အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ ပေါ်ပေါက်လာရင် နေ့စဉ်ထုတ် သတင်းစာတွေကို မြန်မာဘာသာနဲ့သာမက တိုင်းရင်းသားစာပေနဲ့ ပုံနှိပ်ထုတ်ဝေပြီး ကျေးလက်ဒေသအထိ ဖြန့်ချိနိုင်ရေးအတွက် ကူညီပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး က ဒီကနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စတင်ကျင်းပတဲ့ တိုင်းရင်းမီဒီယာညီလာခံမှာ ပြောဆိုလိုက်ပါတယ်။
တိုင်းရင်းသားမီဒီယာ အဖွဲ့တချို့ကတော့ ဒီလိုဆောင်ရွက်တာဟာ အစိုးရ၀ါဒ ဖြန့်ချိမှုအတွက် အသုံးပြုမှာကို စိုးရိမ်သလို၊ လွတ်လပ်တဲ့ ပုဂ္ဂလိက တိုင်းရင်းသတင်းမီဒီယာတွေ ထိခိုက်မှာကိုလည်း စိုးရိမ်နေပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော် က တောင်ကြီးမြို့ကနေ သတင်းပေးပို့ထားပါတယ်။
ပြည်တွင်းပြည်ပက တိုင်းရင်းသား သတင်းမီဒီယာ အဖွဲ့အစည်း အချင်းချင်းအကြား ကွန်ယက်တခု ဖွဲ့စည်းဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ မီဒီယာလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒုတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒီကနေ့ စတင်ပြီး ကျင်းပနေပါတယ်။
ဒီညီလာခံအဖွင့်မိန့်ခွန်းမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက တိုင်းရင်းသား ဘာသာစာပေနဲ့ ထုတ်ဝေဖြန့်ချိရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့် အစီအစဉ်ကို အခုလို ပြောကြားပါတယ်။
“တိုင်းရင်းသားလူမျိုးများနဲ့တကွ နိုင်ငံသားအားလုံးကို ကိုယ်စားပြုပြီး ပြောရေးဆိုခွင့်နည်းသူများ ပြောရေးဆိုခွင့် ပိုမို ရရှိရန်နဲ့ ပြည်သူလူထု သိရှိနိုင်ခွင့် ပိုမိုရရှိရေး ဦးတည်ချက်တို့ဖြင့် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေများကိုလည်း လွှတ်တော်သို့ တင်သွင်းထားပါတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာ ပေါ်ပေါက်လာတဲ့အခါမှာ နေ့စဉ်ထုတ် သတင်းစာများတွင် မြန်မာဘာသာဖြင့်သာမက တိုင်းရင်းသားများရဲ့ စာပေနဲ့ ပုံနှိပ်ထုတ်ဝေပြီး ကျေးလက်ဒေသအထိ ဖြန့်ချိနိုင်ရေးအတွက် အကူအညီ ပေးနိုင်ရန်လည်း မျှော်လင့်ထားရှိပါတယ်။”
ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးပိုက်ထွေးက အတိတ်ကာလက တိုင်းရင်းသားများနေထိုင်တဲ့ နယ်စပ်ဒေသတွေ အပါအ၀င် ကျေးလက်ဒေသတွေကို မီဒီယာ ပျံ့နှံ့ရောက်ရှိမှု အားနည်းတာကြောင့် မြို့ပြနဲ့ ကျေးလက် အသိပညာ ဗဟုသုတ ရှာမှီးနိုင်ဖို့ အခွင့်အလမ်း ကွာခြားခဲ့ကြောင်း၊ ဒါကြောင့် အစိုးရသစ်လက်ထက်မှာ သတင်းအချက်အလက်တွေ တနိုင်ငံလုံး မျှမျှတတ ရောက်ရှိစေဖို့ ဆောင်ရွက်ခဲ့ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အစိုးရက တိုင်းရင်းသား မီဒီယာလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လာမယ့် အပေါ်မှာတော့ စိုးရိမ်မှုတချို့ရှိကြောင်း မွန်သတင်းဌာနတခုဖြစ်တဲ့ လမ်းပြကြယ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် နိုင်ကဆော့မွန်က အခုလို ပြောပါတယ်။
“ပြည်သူ့အကျိုးပြုဆိုတဲ့ မီဒီယာလုပ်ငန်းအနေနဲ့ ဒါက အစိုးရရဲ့ ဘတ်ဂျက်ကို အသုံးပြုပြီးတော့ လုပ်မယ် ထားပါတော့နော်။ ဒါပေမဲ့ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် လုပ်မယ်ဆိုတာကိုတော့ ကျနော်တို့ မသိဘူး။ တကယ်လို့ ပုံစံဟောင်းအတိုင်းသာ သွားမယ်ဆိုရင် ကျနော်တို့မှာ စိုးရိမ်ချက်တော့ ရှိပါတယ်။ ပြည်သူလူထုတွေရဲ့ ဘဏ္ဍာငွေကို အသုံးပြုပြီးတော့ ဒီအစိုးရရဲ့ ၀ါဒဖြန့် လုပ်ငန်းတွေကိုပဲ လုပ်မယ်ဆိုရင် ဒါ အဆင်မပြေဘူး။ ဒါဟာ တကယ်တမ်း ပြည်သူ့ဘဏ္ဍာကိုသုံးပြီးတော့ ပြည်သူအကျိုးပြုလုပ်ငန်းအတွက် လုပ်တဲ့မီဒီယာ မဖြစ်လာဘူး။ အစိုးရ၀ါဒဖြန့်တဲ့ မီဒီယာလုပ်ငန်းပဲဖြစ်လာမယ်။ အဲ့ဒီအချိန်မှာပဲ ကျနော်တို့ ဒီလွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ သွားယှဉ်ပြိုင်မယ်ဆိုရင် ကျနော်တို့မှာ ဘာမှ အထောက်အပံ့ ဘတ်ဂျက် ဘက်ဂရောင်းက မရှိဘူး။ ဒါပေမဲ့ သူတို့ ဒီအစိုးရကလုပ်တဲ့ဥစ္စာ အစိုးရဘက်ဂရောင်းကနေပြီးတော့ နိုင်ငံတော်ဘတ်ဂျက်ကနေပြီးတော့ ဒါ လုပ်တာဖြစ်တယ်။ ဆိုတော့ ဒီ ကျနော့်စိုးရိမ်ချက်ကတော့ အဲ့ဒါကို လုပ်ရင်းနဲ့ တကယ့် လွတ်လပ်တဲ့ မီဒီယာလုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ လွှမ်းမိုးသွားမယ်။ အဲ့လို လွတ်လပ်တဲ့ မီဒီယာလုပ်ငန်းတွေလုပ်နေတဲ့ သတင်းဌာနတွေပျောက်သွားမှာ ကျနော် စိုးရိမ်ပါတယ်။”
လောလောဆယ်မှာ အစိုးရက တိုင်းရင်းသားဘာသာနဲ့ သတင်းဂျာနယ် ၉ စောင် ထုတ်ဝေခွင့်ပြုထားပြီး ဆက်လက် ထုတ်ဝေခွင့်ပြုဖို့ ရှိနေပါတယ်။ လွှတ်တော်မှာ တင်သွင်းထားတဲ့ ရုပ်သံထုတ်လွှင့်ခြင်း လုပ်ငန်းဥပဒေ အတည်ဖြစ်လာရင်လည်း community radio၊ FM၊ TV station တွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဒါမှမဟုတ် ပုဂ္ဂလိကအဖွဲ့တွေကို ခွင့်ပြုပေးသွားဖို့ ရှိနေပါတယ်။
မီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထည့်သွင်းဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ်အခြေစိုက် ရိုးမအလင်း လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ကတော့ တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးဖို့အတွက် လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ ကွန်ယက်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးစိုင်းဘိုဘိုက ပြောပါတယ်။
“နံပါတ်တစ်က ကျနော်တို့ ဒီမှာ journalist တွေ များများလိုပါတယ်။ ကျနော်တို့ ငွေရေး၊ ကြေးရေး ပံ့ပိုးမှုတွေလည်း များများ လိုအပ်တယ်။ နည်းပညာတွေလည်း လိုအပ်သေးတယ်။ အရေးအကြီးဆုံးကတော့ ကျနော်တို့ အဲ့ဒီမှာ ဥပဒေပြင်ဖို့ လိုအပ်တာပေါ့ဗျာ။ ကျနော်တို့ ဒီ 62S မှာ လုပ်ပိုင်ခွင့်တွေ ကန့်သတ်ထားတာ အများကြီးပဲလေ။ ၀န်ကြီးလည်းပြောပါတယ်။ သူတို့တော့ ဖြတ်သင့်တာတွေဖြတ်၊ လျှော့သင့်တာတွေလျှော့တယ်လို့ ပြောထားတယ်။ ဒါပေမဲ့ တကယ် ဘယ်လောက် ထွက်လာမလဲဆိုတာ ကျနော်တို့ အဲ့အပေါ်မှာ စောင့်ကြည့်ရဦးမယ်လေ။”
ဒီကနေ့ကျင်းပတဲ့ တိုင်းရင်းမီဒီယာညီလာခံကိုတော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်နဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ အပါအ၀င် ပြည်တွင်းပြည်ပ အခြေစိုက် မီဒီယာအဖွဲ့အစည်းတွေ သတင်းထောက်တွေနဲ့ မီဒီယာဖွံ့ဖြိုးရေးအတွက် အထောက်အကူပေးနေတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် အနည်းဆုံး ၃၀၀ ကျော်လောက် ပါဝင်တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းကတော့ ပထမဆုံးအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။