သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA အပစ်ရပ်စာချုပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ထိုးဖို့ ငြင်းဆို


(Credit: KIC)
(Credit: KIC)

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မြန်မာအစိုးရက မျှော်လင့် ထားတဲ့ NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ပြီးစီးခဲ့တဲ့ တိုင်းရင်းသား ထိပ်သီးညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့မှာ ၇ ဖွဲ့က လက်မှတ်ရေးထိုးဖို့ရှိပြီး၊ ၁၀ ဖွဲ့ကတော့ လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့တဲ့ အဖွဲ့ ၇ ဖွဲ့ထဲမှာ KNU ကရင်အမျိုးသားအစည်းအရုံးလည်း ပါဝင်ပါတယ်။ အခုလို လက်မှတ်ရေးထိုးမယ့် အဖွဲ့နဲ့ မထိုးမယ့် အဖွဲ့တွေကြား စိတ်ဝမ်းကွဲပြားနေမှု ရှိတယ်ဆိုတဲ့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ပတ်သက်လို့ KNU တွဲဘက် အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကို မရှားဖောင် က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို စဖြေခဲ့ပါတယ်။

“ထိခိုက်နိုင်တယ်လို့ရယ်လို့ မရှိဘူးလို့ ကျနော် အဲလိုမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲမှာကျတော့ ကျနော်တို့ရဲ့ ဒီရည်မှန်းချက်ခြင်း တူပေမဲ့လည်း သူ့ရဲ့ နည်းနာပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှုပိုင်းရာမှာကျတော့ အမြင်မတူတဲ့အပေါ်မှာ ဆိုလိုတာက နည်းနာခြင်းမတူတဲ့အပေါ်မှာ ကွဲတာထက်၊ ခွဲပြီးတော့ ကိုယ့်ရဲ့ရည်မှန်းချက်ကို ဒီလမ်းနဲ့ သွားကြမယ့်သဘော ဖြစ်နေတယ်။ ရည်မှန်းချက်ခြင်းတူတယ်။ ဒါပေမဲ့ နည်းနာပိုင်းမှာ မတူတဲ့အပိုင်းဖြစ်တဲ့အပေါ်မှာ ကျနော်တို့ ဘာမှ စည်းလုံးညီညွတ်မှု ထိခိုက်စရာတော့ မရှိဘူး။”

မေး - ဆိုတော့ အခုလောလောဆယ် ပါသွားတဲ့ အဖွဲ့တချို့ပေါ့နော် လက်မှတ်ရေးထိုးမယ့် အဖွဲ့ ၇ ဖွဲ့ တချို့ကတော့ မပါသေးဘူးလို့ ခုနတုန်းက ပဒိုစောကွယ်ထူးဝင်းအနေနဲ့ ပြောတာပေါ့နော်။ ဆိုတော့ အခု လက်မှတ်ရေးထိုးမယ်ဆိုလို့ရှိရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လို့ ဆိုနိုင်သလားရှင့်။

“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကတော့ စာချုပ်နာမည်ဖြစ်ပါတယ်။ ဒါက အဲဒီထဲမှာတော့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ ပါဝင်လာဖို့အတွက် စာချုပ်ထဲမှာလည်း ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါလာရမယ်ဆိုတဲ့ အခုက အစိုးရဘက်က သတ်မှတ်တဲ့ ခုနအနေအထားပေါ့လေ မတူတဲ့ ပါဝင်စရာမလိုဘူး။ လက်မှတ်ရေးထိုးတဲ့နေရာမှာ ဒါမှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တက်လို့ရတယ်ဆိုတဲ့ ဆိုလိုတဲ့နေရာမှာကျတော့ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းစီရဲ့ ဦးတည်ချက်ပေါ့လေ ကိုက ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ဖြစ်တယ်။ ဒါက ကျနော်တို့ နိုင်ငံရေးရည်မှန်းချက်၊ ကျနော်တို့ နိုင်ငံတော် ဖွဲ့စည်းပုံဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းဖို့ကို ကျနော်တို့က ဆောင်ရွက်ဖို့အတွက်ကျတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမှပဲ စာချုပ်ထဲမှာကလည်း ရေးထားတဲ့အပေါ်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပေါ်လာလို့ရှိရင်တော့ ကျနော်တို့ ဒါက နိုင်ငံရေးနည်းလမ်းအဖြစ် ကျနော်တို့ လိုချင်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံကို ရမယ်ဆိုတဲ့ နည်းလမ်းတွေ ရွေးချယ်တာကိုး”

မေး - လက်မှတ်ရေးထိုးပြီးသား အဖွဲ့တွေအနေနဲ့ KNU အပါအဝင်ပေါ့နော် ဒီလက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေကိုရော နည်းလမ်းတွေ ဘယ်လိုပုံစံမျိုးနဲ့ လက်တွဲပြီးတော့ ခေါ်ဆောင်သွားဖို့ ရှိလဲရှင့်။

“ကျနော်တို့ကတော့ မူလကတည်းကိုက ကျနော်တို့ အတူတူ လက်တွဲလုပ်လာခဲ့တာပဲ။ အနေအထားတခုမှာ ကျနော်တို့ရဲ့ လုပ်ဆောင်တဲ့ အနေအထားက မတူပေမဲ့ ရည်မှန်းချက် အတူတူပါပဲ။ ခုနက ကျနော်ပြောသလိုပါပဲ။ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ဆိုတာ အဖွဲ့အစည်း အကုန်လုံးက လက်ခံတယ်။ ဒါပေမဲ့ လက်မှတ်ရေးထိုးရမယ့် အချိန်ကာလကိုပဲ ကွာဟမှုရှိမယ်။ အချိန်ကာလဆိုတာက အကုန်လုံးပါရေးမူဆိုတဲ့အချက်က သွားပြီးတော့ ခံနေတဲ့အပေါ်မှာ ဒီ အကုန်လုံး ပါဝင်ရေးမူဆိုတာက အစိုးရရဲ့ သဘောထား ပြောင်းလဲမှုရှိလာမှ ဒါကို အစိုးရသဘောထား ပြောင်းလဲလာအောင် ကျနော်တို့ လုပ်ဆောင်နိုင်မှ နော် အခု လက်ရှိ အနေအထားကတော့ အဲဒီ အနေအထား မရှိသေးတဲ့အပေါ်မှာ တပြည်လုံး အပစ်အခတ်ရပ်စဲ သဘောတူစာချုပ်မှာ အကုန်လုံး လက်မှတ်ရေးထိုးနိုင်ဖို့ မဖြစ်သေးဘူး။”

မေး - လက်မှတ်ရေးထိုးမယ်ဆိုတဲ့အပေါ်မှာ အစိုးရရဲ့ သဘောထားအပေါ်မှာလည်း မူတည်တာပေါ့။ ဆိုတော့ အစိုးရသဘောထား ပြောင်းလဲလာအောင်ရော တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ ရှိသလဲရှင့်။

“စစ်တိုက်တယ်ဆိုတာက နှစ်ဘက်စလုံးအပေါ်မှာလည်း မူတည်တာကိုး။ လွန်ခဲ့တဲ့အချိန်တုန်းကလည်း အစိုးရက အမြင်မတူတဲ့အပေါ်မှာ နိုင်ငံရေးရည်မှန်းချက်၊ သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက် ပြည့်စုံဖို့အတွက် လက်နက်ကိုင်နည်းနဲ့ အကြမ်းဖက်နည်းနဲ့ ကျင့်သုံးတယ်၊ ဆောင်ရွက်တယ်၊ ကျနော်တို့ကလည်း ဒီလို ဆောင်ရွက်လာခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ဖြတ်သန်းတဲ့ နှစ်ပေါင်း ၆၀ ကျော် အတောအတွင်းမှာ ပြသနာကို လက်နက်ကိုင် ပဋိပက္ခနဲ့ ရှင်းလို့မရဘူး ဆိုတာကိုတော့ အကုန်လုံး သိကြတယ်။ ကျနော်တို့လည်း အတွေ့အကြုံအရ သိလာခဲ့တယ်။ အစိုးရကလည်း ဒါကို သိတဲ့အပေါ်မှာ ကျနော်တို့သုံးနေတဲ့ စကားလုံး - နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ရှင်းမယ်။ ဒါကို သဘောထားမတူတာတို့ကို အကြမ်းဖက်နည်းနဲ့ မသုံးဘဲနဲ့ လက်နက်ကိုင်နည်းနဲ့ မသုံးဘဲနဲ့ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးပြီးတော့ကာ ဘာဖြစ်သင့်သလဲ။ ဒါကို ကျနော်တို့ ဆွေးနွေးရမယ့် သဘောရှိတာကိုး။ အခုက အစိုးရသဘောထားတော့ သုံးဖွဲ့က အဓိက ကျန်တဲ့ သုံးဖွဲ့ပဲ။ သုံးဖွဲ့ကတော့ AA၊ ခုနက ကျနော်ပြောသလို၊ နောက် ကချင်ပြည်နယ်မှာ အခြေစိုက်တယ်၊ ဒုတိယကတော့ ပလောင်၊ အစိုးရဘက်ကလည်း သူ့အနေနဲ့ bilateral လုပ်ဖို့ ဆက်ဆောင်ရွက်မယ်ဆိုတဲ့ အနေအထား၊ တပြိုင်တည်းပါလာ အကုန်လုံးပါဝင်ရေးဆိုတာက တပြိုင်တည်း လက်မှတ်ရေးထိုးရမယ်ဆိုတဲ့ သဘော မဟုတ်ဘဲနဲ့ ဖြေးဖြေးချင်း၊ နို့မဟုတ်ရင်လည်း တဆင့်ချင်းတဆင့် သူ့နေရာနဲ့သူ သူ့အတိုင်းနဲ့သူ အချိန်ကာလထဲကို ပါလာဖို့တော့ ဆောင်ရွက်သွားမယ်။ တပြိုင်တည်း ပါမယ်ဆိုတာထက် တဆင့်ချင်း ပါလာရမယ့် အနေအထား အကုန်လုံး ပါနိုင်တဲ့ အနေအထားတွေ စပြီးတော့ အကုန်လုံး ပါလာနိုင်တဲ့ ရောက်သွားအောင်တော့ ကျနော်တို့ ကြိုးစားဆောင်ရွက်ရမှာပေါ့။”

မေး - နောက်တခုကလေ KNU အနေနဲ့ အခုလို လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ်မှာ တချို့ ဒီလိုမျိုး အပြင်မှာ ဝေဖန်ကြတာတွေကတော့ စီးပွားရေးအကျိုးအမြတ်ကြောင့်၊ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ကြောင့်လို့ လက်မှတ်ရေးထိုးတယ်လို့ ပြောကြတာပေါ့ရှင်။ ဆိုတော့ ဒီကိစ္စမှာရော KNU အနေနဲ့ ပဒိုစောကွယ်ထူးဝင်းတို့အနေနဲ့ ဘယ်လိုမျိုး ပြောချင်လဲရှင့်။

“ဒါ ကျနော်တို့ ပြောကြမှာပေါ့။ တချို့လူတွေကတော့ အဲဒါကတော့ အမှန် မသိဘူးလေ။ KNU ထဲမှာ ကျနော်တို့ တွေ့ရတဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေထဲမှာ သန်းကြွယ်သူဌေး တဦးမှ မတွေ့သေးဘူး။ နော် KNU ထဲမှာ ကြီးပွားချမ်းသာပြီးတော့ သူများတွေလို တိုက်ကြီးကားကြီးနဲ့ အကြီးကြီးနေတဲ့ ကရင်ခေါင်းဆောင် အခုထိတော့ ကျနော်တို့ မတွေ့သေးဘူး။ ရှိရင်လည်း ရှိမှာပေါ့။ ကျနော်မသိတာလည်း ဖြစ်မှာပေါ့နော်။”

မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ သဘောတူခဲ့တဲ့ အဖွဲ့ ၇ ဖွဲ့ထဲမှာ KNU ကရင်အမျိုးသားအစည်းအရုံး၊ DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်၊ KPC ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ချင်းအမျိုးသားတပ်ဦး CNF တို့ ဖြစ်ကြပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အဖွဲ့ ၁၀ ဖွဲ့ထဲမှာတော့ - KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA စတဲ့ အဖွဲ့တွေ ပါဝင်ကြပါတယ်။

XS
SM
MD
LG