သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးမှု အခက်အခဲရင်ဆိုင်


ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးမှု စတင်တဲ့ အင်အားကြီး ပါတီတွေ အကြိတ်အနယ် မဲဆွယ်စည်းရုံး လှုပ်ရှားနေကြပြီ ဖြစ်ပေမဲ့ လူနည်းစု တိုင်းရင်းသား ပါတီတွေကတော့ မဲဆွယ်စည်းရုံးရေးကို ကျယ်ကျယ်ပြန့်ပြန့် မလှုပ်ရှားနိုင်ကြသေးပါဘူး။

ချင်းပြည်နယ်လို သဘာဝဘေး အန္တရာယ်ခံရတဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေသလို ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တွေက တချို့ပါတီငယ်တွေ အတွက်လည်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကြောင့် စည်းရုံးရေးကို ဇောင်းမပေးနိုင်သေးတဲ့ အခြေအနေတွေမှာ ရှိနေပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသား လူနည်းစုတွေကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့ရဲ့ သဘောထားအမြင်တွေကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်လိုက်တဲ့ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးမှု ပထမရက်မှာပဲ မြန်မာပြည် မြို့ကြီးတွေမှာ အင်အားကြီး နိုင်ငံရေး ပါတီကြီးတွေ အပြိုင်အဆိုင် မဲဆွယ်လှုပ်ရှားမှုတွေ စတင်လိုက်ကြပေမဲ့ တိုင်းရင်းသား လူနည်းစု ကိုယ်စားပြု ပါတီငယ်တွေအတွက်တော့ ဒီလို အခြေအနေမျိုး မရှိပါဘူး။ ချင်းပြည်နယ် တွန်းဇံနဲ့ တီးတိန် နောက် စစ်ကိုင်းတိုင်းတို့က လွှတ်တော်အမတ်နေရာ ၁၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးကျင်စွမ်မန်းကတော့ မဲဆွယ်ရေး အခက်အခဲကို အခုလို ပြောပါတယ်။

“အခက်အခဲကတော့ အဓိက လမ်းပန်းဆက်သွယ်ရေးမှာ အခက်အခဲရှိပါလိမ့်မယ်။ ချောင်းတွေအားလုံးက တံတားတွေက ပျက်သွားတော့လေ။ အထူးသဖြင့် ကျနော်တို့ ဒီ တီးတိန်ရဲ့အထက်ဆိုရင် ရှိသမျှ ချောင်းတွေက တံတားတွေက အကုန်လုံး ပျက်တဲ့အခါကျတော့ အခက်အခဲရှိပါတယ်။”

ရခိုင်ပြည်နယ်ထဲက ကမန်တိုင်းရင်းသားတို့ကို ကိုယ်စားပြုပြီး အမတ်နေရာ ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကမန်အမျိုးသား တိုးတက်ရေးပါတီ အကြီးအကဲ တဦးဖြစ်တဲ့ ဦးဇော်ဝင်းကတော့ တနိုင်ငံလုံး အတိုင်းအတာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီကြီးတွေရော ရခိုင်တိုင်းရင်းသား ကိုယ်စားပြု ယှဉ်ပြိုင်ကြမယ့် ပါတီတွေနဲ့ပါ ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ဘူးလို့ ပြောပါတယ်။

“သေချာတာကတော့ ကျနော်တို့ ကမန် တိုင်းရင်းသားများ ကိုယ့် ကမန်အမျိုးသားများ တိုးတက်ရေးပါတီကို သူတို့ကလွဲပြီး ကျန်တဲ့လူက မဲပေးဖို့ဆိုတာ ကျနော်တို့က ဒီလောက်ကြီးပေါ့ ခုနလို ကျနော်တို့အပေါ်မှာ သူတို့ရဲ့ အားကိုးမှုက တခြားပါတီတွေပေါ့နော် ဥပမာ - ရခိုင်ပြည်နယ်ထဲမှာဆိုရင် ရခိုင်တိုင်းရင်းသား ပါတီတွေရှိတယ်။ ရခိုင်တိုင်းရင်းသားများဟာ သူတို့ပါတီကို ကျော်ပြီး ကျနော်တို့ကို အားကိုးဖို့ မရှိဘူးလေ။”

ကမန်တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေးကို ဦးစားပေးမယ့် ကမန်အမျိုးသား တိုးတက်ရေးပါတီအနေနဲ့ မဲဆွယ်လှုပ်ရှားမှုတွေလည်း မလုပ်နိုင်ဘူးလို့ ဦးဇော်ဝင်းက ပြောပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ လော်ဝေါ် တိုင်းရင်းသားတို့ကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ မဲဆွယ်စည်းရုံးမှုတွေ စမယ်လို့ ပါတီ အကြီးအကဲတဦး ဖြစ်တဲ့ ဦးဒေါင်ခေါင်က ပြောပါတယ်။

“ပြင်တော့ပြင်ဆင်နေပြီ။ ဒါပေမဲ့ အစတော့ မသတ်သေးပါဘူး။ မနက်ဖြန် သန်ဘက်ခါကနေစဖို့ ဟုတ်တယ်။ ပြိုင်မှာက မြို့နယ်ပေါင်း ၆ မြို့နယ် ဟုတ်တယ်။ စွန်းလွန်မြို့နယ်၊ ဂျဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ် ကချင်ပြည်နယ်က ၄ မြို့နယ်၊ နောက်ပြီး ရှမ်းပြည်နယ်ကျတော့ လားရှိုးမြို့နယ်၊ ကွမ်လုံမြို့နယ် နှစ်မြို့နယ် ပေါင်းရင် ၆ မြို့နယ် ဟုတ်တယ်။”

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်၊ တာချီလိတ်၊ ကျိုင်းတုံမြို့နယ် အာခါ တိုင်းရင်းသားတို့ကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီကတော့ မဲဆွယ်စည်းရုံးမှုတွေ မစနိုင်သေးပေမဲ့ အာခါ တိုင်းရင်းသားတို့ရဲ့ အလုံးအရင်းနဲ့ ထောက်ခံမှုကို ရမယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း ပါတီရဲ့ အကြီးအကဲ ဦးအားလယ်က ပြောပါတယ်။

“ကျနော်ကတော့ ကျနော်တို့ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျနော်တို့ လူမျိုးအနေနဲ့က ရေးရာဝန်ကြီးမှာတော့ ကျနော်တို့ ပိုကောင်းမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ တိုင်းရင်းသားပါတီလေ။ ကိုယ့်လူမျိုး ကိုယ်စားပြုတဲ့ပါတီကိုး တခုပဲ ရှိတာကိုး။ မူဝါဒအနေနဲ့ကတော့ ကျနော်တို့ အမျိုးသားစုစည်းဖို့ပေါ့ နံပါတ်တစ်ကနော်။ စုစည်းပြီးတော့ နိုင်ငံတော်ဦးဆောင်မှုကို ခံယူပြီးတော့ အမျိုးသားကဏ္ဍကနေ ပါဝင်ဖို့ပေါ့နော်။”

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် တခုတည်းမှာပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်းတိုင်းရင်းသား အဖွဲ့ချုပ် ပါတီကတော့ မဲဆွယ်စည်းရုံးမှုတွေ စတင်နေပါပြီ။ ပါတီအကြီးအကဲ ဦးတင်အောင်ကျော်က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ အခုကတော့ စပြီး လှုပ်ရှားနေပြီပေ့ါနော်။ စီမံချက်တွေ ဘာတွေ ဆွဲပြီးတော့မှ ကော်မရှင်ကို စီမံချက်တွေ တင်ပြီးတော့မှ ကျနော်တို့ စပြီးတော့ ဆွေးနွေးတာတို့၊ ဟောပြောတာတို့၊ စည်းရုံးတာတို့ လုပ်နေပြီပေါ့။ ညောင်ရွှေမြို့နယ်ပါခင်ဗျ။ တခြားနေရာတွေမှာ ဝင်ပြိုင်ဖို့ကျတော့လည်း အစစအရာရာပေါ့နော် ကျနော်တို့ ပါတီလေးတွေ အနေနဲ့ကျတော့ အခက်အခဲလေးတွေ ရှိတာပေါ့နော်။ ငွေရေးကြေးရေးနဲ့ သွားရေးလာရေးကအစပေါ့နော်။ ”

တိုင်းရင်းသား မျိုးနွယ်စုတွေကို ကိုယ်စားပြုတဲ့ ပါတီငယ်တွေအနေနဲ့တော့ တနိုင်ငံလုံး အတိုင်းအတာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ပြီး မဲဆွယ်စည်းရုံးမှုကတော့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့လည်း တိုင်းရင်းမျိုးနွယ်စုတွေရဲ့ ထောက်ခံမှုကို အတိုင်းအတာ တခုအထိ ရမယ်လို့ ခန့်မှန်းထားကြပြီး အများစုကတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေကို အဓိကထား ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG