နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲအတွင်း နိုင်ငံတဝန်းကို လှည့်လည်လေ့လာဖို့အတွက် ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ (EU EOM) ဒီကနေ့မှာပဲ ရန်ကုန်မြို့တော်ကနေ မြန်မာနိုင်ငံတဝန်းကို စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုတွေ၊ မဲရုံဝန်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးမှုတွေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို စောင့်ကြည့်သွားမယ်လို့ ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် Mark Stevens က ပြောဆိုသွားပါတယ်။ အရေးကြီးဆုံးကတော့ မြန်မာပြည်သူလူထု မဲပေးခွင့်ရဖို့၊ လွတ်လပ်စွာ မဲပေးရွေးချယ်နိုင်ဖို့နဲ့ ရွေးကောက်ပွဲနေ့မှာ လျှို့ဝှက်မဲပေးနိုင်ဖို့ ဖြစ်ပါတယ်လို့ EU ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဒုတိယခေါင်းဆောင်က ပြောဆိုပါတယ်။ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုစည်းရုံးခွင့်တို့နဲ့ ပတ်သက်ပြီးလည်း လေ့လာကြမှာ ဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံတဝန်းကို စတင်ထွက်ခွာကြတဲ့ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဒုတိယအသုတ်ဖြစ်ပြီး အဖွဲ့ဝင် ၃ဝ ပါဝင်ပါတယ်။ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ပထမအသုတ်ကတော့ စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြတာပါ။ ဥရောပသမဂ္ဂရဲ့ မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံတွင်း တိုင်းနဲ့ပြည်နယ် ၁၄ ခု တို့မှာ ၁ လခွဲနီးပါး စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း ဥရောပသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။