သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ကခွဲထွက်ရေး ရှေ့ခရီး ဘယ်လဲ


Brexit ထောက်ခံဆန္ဒပြသူများ
Brexit ထောက်ခံဆန္ဒပြသူများ

ဗြိတိသျှဝန်ကြီးချုပ် Theresa May ဟာ ပါလီမန်မှာ အယုံအကြည်မရှိအဆို အတင်သွင်းခံခဲ့ရပေမယ့် အဆိုရှုံးနိမ့်ပြီး သူ့အစိုးရ ဆက်လက်ရှင်သန်နိုင်ခဲ့ပေမယ့် အီးယူဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်ရေးနဲ့ ပတ်သက်တဲ့ အရေးပေါ်ပြဿနာကိုတော့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

အီးယူကနေ ခွဲထွက်ရာမှာ အီးယူနဲ့ ဘာသဘောတူညီချက်မှ မရပဲ ဗြိတိန်ခွဲထွက်ရင် နိုင်ငံ့စီးပွါးရေး ကပ်ဆိုက်မယ့် အခြေနေ ဖြစ်လာနိုင်တာမို့ ဒါကို ဘယ်လိုရှောင်ရှားဖို့ လုပ်မယ်ဆိုတာကို အခုထိသဲသဲကွဲကွဲ မသိရသေးပေမယ့် နုတ်ထွက်ဖို့က ရက်ပေါင်း ၇၀ ကျော်လောက်ပဲ ကျန်တော့တာပါ။ လန်ဒန်က Henry Ridgwell ပေးပို့ထားတဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဗုဒ္ဓဟူးနေ့က ဝန်ကြီးချုပ် Theresa May ဟာ အယုံအကြည်မရှိအဆိုအတွက် မဲ ၁၉ မဲအသာရပြီး အနိုင်ရခဲ့တာပါ။ သူ့အစိုးရအဖွဲ့ ဆက်ပြီး ရှင်သန်နေနိုင်ခဲ့ပေမယ့် ရှေ့ဆက်ပြီး ကြုံရမယ့် ပြဿနာတွေက နေ့တခြားကြီးထွားလာမယ့် အရိပ်အခြေတွေ့နေရပါတယ်။

“အောက်လွှတ်တော်က ဒီအစိုးရအဖွဲ့ကို ယုံကြည်ကြောင်း ပြခဲ့ပါတယ်။ ကျမကလည်း ဗြိတိန်ခွဲထွက်ရေးနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်က ဘယ်အမတ်နဲ့မဆို လက်တွဲလုပ်ဖို့ အဆင်သင့်ပါ။”

အင်္ဂါနေ့တုန်းက လွှတ်တော်မှာ သူ့ရဲ့အဆို အကြီးအကျယ်ရှုံးနိမ့်ခဲ့ရပေမယ့် ဝန်ကြီးချုပ် May ကတော့ သူ့ရဲ့ ဗြိတိန်ခွဲထွက်ရေး ဆိုင်ရာ သဘောတူညီချက်ကို သူက ပြန်လုပ်ဆောင်ချင်နေတာပါ။ ဒါပေမယ့် ခွဲထွက်မယ့် ရက်က မတ်လ ၂၉ ရက်နေ့ ဖြစ်တဲ့အတွက် တကယ်လို့ အီးယူနဲ့ သဘောတူညီချက် တစုံတရာရသည်ဖြစ်စေ မရပဲဖြစ်စေ ဗြိတိန်ဟာ အီးယူကနေခွဲထွက်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်အစိုးရအတွက် နောက်အစီအစဉ် က ဘာပါလဲ။ ဥရောပဒေသ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဗဟိုဌာန CER က Ian Bond ကတော့

“နောက်အစီအစဉ်တခုက အရင်အစီအစဉ်ကို ပြန်လုပ်ဖို့ပါ။ ဒါပေမယ့် ဒါက သိပ်အန္တရာယ်များပါတယ်”

ဒါ့ကြောင့် လွှတ်တော်အမတ်တွေက သူတို့လုပ်ချင်တဲ့ ပုံစံတွေကို တင်ပြလာကြပါတယ်။ အလုပ်သမားပါတီက အမတ် ၇၀ ကျော်က နောက်ထပ် လူထုဆန္ဒခံယူဖို့ လုပ်ချင်ကြတာပါ။ နောက်အမတ်အုပ်စု တစုကတော့ အီးယူကနေ သဘောတူညီချက် တစုံတရာ မရပဲ ခွဲထွက်တာမျိုးကို ရှောင်ရှားနိုင်ဖို့ အစိုးရက ထိရောက်တဲ့ အာဏာဆုပ်ကိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဥရောပခေါင်းဆောင်တွေကလည်း ဗြိတိန်နိုင်ငံအနေနဲ့ အစီစဉ်တခု ချပြဖို့ ဗုဒ္ဓဟူးနေ့မှာပဲတောင်းးဆိုခဲ့တာပါ။ ဒီလို တောင်းဆိုတဲ့ ထဲမှာ ဂျာမဏီ ဝန်ကြီးချုပ် Angela Merkel လည်းပါပါတယ်။

“ဗြိတိန်နဲ့ ဥရောပတို့ကြား ညှိနှိုင်းဖို့ အချိန်အခုထိ ရှိနေပါသေးတယ်။ ဒါပေမယ့် ဥရောပကတော့ ဗြိတိန်ဝန်ကြီးချုပ် ဘာအဆိုပြုမယ် ဆိုတာကို ကြည့်ဖို့ စောင့်နေပါတယ်။”

အီးယူကလည်း တကယ်လို့ ဝန်ကြီးချုပ် May ရဲ့ အဆိုပြုချက်ထဲမှာ လွတ်လပ်စွာ သွားလာခွင့်တွေ အဆုံးသတ်ဖို့နဲ့ အီးယူရဲ့ အခွန်စံနစ်ထဲ ဆက်မပါဖို့ လိုမျိုး သူအလိုက်လျောနိုင်ဆုံးလို့ ပြောထားတဲ့ သူ့ရဲ့ တောင်းဆိုချက်တချို့ မပါခဲ့ရင်တော့ အီးယူက သဘောတူညီချက်ကို ပြောင်းလဲပေးနိုင်တယ်လို့ ပြောပါတယ်။ CER က Ian Bond ကတော့

“အီးယူအနေနဲ့ ဝန်ကြီးချုပ်ရဲ့ တောင်းဆိုချက်မှန်သမျှကို လိုက်လျောဖို့က သိပ်ကို ခက်ပါတယ်။ အီးယူက ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့လည်း ကိုက်အောင် တချိန်ထဲမှာပဲ ဝန်ကြီးချုပ်ဘက်က အလိုက်လျောနိုင်ဆုံးလို့ ပြောထားတာ တွေနဲ့လည်း ကိုက်အောင်လုပ်ဖို့ သိပ်ခက်နေတာပါ။ ဒါ့အပြင် ၂၇ နိုင်ငံပါတဲ့ အီးယူအဖွဲ့အေuနနဲ့လည်း သူတို့အဖွဲ့ထဲက ထွက်သွားမယ့်နိုင်ငံတနိုင်ငံအတွက် အကျိုးရှိအောင် သူတို့ရဲ့ ဥပဒေစည်းမျဉ်း တွေကို ပြောင်းမပစ်နိုင်ပါဘူး။ ”

ဝန်ကြီးချုပ် May ဟာ လာမယ့် သီတင်းပတ်အစောပိုင်းလောက်မှာ ဒုတိယအစီအစဉ်ကို ပါလီမန်မှာ ချပြရတော့မှာ ဖြစ်ပါတယ်။ အီးယူကနေ ဗြိတိန်ခွဲထွက်ဖို့ အချိန်နီးလာတာနဲ့ အမျှ ပြတ်သားတဲ့ နည်းလမ်းမရှိသေးတဲ့ ဗြိတိန်အတွက် ခွဲထွက်ရေးကိစ္စမှာ နက်ရှိုင်းတဲ့ပြဿနာနဲ့ ကြုံနေရတာဖြစ်ပါတယ်။

EU ကခွဲထွက်ရေး ရှေ့ခရီး ဘယ်လဲ
please wait

No media source currently available

0:00 0:04:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG