သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်တွင်း လွတ်လပ်စွာ သတင်းယူခွင့် မီဒီယာ ညီလာခံ တောင်းဆို


 စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံ
စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံ

NLD အစိုးရသစ်အနေနဲ့ ပြည်သူတွေရဲ့ သတင်းသိရှိပိုင်ခွင့်ကို မထိန်းချုပ်ဘဲ ပြည်နယ်နဲ့ တိုင်းလွှတ်တော်အားလုံးမှာ မီဒီယာတွေကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုဖို့ သုံးရက်တာပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကနေ တောင်းနေဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က နေစတင်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြည်တွင်း၊ ပြည်ပနဲ့ တိုင်းရင်းသတင်းမီဒီယာ အဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးကြတဲ့ စတုတ္ထ အ ကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံ နောက်ဆုံးနေ့မှာ အခုလိုတောင်းဆိုခဲ့တာပါ။ ညီလာခံမှာ ကိုယ်တိုင်သတင်းယူနေတဲ့ဗွီအိုအေ သတင်းထောက် မြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ အထောက်အကူ ပြုနိုင်ဖို့အတွက် NLD အစိုးရသစ်အနေနဲ့ ပြည်သူတွေရဲ့ သတင်းသိရှိပိုင်ခွင့်ကို မထိန်းချုပ်ဘဲ ပြည်နယ်နဲ့ တိုင်းလွှတ်တော်အားလုံးမှာ မီဒီယာတွေကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုဖို့ သုံးရက်တာပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကနေ တောင်းနေဆိုလိုက် ပါတယ်။

ဒါ့အပြင် မီဒီယာလုပ်ငန်းမှာလုပ်ကိုင်နေကြတဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်စွာ သတင်းရယူခွင့်အတွက် သတင်းမီဒီယာကောင်စီကနေ ဥပဒေအရ ကာကွယ်ပေးဖို့လည်းတောင်းဆိုပါတယ်။ ပြည်သူတွေက ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသစ်လက်ထက်မှာ မီဒီယာ အခန်းကဏ္ဍ ပိုမိုပွင့်လင်းလွတ်လပ်လာဖို့ မျှော်လင့်သလို သတင်းမီဒီယာ လွတ်လပ်ခွင့်တွေရှိလာတာနဲ့အမျှတိုင်းရင်းမီဒီယာတွေအနေနဲ့လည်း ရေရှည်ရပ်တည်နိုင်အောင်ကြိုးပမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒီညီလာခံကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဖေမြင့်က ပြောပါတယ်။

“အစိုးရသစ်က ဒီမိုကရေစီအင်အားစုပေါ့နော်။ လွှတ်တော်ထဲရောက်သွားတယ်။ အစိုးရအဖွဲ့လည်းဖွဲ့မယ်။ သူတို့က ဒီမိုကရက်တွေဖြစ်တယ်ဆိုတော့ စာနယ်ဇင်း လွတ်လပ်ခွင့်တို့၊ ကျန်တဲ့ ပြည်သူ့လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တို့ ဒါတွေ တန်ဖိုးထားတဲ့ အစိုးရအဖွဲ့အစည်းဖြစ်မှာပေါ့။ ကျနော်တို့ သတင်းမီဒီယာအပိုင်းကလည်း အရင်ကထက် ပိုပြီးရလာမယ်လို့ထင်တယ်။ လွှတ်တော်တွေမှာဆိုရင်လည်း မီဒီယာနဲ့ ပတ်သက်တဲ့ ရပိုင်ခွင့်တွေ ပြန်ပြီးတော့၊ ပိုပြီးတော့ လွတ်လပ်ခွင့်တွေ ရှိအောင်ပြုပြင်ဖို့၊ ပြင်ဆင်ဖို့ တချို့ဟာတွေ ဖျက်သိမ်းဖို့ စတာတွေ တိုးတက်မယ် လို့ထင်တယ်။”

လေးကြိမ်မြှောက်ရှိပြီဖြစ်တဲ့ တိုင်းရင်းမီဒီယာညီလာခံမှာ နှစ်စဉ် နှစ်တိုင်း ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိပါတယ်။ ဒါပေမယ့် ရန်ပုံငွေ မလုံလောက်မှုနဲ့ အစိုးရရဲ့ဥပဒေပိုင်းဆိုင်ရာ အကန့်အသတ်တွေကြောင့် ညီလာခံ ဆုံးဖြတ် ချက်တွေကို လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းမှာတော့ အားနည်းနေသေး တယ်လို့ ဟင်္သာသတင်းဌာနက ကို ဟင်္သာနီ က အခုလို ပြောပါတယ်။

“တည့်တည့်ပြောရမယ်ဆိုရင်တော့ သိပ်အားမရတဲ့အပိုင်းတွေရှိတာပေါ့။ အားမရတဲ့အပိုင်းဆိုတာက ကျနော်တို့ ညီလာခံ နှစ်တိုင်းနှစ်တိုင်းမှာ ကျနော်တို့ statement တွေထုတ်ပါတယ်။ ဒီ statement နောက်မှာ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင်လုပ်ပြီးတော့ follow up လိုက်လုပ်တဲ့ mechanism တွေအားနည်းတာတွေ့ရပါတယ်။ ဆိုတော့ တဘက်ကလည်း အားနည်းတယ်ဆိုတဲ့အပိုင်းမှာလည်း ၂ ပိုင်းရှိပါတယ်။ တပိုင်းကတော့ ဥပဒေရဲ့ ကန့်သတ်ချက်ကြောင့် ကျနော်တို့ အလုပ်လုပ်လို့မရတဲ့ အပိုင်းရှိပြီးတော့၊ တဘက်မှာလည်း funding တွေမရတဲ့အပိုင်းတွေရှိတယ်။ အဓိကတော့ ethnic media အများစုက နိုင်ငံတကာ အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရရတာဆိုတော့ တဘက်မှာ ပြဿနာတွေရှိတယ်။ တဘက်မှာ ကျတော့ အစိုးရရဲ့ ဥပဒေပိုင်း အကန့်အသတ်တွေပါတယ်။”

တိုင်းရင်းမီဒီယာညီလာခံကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေစတင်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီကနေ့အထိ ကျင်းပနေတာပါ။ တိုင်းရင်းမီဒီယာ တွေအပါအဝင် ပြည်တွင်းပြည်ပ၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေအများအပြား ဒီညီလာခံကို တက်ရောက်ဆွေးနွေး နေတာဖြစ်ပါတယ်။

“တိုင်းရင်းမီဒီယာများမှတဆင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆီသို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ BNI အဖွဲ့က ဦးစီးကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှာ အစိုးရသစ်နဲ့ မီဒီယာအခန်းကဏ္ဍ၊ တိုင်းရင်း မီဒီယာတွေရဲ့ အခင်းအကျင်းနဲ့ စိန်ခေါ်မူတွေ၊ တိုင်းရင်းသား ဒေသတွေက အမျိုးသမီး သတင်းထောက်တွေရဲ့ အခန်းကဏ္ဍစတဲ့ အကြောင်း အရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG