သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူစုလူဝေး ထိန်းသိမ်းမှု နည်းပညာ မြန်မာ ရဲတပ်ဖွဲ့ကို EU သင်တန်းပေး


ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကူညီပံ့ပိုး သင်တန်းပေး (သတင်းဓာတ်ပုံ- VOA မြန်မာပိုင်း၊ ရန်ကုန်ရုံးခွဲ)
ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကူညီပံ့ပိုး သင်တန်းပေး (သတင်းဓာတ်ပုံ- VOA မြန်မာပိုင်း၊ ရန်ကုန်ရုံးခွဲ)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အုပ်ချုပ်သူကို အလေးထားတဲ့ ရဲလုပ်ငန်းစနစ် ကနေ ပြည်သူလူထုကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို ခိုင်ခိုင်မာမာနဲ့ ရဲရဲ တင်းတင်း ပြောင်းလဲနေပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ အစိတ်အပိုင်း တရပ်အနေနဲ့တော့ ရဲတပ်ဖွဲ့အနေနဲ့ လူစုလူဝေးနဲ့ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာစံနှုန်း အတိုင်း ဘယ်လို ကိုင်တွယ်စီမံမလဲ ဆိုတဲ့ သင်တန်းတရပ်ကို ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကူညီပံပိုး သင်တန်းပေးနေပါတယ်။ သင်တန်းကျင်းပရာ ရန်ကုန်တိုင်း ပျဉ်းမပင်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တပ်ရင်း ၈ ကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်းတွေနဲ့ပတ်သက်လို့ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး တစိတ်တပိုင်းအနေနဲ့ ရဲတပ်ဖွဲ့တွေဟာ လူစုလူဝေးဆန္ဒပြမှုနဲ့ ဆက်နွယ်လာတဲ့ အကြမ်းဖက်မှုတွေကို အသက်သာဆုံးဖြစ်အောင် အင်အားအသုံးပြုမှု အနည်းဆုံးနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်အောင် ဥရောပသမဂ္ဂနိုင်ငံတွေက ရဲအရာရှိတွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သင်တန်းပို့ချပေးနေတာ အခုဆိုရင် ရဲတပ်ရင်းအသီးသီးက ရဲအရာရှိ ၁၄၀၀ ကျော်ကို သင်တန်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

သင်တန်းတခုကို သတင်းနှစ်ပတ်ကြာပြီးတော့ ရဲလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားမှု၊ လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေကို ကာကွယ် ထိမ်းသိမ်းဖို့ စတာတွေ စာသင်ခန်းအတွင်းမှာ သာမကပဲ လေ့ကျင့်ရေးကွင်းတွေမှာပါ ပြုလုပ်တဲ့ သင်တန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲသွားရမယ့်အခြေအနေမှာ ဒီသင်တန်းမျိုးတွေဟာ သူတို့အတွက် အရေးပါတယ်လို့ ရဲမှုးချုပ် သူရဘိုနီက ပြောပါတယ်။

"ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ အခြေခံဥပဒေအရလည်း ဒါသတ်မှတ် ထားပြီး ဖြစ်ပါတယ်။ ဒါ လူ့အခွင့်အရေး ကို အဓိက ထားပြီးဆောင်ရွက်ရမယ့် ရဲလုပ်ငန်းစနစ်တွေဟာ ပြည်သူလူထုကို အခြေခံတဲ့ ရဲလုပ်ငန်း စနစ်ပဲ ဖြစ်ပါတယ်။ အဲ့တော့ အရင်တုန်းကတော့ ဒါရှိခဲ့မှာပေါ့လေ။ ဒါ အုပ်ချုပ်သူ အာဏာပိုင်တွေကိုပဲ အလေးထားတဲ့ ရဲလုပ်ငန်းစနစ် ကနေ ပြည်သူလူထုကို အခြေခံတဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစနစ်ကို ကျနော်တို့ ခိုင်ခိုင်မာမာနဲ့ ရဲရဲတင်းတင်းပြောင်းလဲနေတယ် ဆိုတာလည်း ဒါ ဒီအဖြေအတွက်ပဲ။ ဒီအကျိုးဆက် အတွက်ပဲ ဖြစ်တယ် ဆိုတာ ဖြေကြားလိုပါတယ်။"

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်မှု နည်းလမ်းတွေ ပြောင်းလဲဖို့ လိုတယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်တွေအတွင်းဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်၊ မိတ္ထီလာနဲ့ အခြားဒေသအချို့က ဖြစ်ရပ်တွေက ညွှန်ပြနေတယ်လို့ အီးယူ သံအမတ်ကြီး Roland Kobia က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေရှိလာအောင် အခုလို သင်တန်းမျိုးတွေပေးဖို့ မြန်မာအစိုးရရော အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကပါ တိုက်တွန်း ကမ်းလှမ်းချက်တွေကြောင့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ကူညီဖို့ အီးယူက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခု သင်တန်းတွေဟာလည်း အလွန်ကို ကျယ်ပြန်မှုရှိတယ်လို့ အီးယူ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia က ပြောပါတယ်။

“အခု အီးယူကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပေးတဲ့ သင်တန်းတွေဟာ အလွန်ကျယ်ပြန်ပြီး အတော့်ကို ခြုံငုံပြည်စုံမှုရှိတဲ့သင်တန်းမျိုးတွေပါ။"
သင်တန်းကျင်းပရာ ရန်ကုန်တိုင်း ပျဉ်းမပင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ တပ်ရင်း ၈ ။ သတင်းဓာတ်ပုံ- ဗွီအိုအေ မြန်မာပိုင်း ရန်ကုန်ရုံးခွဲ။
သင်တန်းကျင်းပရာ ရန်ကုန်တိုင်း ပျဉ်းမပင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ တပ်ရင်း ၈ ။ သတင်းဓာတ်ပုံ- ဗွီအိုအေ မြန်မာပိုင်း ရန်ကုန်ရုံးခွဲ။

"အခု မြင်ရတာတွေကတော့ လူစုလူဝေးအုပ်ကြီးကို ဘယ်လို စီမံကိုင်တွယ်မလဲဆိုတဲ့ သင်တန်းပုံစံတမျိုးပါ။နောက်သုံးမျိုးရှိပါတယ်။
တခုက ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ်ဖြစ်ပါတယ်။ နောက်တခုကတော့ ရဲအုပ်ချုပ်မှုပိုင်း ပြုပြင်ပြောင်းလဲမှုပါ - ဆိုလိုတာက ရဲတပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးနဲ့ တာဝန်ခံမှုရှိရေးကိစ္စပါ။ နောက်ဆုံးတမျိုးကတော့ သတင်းမီဒီယာတွေ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံမှုဖြစ်ပါတယ်။ ”

အခုလို သင်တန်းမျိုးဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ပထမဆုံးနဲ့ အကြီးကျယ်ဆုံးဖြစ်တယ်လို့ ရဲမှုးချုပ်သူရဘိုနီက ပြောပါတယ်။

"အဖက်ဖက်က တိုးတက်အောင် နိုင်ငံတကာ အဆင့်မှီတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် လေ့ကျင့်ပေးခဲ့တဲ့ သမိုင်းကြောင်းဟာဆိုရင် ဒါဟာ ပထမဆုံးနဲ့ အကြီးကျယ်ဆုံး ဖြစ်ပါတယ်။"

အောက်ခြေ ရဲတပ်ဖွဲ့အဆင့်ဆင့် အထိရောက်အာင်လို့ ရဲသင်တန်းတွေနဲ့ အခြားရဲလေ့ကျင့်ရေးကျောင်းတွေမှာလည်း အခု သင်တန်းဆင်းတွေနဲ့ တဆင့်ပြန်ပြီး ပို့ချပေးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ အခု သင်တန်းမှာလည်း ဥရောပသမဂ္ဂနိုင်ငံတွေက ရဲအရာရှိ သင်တန်းဆရာတွေနဲ့ အတူပဲ မြန်မာနိုင်ငံက သင်တန်းသား နည်းပြအကူတွေလည်း ပါဝင် အားဖြည့်ထားပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲအုပ်ဝင်းထွန်းနိုင်

"ပြည်သူလူထုကို အရင်တုန်းက ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေမှာ ရှိတဲ့ တုတ်၊ ဒိုင်းပေါ့နော်။ အရင်တုန်းက ကျင့်စဉ်အတိုင်း ဘယ်လိုပဲဖြစ်ဖြစ် ဒီတုတ်၊ ဒိုင်းတွေနဲ့သွားလာမှုတွေရှိတယ်။ နေရာချထားမှုတွေရှိတယ်။ အဲ့ဒီ့အခါကျတော့ သူတို့က ဘယ်လိုပြောလဲဆိုတော့ ပြည်သူလူထုက ကျနော်တို့ကိုကြည့်ပြီးတော့ သူတို့က ကျနော်တို့ရဲတပ်ဖွဲ့က ရန်လိုတဲ့အမူအယာရှိတယ်ဆိုပြီးတော့ သူတို့ထင်သွားတဲ့အခါမှာ ကျနော်တို့အပေါ်မှာ ပြည်သူကလည်း ပြန်ပြီးတော့ ရန်ပြုနိုင်တဲ့ အနေအထားမျိုး ရှိတယ်ပေါ့။

အဲ့တာကြောင့် ကျနော်တို့က ပြည်သူက အေးချမ်းစွာ ရှိတယ်ဆို ကျနော်တို့ ကလည်း အေးအေးချမ်းချမ်းပေါ့နော်။ ပြည်သူကလည်း ရန်မပြုနိုင်တဲ့ အနေအထားမှာ အေးအေးဆေးဆေးပေါ့ ကိုယ့်ရဲ့ ပြည်သူနဲ့ ကိုယ့်ရဲ့ ရဲတပ်ဖွဲ့ဝင်ကလည်း ကျနော်တို့ ပြည်သူ့အတွက် တာဝန်ထမ်းဆောင်တာကိုး။ ဒါကြောင့်မို့ ကျနော်တို့အေးအေးချမ်းချမ်းတာဝန်ထမ်းဆောင်တဲ့အခါမှာ ငါတို့ရဲ့ရဲတပ်ဖွဲ့ဝင်ကလည်း သူတို့ဘာသာ သူတို့ တာဝန်ထမ်းဆောင်နေ တာပါလား။ ငါတို့အပေါ် ရန်မူတာ မဟုတ်ပါလားဆိုတဲ့ အမြင်မျိုးရှိပါတယ်ခင်ဗျ။"

တကယ်တော့ လူစုလူဝေးဆန္ဒပြနဲ့အတူဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကို စီမံကိုင်တွယ်ရတဲ့ကိစ္စဟာ ရဲလုပ်ငန်းမှုာ အင်မတန်အကဲဆတ်ပြီး အသိမ်မွေ့ဆုံး အနက်နဲဆုံးဖြစ်တယ်လို့ သင်တန်းပေးတဲ့ နိုင်ငံခြားသား ရဲအရာရှိတွေက ပြောပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်တဲ့ ပြည်သူတွေ ရဲ့ နိုင်ငံသား အခွင့်အရေးကို ကာကွယ်ပေးရမယ့် တာဝန်ရှိသလို၊ တဖက်မှာလည်း ရန်လိုကြမ်းတမ်းတဲ့ အခြေအနေတွေဖြစ်လာရင် နိုင်ငံသား အခွင့်အရေးတွေကို မထိခိုက်စေရပဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းရမယ့် တာဝန်ဟာ ဥပဒေစိုးမိုးရေးမှာ အဓိက မဏ္ဍိုင်တရပ်ဖြစ်တဲ့ ရဲလုပ်ငန်းပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ အခု အလားတူ သင်တန်းမျိုးတွေကိုတော့ နေပြည်တော်နဲ့ မန္တလေးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တပ်ရင်းတွေကိုလည်း ဥရောပသမဂ္ဂက သင်တန်းတွေ ပံ့ပိုးပေးသွားဖို့ ရှိနေပါတယ်။
XS
SM
MD
LG