားတော့ မရသေးပါဘူး။ လေယာဉ်ပျက်ကျမှုအတွက် ရှာဖွေထောက်လှမ်းနေသူတွေက လေယာဉ်ပျံသန်းမှု အခြေနေပြ Black Box ၂ ခုစလုံးကို ရထားပြီလို့ အီသီယိုပီးယား လေကြောင်းဌာနက ပြောပါတယ်။

ဘိုးရင်းကုမ္ပဏီက သူ့ရဲ့ 737 အမျိုးအစား ပုံစံသစ်ဟာ ဆီစားသက်သာပြီး ခေတ်မှီ နည်းပညာနဲ့ တည်ဆောက်ထားတယ်လို့ ကြေညာထားတာပါ။ လက်ရှိမှာ ကမ္ဘာတဝှမ်း ပျံသန်းနေတဲ့ 737 အမျိုးစား အစင်းရေက ၃၅၀ ကျော်ရှိနေပါတယ်။ အခု လေယာဉ်ပျက်ကျရာ နေရာကို ဘိုးရင်း ကုမ္ပဏီနဲ့ အမေရိကန် အမျိုးသားကူးသန်းသွားလာရေးနဲ့ လုံခြုံမှုရှိရေးဆိုင်ရာ ဘုတ်အဖွဲ့က အဖွဲ့ဝင်တွေကို စေလွှတ်ထားပြီး စုံစမ်းစစ်ဆေး နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG