သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MPC အပေါ် ယုံကြည်မှုမရှိကြောင်း ညီနောင်တိုင်းရင်းသား ပါတီများပြော

19 yaşlı, 70 kq çəkisi olan tısbağa Tokionun küçəsində

19 yaşlı, 70 kq çəkisi olan tısbağa Tokionun küçəsində

တိုင်းရင်းသားပါတီ ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အနေနဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာအပေါ် အယုံအကြည် မရှိကြောင်း ပြောဆိုလိုက်ပါတယ်။

NBF နဲ့ နယ်စပ်ဒေသအခြေစိုက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ စုစည်းထားတဲ့ နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ မနေ့က ရန်ကုန်မြို့မှာ တွေဆုံပြီး မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ပတ်သက်လို့ သူတို့အမြင်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတို့ဟာ ပြည်နယ်အဆင့်၊
ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲပြီး ယုံကြည်မှု တည်ဆောက်တာတွေကို အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ ကြားခံ ဆောင်ရွက်ပေးတာကတော့ မြန်မာ ငြိမ်ချမ်းရေးစင်တာပါ။ မြန်မာငြိမ်းချမ်းရေးစင်တာဟာ အစိုးရပိုင်းက တာဝန်ရှိသူ ဝန်ကြီးတွေ အပါအဝင် ပညာရှင်တွေနဲ့ စုစည်းထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

တိုင်းရင်သားပါတီ ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့်ကတော့ -

“ဒီဆွေးနွေးပွဲက တံခါးပိတ် ဆွေးနွေးပွဲပေါ့နော်။ ကျနော့်ကို ပထမဦးဆုံးအကြိမ် ဖိတ်ဖူးတယ်။ အဲ့ဒီအခါမှာ သူကတော့ တံခါးပိတ် ဆွေးနွေးပွဲဆိုတော့ လွတ်လွတ်လပ်လပ် မိမိရင်ထဲက အသံကို ဖွင့်ပြပေးပါဆိုတော့ ကျနော်လည်း တိုင်းရင်းသားပါတီအနေနဲ့ တက်ရောက်တယ်ပေါ့နော် ပထမဦးဆုံးအကြိမ်။ အဲ့ဒီမှာ ကျနော်ပြောလိုက်တာကတော့ ကျနော်ကတော့ အမှန်အတိုင်း ပြောလိုက်တယ်။ အဲ့ဒီတုန်းက ကျနော်ပြောခဲ့တာက MPC ဆိုတာ သမ္မတနဲ့ အစိုးရဘက်က အထူး လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းဖြစ်တယ်ပေါ့နော်။ ကျနော်တို့ တိုင်းရင်းသားတွေအတွက် လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်း မဟုတ်ဘူးလို့။ ကျနော်မြင်တယ်။ ဒါကြောင့်မို့လို့ MPC အပေါ်မှာ စဖွဲ့ကတည်းက ကျနော် MPC အပေါ်မှာ အယုံအကြည် မရှိဘူး။ ဒါကို ကျနော် အမှန်အတိုင်းပဲ ပြောတယ်ပေါ့နော်။ ပထမဦးဆုံး အစည်းအဝေးမှာ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျနော်တို့က ယုံကြည်မှုမရှိတဲ့ အနေအထားတော့ မဟုတ်တော့ဘူး။ ကျနော်တို့ စောင့်ကြည့်နေတယ်။ ငြိမ်းချမ်းရေးအတွက် လုပ်နေတယ်။ တိုင်းရင်းသားလက်နက်ကိုင် တွေရော၊ တိုင်းရင်းသားပါတီတွေရော ကျနော်တို့အားလုံးက ဒီ MPC အပေါ်မှာ အဓိက စောင့်ကြည့်နေပါတယ်။ ဒါကြောင့်မို့လို့ စိတ်ကောင်း၊ စေတနာကောင်း၊ စေတနာအမှန်နဲ့ လုပ်ဆောင်ပေးကြပါ။ ဒါဆိုရင် တကယ်တမ်း အားလုံးရဲ့ ယုံကြည်မှု ရလာနိုင်ပါတယ်။”

မြန်မာငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ စစ်အစိုးရလက်ထက်မှာတုန်းကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာပါ။ တိုင်းရင်သားတွေအပေါ်မှာ လုပ်ပိုင်ခွင့် အခွင့်အလန်းများ ပေးခဲ့ရာမှာလည်း ဥပဒေပြင်ပက အခွင့်အလန်းတွေထိ ပေးပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့တာလို့ တိုင်းရင်းသားတွေဘက်က ဆိုပါတယ်။ ဒီကနေ့ ကာလမှာတော့ မြန်မာငြိမ်းချမ်းရေးစင်တာကနေ ဦးဆောင်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကစပြီး တိုင်းရင်းသားတွေ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ လုပ်ခဲ့တာပါ။ ဒီအခါမှာလည်း လက်နက်ကိုင် တိုင်းရင်သားတွေကို နေထိုင်စရာနဲ့ ခရိုနီတွေကို ပေးနေသလို ပါမစ်တွေပေးပြီး စီးပွားရေး အခွင့်အလန်းတွေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီ အဖွဲ့တွေကတော့ သူတို့ရဲ့ အတွေ့အကြုံအရ အခွင့်အလန်းတွေဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပြီး ယုံကြည်မှု ပျက်ပြားစေတဲ့အထိ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“နိုင်ငံတော်အနေနဲ့ တတ်နိုင်သလောက် ပံ့ပိုးကူညီတဲ့အခါမှာ ဥပဒေဘောင်အတွင်းထက် ကျော်ပြီးတော့ ပိုပြီးတော့ လုပ်နိုင်တဲ့ တချို့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အဲ့ဒီအပေါ်မှာလည်း သူတို့ အပြစ်မယူခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးရချင်တဲ့ အစစ်အမှန်ဖြစ်တဲ့အတွက် ဒါတွေကို အစိုးရက ခွင့်လွှတ်ပေးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အမှန်တကယ်ကျတော့ ဒီလို မဟုတ်ဘူးဗျ။ ဘောင်ထက်ကျော်ပြီးတော့ လုပ်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို အမြဲတမ်း မှတ်ထားခဲ့တယ်။ Record အမြဲတမ်း တင်ထားခဲ့တယ်။ တင်ပြီးတော့ ရှုတ်ချချင်တဲ့အခါကျမှ အဲ့ဒီတုန်းက ဘယ်နေ့ ဘယ်ရက်မှာ ဘာလုပ်ခဲ့တယ်ဆိုပြီး အဲ့ဒီအပြစ်ကို ထောက်ပြီးတော့ လက်နက်ချမလား မချဘူးလား။ ဒီလိုဖြစ်လာတဲ့ဟာက ဒါ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဟုတ်ဘူးဆိုတာကို ကျနော်တို့ မနေ့က ဆွေးနွေးခဲ့ပါတယ်။ ယုံကြည်မှု တည်ဆောက်နေတဲ့အခါမှာ ဥပဒေမဲ့ အခွင့်အရေးမျိုးကို မဖြစ်သင့်ဘူး။”

မြန်မာငြိမ်းချမ်းရေးစင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကျော်ကို ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအထိရောက်အောင် လုပ်ဆောင်ခဲ့တာပါ။ နှစ်ဘက် ဆွေးနွေးပွဲတွေလည်း အများအပြားရှိခဲ့ပြီး နှစ်ဘက်နားလည်မှုတွေ အပြန်အလှန် ထားကြတယ်ဆိုတာကိုလည်း ဆွေးနွေးမှုတွေပြီးတိုင်း ထုတ်ဖော်ပြောဆိုလေ့ ရှိကြပါတယ်။

ဆွေးနွေးမှုတိုင်းမှာ တိုးတက်မှုတွေ အောင်မြင်မှုတွေ ရှိတယ်လို့ နှစ်ဘက်လုံးက ပြောဆိုနေကြတာပါ။ ဒါပေမဲ့လည်း နယ်မြေသတ်မှတ်ချက်မရှိတဲ့ ပြဿနာတွေနဲ့ပဲ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတချို့ ပြန်ဖြစ်နေကြတာတွေလည်း ရှိနေပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်နေတဲ့အပေါ်မှာလည်း တိုင်းရင်းသားပါတီတွေက အခုလို ရှုမြင်ပါတယ်။

“ကျနော့်အမြင်က တည့်တည့်ပြောမယ်ဆိုရင် လက်ရှိမှာ အောင်မြင်တယ်လို့ ပြောလို့ မရသေးပါဘူး။ အောင်မြင်တယ်ဆိုတာ ပြီးဆုံးတဲ့အထိ ရောက်မှ အောင်မြင်တယ်လို့ ပြောတာခင်ဗျ။ အခုက အပြီးဆုံးအထိ မရောက်သေးပါဘူး။ လမ်းခရီးမှာပဲ ရှိပါသေးတယ်။”

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ စုစည်းထားတဲ့ နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ကလည်း တိုင်းရင်းသားအရေး ကိစ္စတွေမှာ တိုင်းရင်းသားပါတီတွေရဲ့ သဘောထားတွေက ထပ်တူနီးပါး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ NCCT ကိုတော့ အပစ်အခပ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်လာစေဖို့ ကချင်ပြည်နယ် KIO ထိန်းချုပ်ရာနေရာဖြစ်တဲ့ လိုင်ဇာမှာလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေစုံတဲ့ ညီလာခံကနေ ဖွဲ့စည်းခဲ့တာပါ။

မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အကောင်းမြင်မှုတွေ တိုးတက်မှုတွေအဖြစ် တိုင်းရင်းသားတွေက ရှုမြင်မှုတွေလည်းရှိသလို၊ အတိတ်က အတွေ့အကြုံတွေကြောင့်တော့ သံသယနဲ့ စောင့်ကြည့်လေ့လာမှုတွေလည်း ရှိနေတယ်လို့ တိုင်းရင်းသားတွေဘက်က ပြောဆိုပါတယ်။
XS
SM
MD
LG