သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသ ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ (၁)


တောင်ကြီး ကြိုတင်မဲများ။ (ဓာတ်ပုံ-Ko Tue's fb)
တောင်ကြီး ကြိုတင်မဲများ။ (ဓာတ်ပုံ-Ko Tue's fb)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ပေးပို့လိုက်တဲ့ ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့က ဒီကနေ့ ကန့်ကွက်လိုက်ပါတယ်။ ဒီလို ကန့်ကွက်တာကတော့ ကြိုတင်မဲ အရေအတွက်များလွန်းတာနဲ့ ဒီမဲတွေအားလုံးက ပြည်ခိုင်ဖြိုးပါတီတခုတည်းကို ပေးတာဟာ သံသယရှိစရာဖြစ်တာကြောင့်လို့ ထုတ်ပြန်ထားပါတယ်။ လားရှိုးမြို့နယ်ရဲ့ ရွေးကောက်ပွဲရလဒ်အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲမဲရုံပိတ်သိမ်းပြီး ချိန်မဲရေတွက်ရာမှာအမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ NLD နဲ့ SNLD ပါတီတွေက မဲအသာစီးရရှိနေပြီး ကြိုတင်မဲတွေကို ထည့်သွင်းရေတွက်လိုက်ချိန်မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အသီးသီးမှာ မဲ ၂ ထောင်ကျော်လောက်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ NLD နဲ့ SNLD ပါတီက ကြိုတင်မဲနဲ့ပတ်သက်ပြီး ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

ဘာကြောင့် ကန့်ကွက်ရသလဲဆိုတာကို NLD ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်က အခုလို ပြောပါတယ်။

“ကျနော်တို့ကန့်ကွက်တာက ဒီကြိုတင်မဲတွေက လူ (၄) ထောင်ကို ထုတ်ပေးတယ်။ များလွန်းအားကြီးတယ်၊ လူ (၄) ထောင်ဆိုတာ။ နောက်တစ်ချက်က ဒီလိုထုတ်ပေးတဲ့ မဲဆန္ဒထည့်တဲ့သူတွေဟာ အမျိုးသားလွှတ်တော်မှာ အားလုံးက ၉၉ % က USDP ကိုပဲဖြည့်တယ်။ ပြည်သူ့လွှတ်တော်မှာလည်း ၉၉ % ကလည်း USDP ကိုပဲဖြစ်နေတယ်။ နောက်တစ်ခါ ပြည်နယ်လွှတ်တော်မှာလည်း USDP ကပဲ ထည့်တဲ့မဲဖြစ်နေတယ်။ ….ဆိုရင် ဒီလူတွေက USDP ကိုပဲ တညီတညွတ်တည်း မဲထည့်ခြင်းသည် တစုံတဦးရဲ့ influence ကြောင့်လား၊ သို့မဟုတ် သူတို့လက်နဲ့လုပ်တာမှ ဟုတ်ရဲ့လားဆိုတာ သံသယဖြစ်စရာ မကောင်းဘူးလား။ ”

NLD နဲ့ SNLD ပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ မဲစုစုပေါင်း ၁,၂၀၀၀ လောက်ရောက်ရှိလာကြောင်းဖော်ပြသလို ကြိုတင်မဲတွေ ရောက်ရှိလာချိန်ဟာ မဲရုံမပိတ်ခင်ဖြစ်တယ်လို့လည်း ပြောပါတယ်။

SNLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဝမ်းလှိုင်ခမ်းကလည်း ကြိုတင်မဲတွေ အခြေအနေကို အခုလို ပြောပါတယ်။

“မဲက မဲရုံမပိတ်ခင်ရောက်ပါတယ်။ ပြီးက အစုလိုက်အပြုံလိုက် ရောက်လာပါတယ်။ အမှန်တော့ တစ်ခုတည်းမဖြစ်သင့်ဘူး။ ရပ်ကွက်နယ်မြေတွေ လေးငါးခု တစ်သေတ္တာတည်းရောက်လာတာ။ နောက်ပြီးတော့ ကျနော်တို့ရပ်ကွက်တွေကို သွားမေးတယ်။ ပုံစံ (၁၅) ထုတ်ရမှာ၊ မဲပေးတဲ့နေရာမှာ။ ရပ်ကွက်ကော်မရှင်က မြင်တောင်မမြင်ဖူးပါဘူးခင်ဗျာ-တဲ့၊ ကျနော်တို့ကို အဲလိုပြောတယ်။ အဲလိုအချက်အလက်တွေရှိပါတယ်။ ဒါကို ကျနော်တို့က တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေချင်လို့ ကျနော်တို့က ဒီဟာကို ပူးပေါင်းပြီး တိုက်ခြင်းဖြစ်ပါတယ်။ ဒါတွေကို ပပျောက်အောင် လုပ်စေချင်တယ်။ ဒါ- အင်မတန်မှ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်ပေါ့နော်။”

လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ရွှေကတော့ ဒီကန့်ကွက်ချက်အပေါ်မှာ အခုလို ပြောပါတယ်။

“ကြိုတင်မဲက ၃,၈၄၆ မဲလေ။ ၁၁,၀၀၀ ဆိုတာက ၃ ထောင်ကျော်ကို သူတို့က ၃ နဲ့မြှောက်လိုက်တာကိုး။ လွှတ်တော်သုံးရပ်ဆိုတော့ ကြိုတင်မဲဆိုလို့ရှိရင် မြို့နယ်ကော်မရှင်ရုံးကို ဒါရိုက်ထုတ်ရပါတယ်။ မြို့နယ်ကော်မရှင်ရုံးက ဒါရိုက်ထုတ်ပေးတယ်၊ ပြီးတော့ကျတော့ ဆန္ဒပြုပြီးရင် မြို့နယ်ကော်မရှင်ရုံးမှာ ဒါရိုက်လာပြီးတော့ အိတ်ကို လုံခြုံစွာပိတ်ပြီးတော့ ပို့ရပါတယ်။ ကြိုတင်မဲက ကြံ့ခိုင်ရေးကတော့ ထောင်ဂဏန်းရတယ်။ ရတဲ့မဲအရေအတွက်နည်းလို့ အဲသလိုပေါင်းပြီးတော့ တင်ပြလိုက်တာဖြစ်ပါတယ်။”

လားရှိုးမြို့နယ်မှာ မဲဆန္ဒရှင်စုစုပေါင်း ၁ သိန်း၊ ၈ သောင်းလောက်ရှိပြီး လောလောဆယ် မဲရလဒ်စာရင်း ပြုစုနေဆဲဖြစ်တာကြောင့် မနက်ဖြန်လောက်မှ ကြေညာနိုင်မယ့်အခြေအနေရှိတာဖြစ်ပါတယ်။

အလားတူ ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်မြစ်ကြီးနား၊ ရှမ်းပြည်နယ် တောင်ကြီးနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့တွေမှာလည်း အငြင်းပွားမှုတွေ ဖြစ်ပွားနေပါတယ်။

ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်ထဲက ၇ မြို့နယ်ရဲ့ ရွေးကောက်ပွဲ ရလဒ်တွေကိုပဲ ဒီကနေ့ ကြေညာပေးနိုင်မှာဖြစ်တယ်လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။ တချို့မြို့နယ်တွေကတော့ သွားရေးလာရေး အခက်အခဲကြောင့် မဲပုံးတွေသယ်ယူဖို့ သီတင်းပတ်နဲ့ချီ အချိန်ယူရမှာဖြစ်ပြီး ဒီအတွက် တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ ကူညီပေးဖို့ တင်ပြထားတဲ့အကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်မှာ မနေ့ ရွေးကောက်ပွဲနေ့ညက လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့ ကြိုတင်မဲ ကိစ္စအပါအဝင် ရွေးကောက်ပွဲ အေးအေးချမ်းချမ်း ကျင်းပနိုင်ခဲ့တဲ့ အခြေအနေ အရပ်ရပ်ကို ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြီး ဖြေကြားခဲ့ပါတယ်။

please wait

No media source currently available

0:00 0:08:10 0:00
တိုက်ရိုက် လင့်ခ်

ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းခဲ့တာပါ။ ကချင်ပြည်နယ်တွင်းက မြို့နယ်ပေါင်း ၁၈ မြို့နယ်တို့မှာ မနေ့က ရွေးကောက်ပွဲတွေ အေးအေးချမ်းချမ်းကျင်းပနိုင်ခဲ့ပေမယ့် မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်၊ တနိုင်း၊ မိုးမောက်၊ မံစီနဲ့ ရွှေကူမြို့နယ်တို့က တချို့မဲဆန္ဒနယ်တွေမှာတော့ နယ်မြေအနေအထားကြောင့် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူးရှင်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲရလဒ်အခြေအနေ

ရခိုင်အမျိုးသားပါတီအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှု ၇၇ နေရာမှာ နောက်ဆုံးရရှိထားတဲ့ ၅၅ နေရာအထိ အနိုင်ရရှိနေတယ်လို့ ရန်ကုန်တိုင်းက ရခိုင်တိုင်းရင်းသားရေးဝန်ကြီးက ပြောပါတယ်။ ရခိုင်အမျိုးသားပါတီအနေနဲ့ကတော့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် အုပ်ချုပ်သူအပြောင်းအလဲမှာ အစိုးရသစ်နဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ခေါင်းဆောင် ဦးအေးသာအောင်က မင်းပြားမဲဆန္ဒနယ်ကနေဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားလွှတ်တော်က အပြတ်အသတ် အနိုင်ရပေမဲ့လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ သူဝင်ရောက်ယှဉ်ပြိုင်တဲ့ မာန်အောင်မဲဆန္ဒနယ်မှာတော့ ရှုံးနိမ့်သွားပါတယ်။

လက်ရှိ ဆန္ဒမဲရလဒ်တွေအရ အနိုင်ရနေတဲ့ ရန်ကုန်တိုင်းလက်ရှိ ရခိုင်တိုင်းရင်းသားရေးဝန်ကြီးဦးဇော်အေးမောင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံတဝှမ်း မဲရလဒ်တွေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ဖြေကြားပါတယ်။

please wait

No media source currently available

0:00 0:05:11 0:00
တိုက်ရိုက် လင့်ခ်

လက်ရှိ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးဇော်အေးမောင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံတဝှမ်း မဲရလဒ်တွေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ခဲ့ရတာဖြစ်ပါတယ်။

ချင်းပြည်နယ်ရွေးကောက်ပွဲအခြေအနေ

မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားက ပြည်နယ်တစ်ခုလို့ ဆိုလို့ရတဲ့ချင်းပြည်နယ်မှာ မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ဖလမ်းမြို့မှာ မဲလာပေးတဲ့လူတွေနည်းနေတယ်လို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ချင်းတိုးတက်ရေးပါတီရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ မနေ့က ဖလမ်းမြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့ ချင်းတိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး (၃) ကိုယ်တိုင်လည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ် ချယ်ရီ ဇဟောင်းကို ရှားဖောင်က အခုလို မေးမြန်းထားပါတယ်။

please wait

No media source currently available

0:00 0:02:46 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG