သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်ညီလာခံမှာ တိုင်းရင်းသားတွေ ဘုံသဘောတူညီမှု ရဖို့ မျှော်လင့်


လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

အနာဂတ်မှာ ဖယ်ဒရယ်ပြည်ထောင်စုကနေ ခွဲထွက်စရာမလိုတဲ့ အာမခံချက်မျိုး ၂၁ ရာစု ပင်လုံညီလာခံကနေ ရလာနိုင်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။ ဒီလနောက်ဆုံးပတ်ထဲ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပမယ့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ EAO ထိပ်သီးညီလာခံ မတိုင်ခင် အခုလို ပြောဆိုလိုက်ကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းအဝေးတရပ်ကို အခုလာမယ့် ဇူလိုင်လ ၂၆ ကနေ ၂၉ ရက်နေ့ထိ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပသွားဖို့ ရှိနေတာပါ။ အဲဒီညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဘုံသဘောတူညီချက်တရပ် ရရှိဖို့ မျှော်လင့်ထားကြောင်း မိုင်ဂျာယန်ညီလာခံ ကျင်းပရေးကော်မတီ ပြောခွင့်ရသူ ဒေါက်တာ နိုင်ရွှေသိန်းက ရှင်းပြပါတယ်။

“အဓိက ကတော့ နှစ်ချက်ရှိပါတယ်။ ကျနော်တို့ ဘုံနားလည်မှု ဘာတွေရှိလာနိုင်မလဲ ဆိုတာကို ဒါကို ရည်ရွယ်ပြီးတော့ လုပ်နေတာပါ။ ကျနော်တို့ လိုချင်နေတဲ့ အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံကို ဘယ်လိုတည်ဆောက်မှာလဲ၊ ဘယ်လို ဖယ်ဒရယ်မျိုးကို ကျနော်တို့ ယူမှာလဲ။ အဲဒီအပေါ်မှာ ကျနော်တို့ တဦးကိုတဦး နားလည်ချက်ရှိရှိနဲ့ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ပုံစံတွေကို ဒါကိုရည်ရွယ်ပြီးတော့ လုပ်နေ တာပါ”

လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းစေပြီး ဖယ်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ပေါက်လာရေး ရည်ရွယ်ထားတဲ့ NLD အစိုးရသစ်ဟာ ၂၁ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လကုန်ပိုင်းမှာ ကျင်းပနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ အဲဒီ ၂၁ ရာစု ပင်လုံညီလာခံကို ဘယ်လိုအခြေခံ သဘောထား ဘယ်လို အနှစ်သာရတွေနဲ့ အကောင်ထည်ဖော် လုပ်ဆောင်သွားမလဲဆိုတာ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဒေါက်တာနိုင်ရွှေသိန်းက ပြောပါတယ်။

“အဲဒီမှာ သူတို့ပြောနေတဲ့ ဒီ၂၁ ရာစု ပင်လုံဆိုတာက ကျနော်တို့ အခုထက်ထိကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မသိသေးဘူးခင်ဗျ။ ဒီ ၂၁ ပင်လုံဆိုတာက ဘာကိုဆိုလိုသလဲ၊ အခုဟာ သူတို့ဟာက ဟိုတိုင်းရင်းသားညီလာခံလား ဘာလားဆိုတဲ့ သဘောကလဲ။ အဲဒီအပေါ်မှာလည်း ကျနော်တို့က မရှင်းသေးဘူးလေ။ အဲဒါကြောင့်မို့ ဒီတိုင်းရင်းသားညီလာခံ ခေါ်လိုက်လို့ရှိရင် ကျနော်တု့ိ လက်နက်ကိုင်တွေ အားလုံး EAO Summit ပုံစံပေါ့။ အဲဒီမှာ ကျနော်တို့အဖြေတခုတော့ ထွက်လာမယ်လေ။ အဖြေတခုထွက်လာတယ် ဆိုလို့ရှိရင် အဲဒီ အဖြေပေါ်မှာပဲ ကျနော်တို့ ရှေ့လုပ်ငန်းစဉ်တွေကို သုံးသပ်လုပ်ကိုင်သွားမယ် ဆိုလို့ရှိရင်တော့ ပြေလည်သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”

တိုင်းရင်းလက်နက်ကိုင်အများစုရဲ့ စိုးရိမ်မှုကတော့ အနာဂတ်မှာ ဖယ်ဒရယ်ပြည်ထောင်စုမှာ သူတို့ တိုင်းရင်းသားတွေအတွက် အာမခံချက်ရှိတဲ့ အခွင့်အရေးတွေ ရရှိဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကို လုံး၀ မခွဲထွက်ဖို့အတွက်ကို စီစဉ်ထားမယ် အခွင့်အရေးတွေ ပေးထားမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ဘာလို့ ခွဲထွက်ရမှာလဲ၊ အတူတူပဲနေရမှာပေါ့။ လက်နက်ကိုင်ကတော့ ဒါက ဖယ်ဒရယ်နိုင်ငံ ဆိုကတည်းကိုက ဖယ်ဒရယ်တပ်မတော်တို့ ဖယ်ဒရယ် ဟိုဒင်းတို့ ဒါ ရှိလာမှာပဲ၊ ဒါဆိုလို့ရှိရင်တော့ ကျနော်တို့ဘာမှ ပြောစရာမလိုပါဘူး”

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ပုန်ကန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့ရှိပါတယ်။ အဲဒီ ၂၁ ဖွဲ့ထဲမှာ ၁၇ ဖွဲ့က ဦးသိန်းစိန်အစိုးရလက်ထက်မှာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးဖို့ ကြိုးစားခဲ့ပေမယ့် ၈ ဖွဲ့ထဲသာ လက်မှတ်ထိုးနိုင်ခဲ့ကြပါတယ်။ ဒီလကုန်ပိုင်းကျင်းပမယ့် မိုင်ဂျာယန်ညီလာခံမှာ လက်နက်ကိုင် ၂၁ ဖွဲ့လုံးကိုဖိတ်ထားပေမယ့် “ဝ” ၊ မိုင်းလား၊ ကိုးကန့် စတဲ့ တပ်ဖွဲ့တွေ လာတက်မယ် မတက်ဖူးဆိုတာ မသိရသေးဘူးလို့ ဒေါက်တာနိုင်ရွှေသိန်းက ပြောပါတယ်။

“ဖိတ်တာကတော့ ၂၁ ဖွဲ့စလုံးကို ဖိတ်ထားတယ်။ ဒါပေမယ့် ဘယ်အဖွဲ့က တက်မယ် မတက်ဘူးဆိုတာကတော့ အခုချိန်ထိတော့ အကြောင်းမပြန်သေးဘူး။ သေချာပေါက်ကတော့ ကျနော်တို့ NCAကို လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့ရယ်.. နောက် ကျနော်တို့ UNFC မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေရယ်၊ ဟိုဒင်းပဲ နည်းနည်းလေး မိုင်းလားရော ‘ဝ’ရော ကိုးကန့်တို့ပဲ သူတို့လာမလား မလာဘူးလား ဘာမှ အသံမကြားသေးဘူးလေ”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး NLD အစိုးရသစ်လက်ထက်မှာ ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ဖို့ တဖက်မှာကြိုးပမ်းနေပေမယ့် လက်တွေ့မြေပြင်မှာတော့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားနေတာ ကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရလာနိုင်မလားဆိုတာ နိုင်ငံရေးသုံးသပ်သူတွေကြား သံသယဝင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG