သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မြန်မာအစိုးရ ထုတ်ပြန်


ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မြန်မာအစိုးရ ထုတ်ပြန်
ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မြန်မာအစိုးရ ထုတ်ပြန်

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်လို့ မြန်မာအစိုးရက တရားဝင် ကမ်းလှမ်းတာကို မြန်မာအစိုးရပိုင် သတင်းတွေမှာ ဒီကနေ့ညပဲ ကြေညာသွားပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ တဖွဲ့ချင်း တွေ့မယ့်အစား တိုင်းရင်းသား ပြဿနာတွေကို အားလုံး စုစည်း ဖြေရှင်းပေးဖို့ လိုလားနေတာပါ။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မတူကွဲပြားမှုတွေကို ဘေးဖယ်ပြီး အခြေခံ တူညီမှုတွေကို ရှာသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြန်လည်သင့်မြတ်ရေး မိန့်ခွန်း ပြောဆိုပြီး တရက်မှာပဲ အခုလို အစိုးရ သတင်းဌာနတွေကနေ တိုင်းရင်းသား လက်နက်ကိုင်တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းချက် တရားဝင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်က လက်မှတ်ထိုးထားပါတယ်။

ငြိမ်းချမ်းရေး ရယူလိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တဖွဲ့ချင်းအလိုက် ပထမဆုံးအဆင့် အနေနဲ့ ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ကြေညာထားပါတယ်။ ဒီကတဆင့်မှ အစိုးရဘက်က ဆွေးနွေးမယ့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်မယ်ဆိုပြီး ထုတ်ပြန်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးအေးမောင်ကတော့ တိုင်းရင်းသားအရေးကို အဓိက ဆုံးဖြတ်နိုင်သူတွေ ပါဝင်ပြီး တပြည်လုံး အတိုင်းအတာဆောင်တဲ့ ဆွေးနွေးမှုမျိုးကနေ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။

“ဒီဥစ္စာက သမ္မတကြီးရဲ့ မိန့်ခွန်းအပေါ်မှာ ထပ်ဆင့်ပြီး ညွှန်ကြားတယ်လို့ပဲ ထင်တယ်။ ကျနော်တို့ကတော့ နေရာဒေသ အကုန်လုံး ပါဝင်တဲ့၊ တိုင်းရင်းသားအားလုံး တပြေးညီ ဆွေးနွေးပွဲလေးတခု လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ တိုင်းရင်းသားဒေသ တခုချင်းကတော့ လိုလားမှု တူချင်မှ တူမယ်လေ။ ဒါပေမဲ့ ကျနော်ထင်တယ်၊ တိုင်းရင်းသား လက်နက်ကိုင် စတင် ပေါ်ပေါက်လာကတည်းက ဦးတည်ချက်များ တူကောင်း တူနိုင်ခဲ့မယ်။ အဲဒီတော့ ဒီပြဿနာကြီးကို ဖြေရှင်းဖို့အတွက်၊ ဒါ ကျနော့်အမြင် ပြောပြတာပါ၊ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ ပုဂ္ဂိုလ်က ပါဝင်မှပဲ၊ သို့မဟုတ် ဆုံးဖြတ်ချက် ပေးနိုင်တဲ့ အဖွဲ့တခုက ဦးဆောင်နိုင်မှပဲ ဒီဥစ္စာက ရှေ့ကို တဆင့် လှမ်းနိုင်မယ် ထင်တယ်။

“အဲတော့ တိုင်းရင်းသား ဒေသတခု ကိစ္စကို ဆွေးနွေးတဲ့ အခါမှာ တိုင်းရင်းသား အကုန်လုံး ပါဝင်တဲ့ Mission လိုဟာမျိုးပေါ့၊ ဆိုလိုတာက ဥပမာ မွန်နဲ့ ပတ်သက်တဲ့ဟာကို ရှမ်းလည်းပါမယ်၊ ကရင်လည်းပါမယ်၊ ကချင်လည်းပါမယ်၊ တိုင်းရင်းသားတွေလည်း ကိုးစားနိုင်တဲ့ပုဂ္ဂိုလ် ပါမယ်၊ အဲဒါမျိုးတွေနဲ့ ဆွေးနွေးကြမယ်ဆိုရင် ဒါ တိုင်းရင်းသား တခုတည်း Issue မဟုတ်တော့ဘူးလေ၊ တိုင်းရင်းသား အကုန်လုံးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရဲ့ ယူဆချက်လည်း ဖြစ်သွားမှာပေါ့။ ထဲထဲဝင်ဝင်လည်း ပိုရှိမယ်လို့ ထင်လို့ပါ။”

တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ တဖွဲ့ချင်း အစိုးရနဲ့ ဆွေးနွေးတာထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့ကို ကိုယ်စားပြုပြီး ဗဟိုအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးလိုကြပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ပြဿနာတွေကို ဖြေရှင်းတဲ့အခါ တနိုင်ငံလုံး ပြဿနာကိုပါ စုပြီး ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ အစိုးရအကြား သုံးပွင့်ဆိုင်သဘော ဆွေးနွေးလိုတယ်လို့ ပြောကြပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး ပြောခွင့်ရသူ ဗိုလ်မှူး စောလှငွေကတော့ ဆွေးနွေးပွဲအတွက် ကန့်သတ်မှုတွေ ရှိလာရင် လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီလိုမျိုး ဟိုအစိတ်အပိုင်း၊ ဒီအစိတ်အပိုင်း ခွဲပြီး ဆွေးနွေးတာမျိုး ဆိုရင်တော့ မလုပ်ပါဘူး။ ဥပမာအားဖြင့် ကျနော်တို့ဆိုရင် UNFC တွေ ဘာတွေ ကျနော်တို့ ထူထောင်ထားတဲ့အဖွဲ့ ရှိတယ်။ အဲဒါတွေ ကျနော်တို့ ဆွေးနွေးမယ်။ ဆွေးနွေးတဲ့အခါ ကျနော်တို့ ဗဟိုအစိုးရကိုပဲ တိုက်ရိုက် ဆွေးနွေးမယ်။

“ဆွေးနွေးတဲ့ နေရာမှာလည်း သူတို့ ပြောဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းကနေ စဉ်းစားပေးမယ် ဆိုတဲ့ဟာတွေ ကျနော်တို့ အဲဒါတွေ နားမလည်ပါဘူး။ ကျနော်တို့ကတော့ အဲဒါလည်း ကျနော်တို့ကို ဖြုတ်ထားတဲ့ဟာ ဖြစ်တယ်လို့ နားလည်ပြီး၊ ကျနော်တို့ အကျိုးစီးပွားနဲ့ မပတ်သက်ဘဲ၊ ကျနော်တို့ ဆန္ဒနဲ့ မပတ်သက်ဘဲ ဖြစ်လာတဲ့ ဖွဲ့စည်းပုံ ဖြစ်တဲ့အတွက်ကြောင့် အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့ လက်ခံမှာ မဟုတ်ပါဘူး။”

KNU အပါအဝင် မြန်မာတိုင်းရင်းသား လက်နက်ကိုင် အများစုဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဆိုတာကို ဖွဲ့ပြီး အဲဒီကောင်စီနဲ့ မြန်မာအစိုးရအကြား တိုက်ရိုက်ဆွေးနွေးပြီး ငြိမ်းချမ်းရေးစကား ပြောဆိုလိုတယ်ဆိုပြီး KIA ကလည်း ကမ်းလှမ်းထားတာပါ။ ဒီကောင်စီဟာ UWSA ဝပြည် သွေးစည်းရေးကလွဲပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စုစည်းထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရ ကမ်းလှမ်းချက်မှာတော့ တဖွဲ့ချင်း အနေနဲ့ ဆိုင်ရာပြည်နယ် အစိုးရကို ဆက်သွယ်ပါလို့ ပြောထားတော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လိုလားချက်နဲ့တော့ အနည်းငယ် ကွာဟနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG