သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU အထူးကုန်သွယ်ခွင့် မရုပ်ဖို့ မြန်မာအထည်ချုပ် လုပ်ငန်းအဖွဲ့များ တိုက်တွန်း


ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် EU ခေါ် ဥရောပ သမဂ္ဂကကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာမြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ရုပ်သိမ်းပေးလိုက်ရင် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေနဲ့ လုပ်ငန်းခွင့်အခြေအနေတွေကို ဆွေးနွေးဖို့ ရှိကြောင်း အထည်ချုပ်လုပ်ငန်း တာဝန်ရှိသူတွေနဲ့ အထည်ချုပ် ဝန်ထမ်းတွေကို ကူညီနေတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စဲွဲချက်တွေကြောင့် မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးကို EU ခေါ် ဥရောပ သမဂ္ဂက ဆုံးဖြတ်ဖို့ ရှိနေတဲ့အကြောင်း EU တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။

ဒီလို ပြောဆိုပြီး ရက်ပိုင်းအတွင်းမှာပဲ ဥရောပ သမဂ္ဂရဲ့ နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာ ပူးပေါင်းကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ပြီး အစိုးရဝန်ကြီးဌာနတွေ၊ နိုင်ငံတကာ သံတမန်တွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံဖို့ရှိသလို အထည်ချုပ် လုပ်သားတွေနဲ့လည်းတွေ့ဆုံမှာ ဖြစ်ပါတယ်။

တနင်္ဂနွေ့မှာတော့ EU ကိုယ်စားလှယ်အဖွဲ့နဲ့ အထည်ချုပ်လုပ်ငန်းရှင်တွေ၊ အထည်ချုပ်ဝန်ထမ်းတွေနဲ့ တွေ့ဆုံဖို့ ရှိကြောင်း သုံးပန်လှခေါ် အထည်ချုပ်ဝန်ထမ်းတွေကို ကူညီနေတဲ့အဖွဲ့ရဲ့ တာဝန်ရှိသူ ဒေါ်သန္တာကိုက ပြောပါတယ်။

“ အခု ဒီတနင်္ဂနွေမှာ တွေ့မယ့်ဟာကျတော့ ကျနော်တို့ MGMA ရောပေါ့နော်။မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းရော၊ နောက်ပြီးတော့ အထည်ချုပ်လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေပေါ့နော် ။အထည်ချုပ်က အမျိုးသမီးတွေလည်းတွေ့ကြမယ်။ နောက် လုပ်ငန်းရှင်တွေရောပေါ့နော်။ နောက်ပြီးတော့ ကျနော်တို့ supporting ပေးထားတဲ့ Sunday Café ပေါ့နော်။ သုံးပန်လှ run နေတဲ့ Sunday Café ရော။ Supporting ပေးထားတဲ့ Smart Myanmar project ပေါ့။ ဒီProject ကလည်း ပါမှာပါရှင့်။ ”

EU ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံရာမှာ အထူးအခွင့်အရေးတွေ ရုတ်သိမ်းရေးရင် လူမှု့ရေးဆိုင်ရာ သက်ရောက်မှုတွေအပေါ် ဆွေးနွေးဖို့ ရှိကြောင်း ဒေါ်သန္တာကိုက အခုလို ဆက်ပြောပါတယ်။

“ အဓိကကတော့ EU Sanction ထိဖို့ ရှိနေတဲ့အခါကျတော့ ဒီဘက်ပိုင်းက Social Impact နဲ့ သွားကြည့်မယ်ပေါ့နော်။ Sanction ထိမယ်ဆိုရင် အဓိက ခံရမှာက အထည်ချုပ်လုပ်ငန်းက ထိလာမယ်ပေါ့နော်။ သဘောက။ အဲတော့ အထည်ချုပ်လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေ အမျိုးသားတွေလည်း ပါတာပေါ့နော် သူတို့တွေက ဘယ်လို အကျိုးသက်ရောက်မလဲပေါ့နော်။ သူတို့လည်း အဓိက ထားပြီး အဲဒါလေးတွေကို သိချင်တာပေါ့နော်။ ဒါဆိုရင် ဒီတယောက်ရဲ့ ဝင်ငွေ ထိခိုက်သွားမယ်ဆိုရင် မိသားစုတွေက ဘယ်လောက်ထိ impact ဖြစ်သွားနိုင်သလဲပေါ့။ နောက်တခုကကျတော့ သူတို့တွေ ဒီမှာ အလုပ်လုပ်တာက အဆင်ပြေကြသလား။ ပျော်ရွှင်ရဲ့လား။ ကျေနပ်မှုရောရှိရဲ့လားပေါ့။ အဓိက အဲဒါလေးတွေ သွားမယ်။ ၄ချက်လောက်ပဲ သွားမယ်ရှင့်။”

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး ကတော့အီးယူဘက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမယ်ဆိုရင် သူတို့ဘက်က ဆွေးနွေးမယ့် အကြောင်းအရာတွေကို VOA အခုလို ပြောဆိုထားပါတယ်။

" ကျနော်တို့က ဒီကိုယ်သိတဲ့ Sector မှာ ကျနော်တို့ ဒီ EU က အဖွဲ့အစည်းတွေနဲ့ အများကြီးပူးပေါင်းပြီး လုပ်နေပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ILO လို၊ နောက် ဥရောပကော်မရှင်က ငွေကြေးထောက်ပံ့ကူညီထားတဲ့ Smart Myanmar တို့လို၊ ဂျာမနီအစိုးရက ထောက်ပံ့ပေးထားတဲ့ AVE တို့လို၊ နယ်သာလန်အစိုးရက ထောက်ပံ့ထားတဲ့ CDI တို့နဲ့ ကျနော်တို့ ပူးပါင်းပြီး ဆောင်ရွက်နေပါတယ်။ ဒီလို ပူးပေါင်းပြီး ဆောင်ရွက်တဲ့ ရလဒ်အားလုံးကို သူတို့ သိရှိပြီးသားဖြစ်ပါတယ်။ နောက် ဒုတိယ တချက်က ကျနော်တို့ အထည်ချုပ် Sector မှာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရနေတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ လုပ်နေတယ်ဆိုတာတွေကို သူတို့ သိပြီးသားကိစ္စတွေကို တင်ပြဆွေးနွေးသွားပါ့မယ်။ တွေ့ခွင့်ရခဲ့ရင်။"

မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေက ထုတ်လုပ်တဲ့ အဝတ်အထည်တွေရဲ့ ၇၀ ရာခိုင်နှုန်း EU နိုင်ငံတွေကို အဓိက တင်ပို့နေပြီး တကယ်လို့မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ရုတ်သိမ်းရေးလိုက်မယ်ဆိုရင် အထည်ချုပ်ဝန်ထမ်း ၄သိန်းလောက် နဲ့ သူတို့ကို မှီခိုနေသူ ၂ သန်းလောက်အပေါ် ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုပြီး မြန်မာအစိုးရတာဝန်ရှိသူတွေက သတိပေးပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG