သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ကိုယ်စားလှယ်အဖွဲ့ ဒေါ်စုနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး


EU ကိုယ်စားလှယ်အဖွဲ့ ဒေါ်စုနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
EU ကိုယ်စားလှယ်အဖွဲ့ ဒေါ်စုနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

EU ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ အကြီးအကဲရဲ့ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ မစ္စတာ ရောဘတ် ကူးပါး (Robert Cooper) နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး ဒေးဗစ် လစ်ပ်မန် (David Lipman) နဲ့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့ ပါဝင်တဲ့ EU ကိုယ်စားလှယ် ၁၁ ဦးပါ အဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံ ဆွေးနွေးရတာဟာ အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ EU ကိုယ်စားလှယ် အဖွဲ့ဟာ ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

EU ဥရောပသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ ရောဘတ် ကူးပါးနဲ့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပီယာရို ဖက်ဆီနို ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ EU ကိုယ်စားလှယ် အဖွဲ့ဟာ ဒီနေ့ အင်္ဂါနေ့ညနေ ၆ နာရီကနေ တနာရီကြာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံတဲ့ ဆွေးနွေးပွဲကို အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲအဖြစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ပြောတာကတော့ သူ EU နဲ့ တွေ့တဲ့အခါမှာ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရရင်တော့ သူက ရင်းနှီး ပွင့်လင်းမှုရှိတယ်၊ မိတ်ဆွေရင်းချာတွေက ဒီလိုပဲ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြတယ်၊ ရိုးရိုးသားသား ဆွေးနွေးကြတယ်၊ အမှန်အတိုင်းပဲ သူ့ရင်ထဲမှာ ရှိတာတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲက အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲ တခုပါလို့ အဲဒီလို ပြောပါတယ်။

“EU နဲ့ ကျနော်တို့ NLD နဲ့ ဆက်ဆံရေးက မူလကတည်းက ကောင်းခဲ့တယ်။ ထပ်ပြီးတော့ ပိုပြီးတော့ နားလည်တာပေါ့ဗျာ။ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်ပြီးတော့ ကြိုးပမ်းသွားကြရမယ်လို့ ပြောပါတယ်။”

EU ကိုယ်စားလှယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဟံသာမြင့်တို့နဲ့ သီးခြား တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ ဒုတိယ ဥက္ကဋ္ဌကြီး ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ကျနော်၊ နောက် ဦးဝင်းမြင့်၊ ဒေါ်မေဝင်းမြင့်၊ စတဲ့သူတွေ ပါပါတယ်။ နောက် CRPP ခေါင်းဆောင်တွေကတော့ ဦးအေးသာအောင်၊ ဦးပူကျင့်ရှင်းထန်၊ ဦးစိုးဝင်းတို့ တက်ရောက်ပါတယ်။”

EU ကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်း ဖိအားပေးဖို့ အဓိက တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ပြီး အခိုင်အမာ ရပ်တည်ပြီး ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းနေပုံတွေကို ရှင်းပြပါတယ်။ နောက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့၊ ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဝိုင်းဝန်းပြီး တိုက်တွန်းသင့်တယ် ဆိုတဲ့အကြောင်း၊ အခုလောက် လွတ်မြောက်တာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ မဖြစ်စေနိုင်ဘူးပေါ့။ အဲဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ဖို့က အခြေခံအကျဆုံးအချက် ဖြစ်တယ်ဆိုတဲ့ အကြောင်း ထပ်ပြီး ရှင်းလင်းပါတယ်။

“တဆက်တည်းမှာပဲ တိုင်းရင်းသား ဒေသတွေမှာ အခုဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ဒေသခံ ပြည်သူတွေရော၊ ဒုက္ခသည်တွေ အခက်အခဲမျိုးစုံ တွေ့တာ ဖြစ်တဲ့အတွက်ကြောင့် ဒီစစ်မီးတောက်တွေကိုလည်း အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်တယ်လို့ ကျနော်တို့က သဘောထား ကြေညာထားပြီး ဖြစ်တဲ့အတိုင်း အဲဒီအတိုင်းပဲ ဆက်လက်ပြီးတော့ ကြိုးပမ်းဖို့ နိုင်ငံတကာကလည်း တိုက်တွန်းသင့်တယ် ဆိုတဲ့အကြောင်း အဲဒါတွေ ရှင်းပြပါတယ်။

“လက်ရှိ အစိုးရသစ် အနေနဲ့ကတော့ သူတို့လည်း ကောင်းဖို့လုပ်နေပါတယ်လို့တော့ ပြောဆိုနေတာပဲ။ သို့သော်လည်း လက်တွေ့ အလုပ်နဲ့ချိန်ပြီးတော့ လေ့လာသင့်တဲ့အကြောင်း ဒုတိယ ဥက္ကဋ္ဌကြီးက တင်ပြပါတယ်။”

EU ဥရောပသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ ရောဘတ် ကူးပါး ဦးဆောင်တဲ့ အဖွဲ့ဟာ တနင်္လာနေ့ကတော့ နေပြည်တော်မှာ ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပြင် ပြည်ထဲရေးနဲ့ အလုပ်သမား ဝန်ကြီးဌာနတွေက ဒု-ဝန်ကြီးတွေနဲ့ပါ တွေ့ဆုံပြီး မြန်မာနဲ့ EU အကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာတဲ့ နောက်ပိုင်းမှာ မကြာခင်က လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain)၊ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာ (Vijay Nambiar) တို့နောက်မှာ အခု အနောက်နိုင်ငံက အဆင့်မြင့် ပုဂ္ဂိုလ်တွေထဲမှာ EU ဥရောပသမဂ္ဂက ဒု-ဥက္ကဋ္ဌ မစ္စတာ ကူးပါးက နောက်ဆုံး လာရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရသစ် တက်လာခဲ့ပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂက ဧပြီလထဲမှာ စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေကို တနှစ်ထပ်ပြီး သက်တမ်းတိုးခဲ့ပါတယ်။

အခု မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မစ္စတာ ကူးပါး ဦးဆောင်တဲ့ EU ကိုယ်စားလှယ် အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ညနေ ၆ နာရီမှာ ရန်ကုန်က အီတလီသံရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG