သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကုန်သွယ်ရေး အထူးခံစားခွင့် မရုပ်သိမ်းဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေတောင်းဆို


မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ မရုပ်သိမ်းဖို့အတွက် EU ခေါ် ဥရောပသမဂ္ဂကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) က တောင်းဆိုထားပြီး ရုပ်သိမ်းလိုက်မယ်ဆိုရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းနဲ့ အထည်ချုပ် အလုပ်သမား ၄ သိန်းလောက်ကို ထိခိုက်လာနိုင်ကြောင်း ဝေဖန်ထောက်ပြထားပါတယ်။ မကြာခင်ရက်ပိုင်း EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာဖို့ ပြင်ဆင်နေချိန်မှာ အခုလို တောင်းဆိုတာပါ။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးကို EU ခေါ် ဥရောပ သမဂ္ဂက ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ဒီလကုန်ပိုင်းမှာ လာရောက်မယ့် ဥရောပ သမဂ္ဂရဲ့နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာပူးပေါင်းအဖွဲ့ ရဲ့ မြန်မာပြည်ခရီးစဉ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးပြီးနောက် ဆုံးဖြတ်နိုင်တယ်လို့ EU တာဝန်ရှိသူတွေဘက်က ပြောဆိုထားပါတယ်။

ဥရောပ သမဂ္ဂရဲ့နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာပူးပေါင်းအဖွဲ့ဟာ ဒီလ ၂၈ရက်နေ့မှာ မြန်မာပြည်ကို ရောက်ရှိပြီး ၃၀ရက်နေ့မှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ၀န်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို နိုင်ငံတကာ သံတမန်တွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့လည်း သီးခြားတွေ့ဆုံဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM)ရဲ့ ဥက္ကဌ ဦးမောင်မောင်က အသွင်ကူးပြောင်းရေးကာလမှာ ရခိုင်အရေးကြောင့် ဒီလိုအထူး အခွင့်အရေးတွေ ရုပ်သိမ်းမှာကို သဘောမတူကြောင်း အခုလို ပြောဆိုပါတယ်။

“ ကျနော်တို့ကတော့ သဘောမတူပါဘူး။ ကျနော်တို့က နိုင်ငံအနေနဲ့ Transition Period ပေါ့ ။ Democratic Transition ဖြစ်နေတဲ့အချိန်မှာ ဒီနေရာလေး တစ်ခုတည်း ကြည့်ပြီးတော့ ပြောလို့ မရဘူးဗျ။ ကျနော်တို့ကDemocratic Transition ဆိုတာ ဒီမိုကရေစီ ဖြစ်လာဖို့က Foundation တွေ အများကြီး ချရတာပေါ့နော်။ လူ့အသိုင်းအ၀ိုင်းထဲမှာ လုပ်ရတာတွေ ရှိတယ်။ အလုပ်သမားသမဂ္ဂလောက အတွက်ကို ကျနော်တို့ သင်တန်းတွေ သွားနေရတာတွေ ရှိတယ်။ နောက်တစ်ခါ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ Peace Process ပေါ့။ ပင်လုံ Peace Process ကို သွားနေရတာရှိတယ်။ ဆိုတော့ အဲဒါတွေက လုပ်ငန်းစဉ်တွေ Process တွေ တစ်ခါတည်းပြီးသွားတဲ့ Project တွေ မဟုတ်ဘူး။ အဲဒီလုပ်ငန်းစဉ်တွေကို EU က ကြည့်ဖို့ သင့်ပါတယ်။ နို့မဟုတ်လို့ရှိရင် ဒီလုပ်ငန်းတွေဟာ နောက်ပြန်ဆုတ်သွားမယ်။ နိုင်ငံဟာ အများကြီးနစ်နာသွားမယ် အဲဒါကို ကျနော်ပြောတယ်။ ”

ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ရုပ်သိမ်းလိုက်ရင် အထည်ချုပ်အလုပ်သမား ၄သိန်းကျော်ဟာ တရားမ၀င်လုပ်ငန်းတွေကို ရောက်ရှိသွားနိုင်ကြောင်း ထောက်ပြထားကြောင်း ပြောပါတယ်။

“ နောက်တခါ အလုပ်သမားသမဂ္ဂအနေနဲ့ကတော့ ကျနော်တို့ရဲ့ ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းမှာ လူ ၄သိန်းလောက် ရှိတာပေါ့ဗျာ။ အဲဒီလူ ၄သိန်းက ဘာဖြစ်သွားမလဲ။ ကျနော်တို့ နိုင်ငံ GDP မှာ နံပတ် ၂ဖြစ်လာတာက ဒီ CMP Garment ပေါ့ဗျာ။ အဲဒါ အထည်ချုပ်လုပ်ငန်းကို သွားသတ်လိုက်ရင် အဲဒီလူတွေရဲ့ အနာဂတ်ပေါ့။ အဲဒီ လူ ၄သိန်းနဲ့ သူတို့ရဲ့ မိသားစုတွေ ဘာဖြစ်သွားမလဲ။ လွယ်လွယ်နဲ့ ပြောရရင်တော့ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်သွားမှာပေါ့ဗျာ။ ဒါပေမဲ့ရွှေ့ပြောင်းအလုပ်သမားဆိုတာလည်း အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံကကော ဒီလူတွေအားလုံးကို လက်ခံနိုင်ပါ့မလား။ လက်မခံနိုင်ရင် Grey Market ဧရိယာထဲ ၀င်သွားမလားဆိုတာ စဉ်းစားပြီးမှ သာလျှင် EU က ဆုံးဖြတ်သင့်တယ်ဆိုတာမျိုး ကျနော်တို့က ပြန်ပြောထားပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ မူဝါဒရေးရာစာတမ်းကို ပြည်တွင်းထုတ် Global New Light of Myanmar သတင်းစာကတဆင့်လည်း EU အဖွဲ့ဝင်တွေကို အိပ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။

စက်မှုလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမြတ်သင်းအောင်ကတော့ EU က ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးပေးတာကြောင့် အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးလာတာဖြစ်ပြီး ဒီအခွင့်အရေးကို ရုပ်သိမ်းလိုက်ရင် ပထမဆုံး နစ်နာမှာ အလုပ်သမားတွေ ဖြစ်ကြောင်း ပြောပါတယ်။

“ အဲဒါတော့ အထည်ချုပ်လုပ်ငန်းတော့ တော်တော်လျော့သွားမှာပေါ့လေ။ ဒီအခွင့်အရေးကြောင့် ဗမာပြည်လာပြီး စက်ရုံတွေ အများကြီးဖွင့်လိုက်တာလေ။ အရင် Sanction လုပ်တုံးက စက်ရုံက ၅၀-၆၀လောက်ပဲ ရှိပါတယ်။ အခု ၄၅၀လောက်ဖြစ်သွားတယ်။ လုပ်ငန်းကျဆင်းတယ်ဆိုရင်တော့ ဖွံ့ဖြိုးမှုနည်းသွားရင် လူလျှော့မှာပဲ။ လူလျှောရင့် အလုပ်သမားက ပထမ ထိခိုက်မယ်။ အလုပ်ရှင်ကလည်း ဒီကြားထဲမှာတော့ တခြား Market ကိုရှာ။ တခြား Market ကိုရအောင်ထိုးဖောက်ပေါ့။ ဒါပဲ ရှိတာပဲ။ စက်ရုံပိတ်တာလည်း တချို့တော့ ရှိမှာပေါ့ဗျာ။”

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက သံအမတ်ကြီး Kristian Schmidt ကတော့ မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေကို အီးယူ ဥရောပ သမဂ္ဂ ဘက်က ရုပ်သိမ်းမယ် မရုပ်သိမ်းဘူး ဆိုတာဟာ ဆုံးဖြတ်ချက်တစုံတရာ မချရသေးသလို ရှောင်လွဲနိုင်တဲ့ အခြေအနေ ဖြစ်ကြောင်း မကြာသေးခင်က VOA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG