သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ NCA ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု။

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတကနေ ပေးပို့လာသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက် ပါတယ်။

ဒီ စာချုပ်မှာ ပါဝင် လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေကိုလည်း ဆက်လက်ပါဝင်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ အစိုးရဘက်က ပြောဆိုလိုက်ပါတယ်။ နောက် တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအောင်မြင်နိုင်မယ်လို့လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက ပြောဆို လိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခက ခုလိုပေးပို့ထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ကိုပြည်ထောင်စုလွှတ်တော်က ဒီကနေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြူနိုင်ခဲ့တဲ့ ဒီစာ ချုပ်အပေါ်မှာ စာချုပ်ခေါင်းစဉ်အတိုင်း လက်ရှိချိန်ထိ တနိုင်ငံလုံးမပါဝင်သေးတဲ့အပေါ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အပေါ်ကို လွှတ်တော် ကိုယ်စားလှယ်တွေကထောက်ပြဝေဖန် မှုတွေရှိခဲ့ပါတယ်။ ဒီအပေါ်မှာ အစိုးရဘက်က တာဝန်ရှိသူ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ စာချုပ်မှာ ပါဝင်လက်မှတ်မရေးထိုးနိုင်သေးတဲ့အဖွဲ့တွေကိုလည်းဆက်လက်ပါဝင်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။

“NCA မှာပါဝင်သော ရက်ပေါင်း ၆၀၊ ၉၀ ကန့်သတ်ချက်များသည် ပြီးစီးအောင်ဆောင်ရွက်ရန်အတွက်မဟုတ်ပါ။ စတင်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားခြင်းသာဖြစ်ပါတယ်။ NCA စတင် ညှိနှိုင်းခဲ့စဉ်ကတည်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်အရ NCA လက်မှတ်ရေးထိုးမှု ပြီးလျှင်ပြီးချင်း စတင်လုပ်ဆောင်စေလိုသည့်အတွက် အစိုးရအနေဖြင့် လိုက်လျှောဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ NCA စာချုပ်သည် ပြီးပြည့်စုံသော စာချုပ် ဖြစ်ချင်မှ ဖြစ်ပါမယ်။”

စာချုပ်ထဲမှာပါဝင်တဲ့ အချိန်သတ် မှတ်ထားချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြမှုနဲ့ပတ်သက်ပြီး ဦးအောင်မင်းက ခုလိုလွှတ်တော်မှာ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ချင်းပြည်နယ် ထန်တလန်မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတဲလမ်း က စာချုပ်နဲ့ပက်သတ်ပြီး ခုလိုထောက်ပြပြောဆိုခဲ့ပါတယ်။

“ရသင့်ရထိုက်သောအခွင့်အရေး ယဉ်ကျေးမှုစာပေများကို အငြင်းအခုံမရှိဘဲ ယခုသင့်တော်သည့်အချိန် အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ပါက လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင်များကလည်း ကြိုဆိုကြပြီး၊ လက်နက်ကိုင်စရာမရှိဘဲ ပါဝင်ကြမှာဖြစ်ပါတယ်။”

ကန်ပက်လက်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကတော့ ငြိမ်းချမ်းရေးရနိုင်ဖို့က ကိုယ်ကျိုးစီးပွားလျော့နိုင်မှ ရနိုင်မှာဖြစ်ကြောင်း ခုလို ထောက်ပြပြောဆိုခဲ့ပါတယ်။

“ကိုယ်ကျိုးစီးပွားစွန့်လွှတ်နိုင်ကြမှသာလျှင် ငြိမ်းချမ်းရေးရရှိမှာဖြစ်ကြောင်း မီးမောင်းထိုးတင်ပြလိုပါတယ်။ လူများစုဖြစ်တဲ့ နောင်တော်ကြီးသဖွယ်ဖြစ်တဲ့ ကျနော်တို့ ဗမာလူထု အကြီးအကဲများကလည်းပဲ သည်းခံခွင့်လွတ်ခြင်းများနှင့် ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နွေးထွေးတဲ့ အမိပြည်ထောင်စုရဲ့ ရင်ခွင်သို့ ကမ်းလင့်ကြိုဆိုသင့်ပြီဖြစ်ပါကြောင်း အကြံပြုတင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။”

လက်ရှိမှာ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)နဲ့ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA စတဲ့အဖွဲ့တွေနဲ့ မြန်မာအစိုးရတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကတော့ KNU ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ချင်းအမျိုးသား တပ်ဦး CNF ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ၊မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တို့ ဖြစ်ကြပါတယ်။

လက်မှတ်မထိုးတဲ့အဖွဲ့တွေကတော့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)နဲ့ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အဖွဲ့သုံးဖွဲ့အပြင် အဖွဲ့ ၁၀ဖွဲ့ကျော်လောက် ကဒီစာချုပ်ကို လက်မှတ်မထိုးနိုင်သေးပါဘူး။ ဒီ လက်မှတ်မ ထိုးနိုင်သေးတဲ့အဖွဲ့တွေထဲမှာအချို့ကတော့ သက်ဆိုင်ရာ ပြည်နယ်အဆင့်အထိ အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေလည်းပါဝင်ပါတယ်။

လက်ရှိမှာ အောက်တိုဘာလက တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုပြီးနောက် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ အစိုးရဘက်တို့တပ် နေရာချထားရေးအတွက် တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို နှစ်ဖက်ရေးဆွဲလျက်ရှိပါတယ်။ ဒီ့ပြင် အပစ်ရပ်စဲရေးစာချုပ်မှာပါဝင်တဲ့ အချက်တွေဖြစ်တဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲရန် ကော်မတီဖွဲ့ခြင်းနဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲခြင်းတို့ကို လုပ်ဆောင်နေပါတယ်။ ရေးဆွဲနေတဲ့ နိုင်ငံရေးမူဘောင် မူကြမ်းကိုလာမယ့် ဒီဇင်ဘာ ၂၄ ရက်မှာ ချပြမယ်လို့ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကြေညာ ထားပါတယ်။

XS
SM
MD
LG