သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ ရောက်ရှိနေပြီ


မြန်မာ့ ရွေးကောက်ပွဲ အတွက် အီးယူ လေ့လာရေးအဖွဲ့ ရောက်နေပြီ။
မြန်မာ့ ရွေးကောက်ပွဲ အတွက် အီးယူ လေ့လာရေးအဖွဲ့ ရောက်နေပြီ။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က တောင်းဆိုထားတဲ့ အတိုင်းပဲ EU ဥရောပသမဂ္ဂအဖွဲ့က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသုံးသပ်ရေး အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က တင်ပြပေးပါ့မယ်။

မကြာခင်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် EU ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ အဖွဲ့က အခုလိုမျိုး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥရောပသမဂ္ဂအဖွဲ့ ပြန်ကြားရေး ဌာနက ပြောခွင့်ရသူ Maja Kocijancic က အခုလို ပြောပါတယ်။

အခုဖွဲ့လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး (EOM) အဖွဲ့ဟာ အဖွဲ့ဝင် ၉ ဦးပါဝင်ပြီးတော့ ဥရောပ သမဂ္ဂရဲ့ ဒုဥက္ကဌ မစ္စတာ (အလက်ဇန္ဒား ဂရက်ဖ် လမ်းဒရို့ဖ်) Alexander Graf Lambsdorff က ဦးဆောင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ MOU သဘောတူညီတဲ့ ထဲမှာ တနိုင်ငံလုံးမှာရှိတဲ့ ဒေသတွင်းနဲ့ပြည်နယ်အားလုံးက ကြိုတင်မဲပေးတာတွေ အပါအဝင် ရွေးကောက်ပွဲ အဆင့်ဆင့်ကို စောင့်ကြည့် လေ့လာခွင့် ရမှာဖြစ်ပါတယ်။

မစ္စတာ Alexander Graf Lambsdorff ဦးဆောင်တဲ့ အီးယူ ဥရောပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသုံးသပ်ရေး အဖွဲ့ဟာ စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြီးဆုံးတဲ့အထိ နေသွားမှာဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသုံးသပ်ရေး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် EU (ဥရောပ သမဂ္ဂ) က ရေရှည်နဲ့ ရေတို စောင့်ကြည့် လေ့လာရေး အဖွဲ့တွေလည်း မြန်မာနိုင်ငံကို ရောက်ရှိလာဖို့ ရှိပါတယ်။ လာမယ့် အောက်တိုဘာလ ၇ ရက်နေ့ကျရင် ရွေးကောက်ပွဲကို ရေတိုအနေနဲ့ စောင့်ကြည့်လေ့လာမယ့် အဖွဲ့ဝင် ၆၂ ဦး ပါဝင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာမှာဖြစ်ပြီးကျန်ရေရှည်စောင့်ကြည့် လေ့လာမယ့် အဖွဲ့ကတော့ အဖွ့ဲဝင် အယောက် ၃၀ ပါဝင်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ကျမှ မြန်မာနိုင်ငံကို ရောက်ရှိလာမှာဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ EU ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သုံးသပ်ရေး အဖွဲ့နဲ့ လာမယ့် အောက်တိုဘာ လဆန်းနဲ့ နိုဝင်ဘာလဆန်းမှာ ရောက်ရှိလာမယ့် EU ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ ပူးပေါင်းပြီးတော့ ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ အတူ စောင့်ကြည့်လေ့လာသွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ၄၈ နာရီအကြာမှာ EU ဥရောပသမဂ္ဂ အဖွဲ့က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သူတို့ရဲ့တွေ့ရှိမှုတွေကို နောက်ဆုံး ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်တယ်လို့ EU ဥရောပသမဂ္ဂ ပြန်ကြားရေးဌာနက ပြောခွင့်ရသူMaja Kocijancic က ပြောသွားတာဖြစ်ပါတယ်။

လက်ရှိ မဲစားရင်း မှားယွင်းတဲ့ကိစ္စတွေ၊ တချို့ဒေသမှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်တာတွေနဲ့ မဲရုံမဖွင့်နိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း Maja Kocijanic က အခုလိုပြောပါတယ်။

အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ နည်းစနစ်ကျကျ ကျင်းပတဲ့ ပထမဦးဆုံးရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ဒီအခြေအနေကြောင့် ဒီထက်ပိုပြီး တိကျတဲ့ အချက်တွေကို မပြောနိုင်တဲ့အကြောင်း၊ ဒါပေမယ့် အစက ရှင်းရှင်းလင်းလင်း ပြောထားသလိုပါပဲ ဘာသာရေးနဲ့လူမျိုးရေး ခွဲခြားမှုတွေ၊ ဖိနှိပ်မှုတွေမပါတဲ့ စစ်မှန်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲမျိုးကို မြင်ချင်တာဖြစ်တယ်လို့ Maja Kocijanic က ပြောပါတယ်။ အီးယူ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ သီးသန့်လွတ်လပ်တဲ့အဖွဲ့ ဖြစ်ပြီးတော့ ရွေးကောက်ပွဲဆိုင်ရာ အဆင့်ဆင့်နဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဝင်ရောက် စွက်ဖက်မှာမဟုတ်ပါဘူးရှင်။

XS
SM
MD
LG