သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ မျှော်လင့်ချက်


မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လုပ်မယ်ဆိုရင် လက်ရှိအာဏာရပါတီ NLD အနေနဲ့ အခြေခံ အချက်သုံးချက်ကို အရင်ဆုံး ပြင်ဆင်နိုင်အောင် ကြိုးစားသင့်တယ်လို့ နိုင်ငံရေး ပါတီ တချို့နဲ့ နိုင်ငံရေးလေ့လာသူတွေက အကြံပြု ကြပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၀ နိုင်ငံရေးအခင်းအကျင်းမတိုင်ခင် အခြေခံဥပဒေကိုပြင်နိုင်အောင် ကြိုးစားရမယ်လို့လည်း ပြောကြပါတယ်။ မကြာသေးခင်က ချင်းပြည်နယ်ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ပြောပြီးတဲ့နောက် အခုလို အကြံပြုကြတာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။

ချင်းပြည်နယ်ခရီးစဉ်အတွင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်း ပုံ ပြင်ဆင်ရေးနဲ့ ပတ်သက် ပြီး ကြိုးစား လုပ်ဆောင်မယ်လို့ပြောပေမယ့် တကယ်တမ်း လုပ်သင့်တဲ့အခြေခံအချက်တွေကို လုပ်ဆောင်တာ မျိုး မရှိဘူးလို့ နိုင်ငံရေးပါတီတွေက ထောက်ပြကြတာပါ။ ပြည်သူရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ရုပ် သိမ်းနိုင်ခွင့်၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာ ပြည်သူ့ဆန္ဒ ကောက်ယူနိုင်ခွင့်၊ ပြည်နယ် နဲ့တိုင်း လွှတ်တော်တွေမှာ မဲအများဆုံးနိုင်တဲ့ပါတီက ဝန်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ်နိုင် ခွင့် ဆိုတဲ့ အချက်တွေကို ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အရင်ဆုံးစဉ်းစားသင့်တယ်လို့ နိုင်ငံရေး ပါတီတွေက မြင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ (က) မှာ "လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း" ဆိုတဲ့ အခန်းကို ထည့်သွင်းထားပေမယ့် လက်တွေ့အသုံးချမယ့် နည်းဥပဒေမရှိတာကြောင့် တကယ်တမ်း လွှတ်တော်ကိုယ်စားလှယ် တယောက်ကို တာဝန်က ရုပ်သိမ်းဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး။ အဲဒီအပိုင်းမှာ လွှတ်တော်က ဆောင် ရွက်တာ ရပ်တန့်နေသလို တချို့ ဥပဒေတွေကို လူထုထောက်ခံမှု ရာခိုင်နှုန်း အတိအကျနဲ့ ဆန္ဒခံယူပြီးဆောင်ရွက်နိုင်အောင် ပြဋ္ဌာန်းဖို့လိုကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လ ကပြောပါတယ်။

“ပြည်ထောင်စုမှာ NLD ကအများစုအနိုင်ရလို့ ၆၈% ရလို့ဖွဲ့ပြီးဆိုရင် ပြည်နယ်မှာလည်း အများစုပေါ့နော် ဥပမာ USDP (ပြည်ခိုင်ဖြိုးပါတီ) အများစုဆိုရင် ပြည်နယ်အစိုးရကို USDP ဖွဲ့ပလေ့စေလေ။ မပြည့်မီဘူးဆိုရင် အဲဒီမှာ collateral government ဖြစ်တာပေါ့ နော်၊ ညွန့်ပေါင်းပြည်နယ် အစိုးရဖြစ်လာမယ်။ အဲဒီပုံစံသွားမှ ကျနော်တို့က ပြေလည်မှာ conflict (သဘောထား ကွဲလွဲမှုတွေ) က။ ဒါမှမဟုတ်ရင် centralization ပဲသွားနေတာ ဗဟို ချုပ်ကိုင်မှုပဲ ပြေးနေတာလေ။ ရခိုင်မှာဆိုရင် ဦးညီပု NLD တယောက်၊ နှစ်ယောက် နိုင်ပြီး အများစုက (ရခိုင်အမျိုး သားပါတီ) ANP။ ဒါပေမယ့် ဦးညီပုကိုဝန်ကြီးချုပ်ခန့်ပြီး တိုက်ရိုက် control လုပ်တယ်။ ဒါတွေ ကျတော့ နည်းနည်း တမျိုးပေါ့နော့။ ၂၀၁၅ ဒီ အတိုင်းသွားပြီး ၂၀၂၀ ကျ မဖြစ်စေချင်ဘူး။ ဒီဘက်ကတော့ သက်တမ်းနုသေးလို့ အစိုးရ လုပ်ငန်းအကောင်အထည်ဖော်ဖို့ အဆင်ပြေချောမွေ့ဖို့ ဆောင်ရွက်တယ်ဆိုပေမယ့် ၂၀၂၀ ဆိုရင် ၅ နှစ်သက်တမ်းဖြတ်ခဲ့ပြီး ၂၀၂၀ မှာ ဒီဟာကိုဖြစ်စေချင်တယ်။ အဲဒီအတွက် ဒီ ၂၀၁၉ မှာ ကျနော်တို့ လုပ်ရတော့မယ်လေ။ ကျနော်တို့ အဲဒါလည်း လူထုက ထောက်ပြဖို့လိုတယ်။ လူထုက နေရာတကာ ခေါင်းညိတ်ဖို့ မလိုဘူး။”

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဖို့ခက်ခဲတဲ့အပိုင်းရှိသလို ပြင်ဆင်ဖို့လွယ်တဲ့အပိုင်းတွေရှိပြီး လက်ရှိအာဏာရပါတီ NLD အနေနဲ့ ပြင်ဆင့်သင့်တဲ့ အပိုင်းမှာ ကြန့်ကြာနေတာရှိသလို နိုင်ငံရေးအသိုင်းအဝန်းနဲ့ တိုင်ပင်ဆွေးနွေးတာ မျိုးလည်း မရှိကြောင်း ချင်းဒီမိုကရေစီ အဖွဲ့ချုပ် CLD ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာခ့် ကပြောပါတယ်။

“အုပ်ချုပ်ရေးတွေမှာ ဒီရွေးချယ်ခံတဲ့ ပုဂ္ဂိုလ်တွေက တာဝန်ယူဖို့၊ မြို့နယ်ကောင်စီတွေမှာ ဆို အဲဒါတွေက ပြင်မယ် ဆိုရင် ပိုပြီးလွယ်တဲ့အထဲမှာပါတယ်။ ဒါပေမယ့် ကျနော် အခုထိ သုံးသပ်ရသလောက် NLD ကိုယ်တိုင်က ကြိုးစားအားထုတ်မှု ဘယ်လောက်အထိ လုပ် သလဲဆိုတာကို ကျနော်တော့ မကြားသေးဘူး။ ဘယ် ပုဒ်မကို ပြင်ချင်ပါတယ် ဆိုပြီးတော့ မှ နိုင်ငံရေးပါတီတွေရော တခြားအနိုင်ရတဲ့ပါတီတွေရော၊ တိုင်းရင်းသားတွေရော၊ ခေါ်ယူ၊ ညှိနှိုင်းဆွေးနွေးတာလည်း မရှိသေးဘူး။ တပ်မတော်ခေါင်းဆောင်တွေနဲ့လည်း ညှိနှိုင်း တယ် ဆိုတာ ကျနော်တော့ မကြားသေးဘူးပေါ့။ ဆိုတော့ တပ်မတော် ခေါင်းဆောင်တွေ နဲ့ရော တခြား အနိုင်ရပါတီတွေနဲ့ရော ညှိနှိုင်းတိုင်ပင်မှု မရှိဘဲနဲ့တော့ NLD ရတဲ့ လွှတ်တော် အမတ်တည်းနဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာ မလုံလောက် ပါဘူး။ မလုံလောက်တဲ့အတွက်ကြောင့်ဒီဟာကတော့ ပြင်ဆင်ဖို့ ခက်ပါမယ်။ အခုထိ ကြိုးစားအားထုတ်မှုက မကြားရဘူး။ ဒါပေမယ့် ချင်းပြည်နယ် ခရီးစဉ်မှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောတာ တချက်ရှိတယ်။ အဲဒါဘာလဲဆိုတော့ သူကြိုးစားနေပါတယ် ဆိုတဲ့ ဟာကို ပြောတယ်။ ဘယ်လိုပုံစံကြိုးစားပြီးတော့ ဘယ်သူနဲ့ကြိုးစားပြီးတော့ ဘယ်သူနဲ့ တိုင်ပင်ထားသလဲ၊ ဘယ်အပိုဒ်တွေလဲ၊ ဘယ်ပုဒ်မတွေလဲဆိုတာတော့ ကျနော်တော့ မကြားသိရသေးဘူးပေါ့။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးနဲ့ ပတ်သက်ပြီး လူထုကိုပြောကြားတဲ့နေရာမှာ အမျိုးမျိုးကွဲလွဲ နေတဲ့ အကြောင်းကို နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ထောက်ပြထားပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ဟားခါးမှာ ပြော တာနဲ့ ထန်တလန်မှာ ပြောတာက နည်းနည်းကွဲလွဲနေတယ်လို့ မြင်တယ်။ အဲဒီတော့ ဟားခါးမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်နေတယ်၊ တဆင့်ပြီး တဆင့်လုပ်ရမယ်၊ ပြည်သူကိုချပြပြီးတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ လုပ်မယ်လို့ ပြောတယ်။ ဒါပေမယ့် ထန်တလန်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကနေ ရွေးချယ်တဲ့သူကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီး ချုပ် အဖြစ် ခန့်အပ်ဖို့ ဖွဲ့စည်းပုံပြင်ဖို့ လုပ်ဖို့ ကိစ္စနဲ့ပတ်သက်ပြီးတော့ မေးတဲ့အခါမှာတော့ သူက ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စဟာ လွှတ်တော်ရဲ့ကိစ္စဖြစ်တယ်၊ တပ်မတော်နဲ့လည်း မဆိုင်ဘူး၊ ပြည်ထောင်စုအစိုးရနဲ့လည်း မဆိုင်ဘူးဆိုပြီးတော့ သူပြန်ပြီးဖြေခဲ့တာကို တွေ့ခဲ့ ရတယ်။ အဲဒီတော့ ဆိုလိုချင်တဲ့သဘောက လက်ရှိအခြေအနေမှာ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ တိတိ ကျကျ အစီအစဉ်ဆွဲထားတာ လမ်းပြမြေပုံဆွဲထားတာ စီမံချက်ချပြီး ဆောင်ရွက်နေတာမျိုး ရှိရောရှိရဲ့လား လို့ မေးခွန်းထုတ်စရာရှိတယ်။”

လက်ရှိအစိုးရဟာတပ်မတော်နဲ့အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နေ တာမို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီအချက်တွေကို ပူးပေါင်းပြင်ဆင်နိုင်မယ်ဆိုရင် တိုင်းရင်းသားတွေအားလုံးကြားမှာ ယုံကြည်မှုကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG