ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ အီးယူ ဥရောပ သမဂ္ဂ ဘက်က ရုပ်သိမ်းမယ် မရုတ်သိမ်းဘူး ဆိုတာဟာ ဆုံးဖြတ်ချက်တစုံတရာ မချရသေးသလို ရှောင်လွဲနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး Kristian Schmidt က ပြောပါတယ်။ သံအမတ်ကြီး Kristian Schmidt ကို VOA မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးသိန်းထိုက်ဦး တွေ့ဆုံမေမြန်းထားတဲ့ ပထမပိုင်းကို နားဆင်နိုင်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့ ကြိုးစားနေတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကြောင့် ကုန်သွယ်ရေးအရ ဒဏ်ခတ်ပိတ်ဆို့ဖို့ စဉ်းစားနေတယ်လို့ ကျနော်တို့ သိရပါတယ်။ ပထမဆုံးအနေနဲ့ အီးယူက လွှတ်မယ့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ပတ်သက်လို့၊ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။
သံအမတ်ကြီး Kristian Schmidt ။ ။ ပထမအနေနဲ့ ကိုယ်စားလှယ်အဖွဲ့လာရောက်မယ့် ရည်ရွယ်ချက်က ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တခြား မြန်မာနိုင်ငံ တခြားနေရာတွမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ပတ်သက်လို့ သွားရောက် လေ့လာအကဲဖြတ်ဖို့ပါ။ သေခြာတာက ဥရောပသမဂ္ဂဘက်က ဘယ်လိုပဲ ဆုံးဖြတ်ချက်ချချ ဒီဆုံးဖြတ်ချက်ဟာ လက်တွေ့ ပကတိဖြစ်နေတဲ့ အခြေအနေကို သေသေချာချာအကောင်းဆုံးနားလည်ပြီး ဒါကို အခြေခံပြီးမှ ဆုံးဖြတ်မှာပါ။ ကိုယ်စားလှယ်အဖွဲ့ လာရောက်တာဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဖြစ်သလို၊ အခြေအနေ အစစ်အမှန်ကို မသိသေးဘဲနဲ့ ဆုံးဖြတ်ချက်တစုံတရာချမှာ မဟုတ်ပါဘူး။ တခုကျနော် ပြောချင်တာက ပိတ်ဆို့ ဒဏ်ခတ်ရေးဆိုတာကို မဆွေးနွေးကြပါဘူး။ အီးယူဘက်က လောလောဆယ် မြန်မာနိုင်ငံကို ထောက်ပံ့ကူညီ ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ပြန်ရုတ် သိမ်း နိုင်ခြေကိုပဲ ဆွေးနွေးတာပါ။ Sanction ပိတ်ဆို့ဒဏ်ခတ်မှုဆိုတာက တမျိုးပါ။ ပို့ကုန်တွေကို တားမြစ်တာ၊ ပိတ်ပင်တာမျိုးပါ၊ ဒါမျိုးကို ကျနော်တို့ ဆွေးနွေးတာ မဟုတ်ပါဘူး။
ဦးသိန်းထိုက်ဦး ။ ။ အီးယူဘက်က မြန်မာနိုင်ငံအနောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖေါက်တဲ့သူ၊ ရာဇဝတ်မှု ကျုးလွန်သူတွေကို အရေးယူဖို့ တလျှောက်လုံး တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ သံအမတ်ကြီးပြောသလို ပိတ်ဆို့ ဒဏ်ခတ်တာမျိုးမဟုတ်ဘဲ ဒါပေမဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ခံစားခွင့်ကို ရုတ်သိမ်းတာမျိုဆိုရင် ရော ဘယ်လို သက်ရောက်မှု ရှိမလဲ၊ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းနဲ့ တခြားနေရာတွေမှာ ဖြစ်နေတဲ့ ရှုတ်ထွေးတဲ့ အခြေအနေတွေကို ဖြေရှင်းတဲ့နေရာမှာ တကယ်တမ်း ကူညီရာ ရောက်နိုင်ပါ့မလား။
သံအမတ်ကြီး Kristian Schmidt ။ ။ ဘယ်လိုသက်ရောက်မလဲလို့ ခင်ဗျားမေးလို့ ပြောရရင်၊ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်မှာ ကုန်သွယ်ရေးဆိုင်ရာ အထူးကင်းလွတ်ခွင့် GSP စပေးခဲ့တာ ကြောင့် ရခဲ့တဲ့ အကျိုးကျေးဇူးတွေကို ပြန်ကြည့်စေချင်ပါတယ်။ ငါးနှစ်အတွင်းမှာ အောင်မြင်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပူးပေါင်းကူညီ ထောက်ခံတဲ့ အနေနဲ့ အီးယူဈေးကွက်ထဲကို အချိုးကျ မဟုတ်ဘဲ အပြည့်အ၀ တင်ပို့ခွင့် EU ဘက်က ၂၀၁၃ မှာ မြန်မာနိုင်ငံကို ပေးခဲ့တာပါ။ အဲဒီကနေ မြန်မာနိုင်ငံရဲ့ပို့ကုန် ပမာဏ ပိုများလာခဲ့ပြီး၂၀၁၃ မှာကတည်းက ယူရိုသန်း လေးရာဖိုးရှိခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ အီးယူနဲ့ ကုန်သွယ်ရေး အပိုငွေ ယူရိုသန်း တထောင်လောက် ရှိပါတယ်။ အထည်ချုပ်လုပ်ငန်းတွေက အများစုပါ။ ဒီနှစ် ပထမ ခြောက်လပတ်မှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်ဟာ အထည်နဲ့ ချည်ထည်လုပ်ငန်းက လေးဆယ်ရာခိုင်နုံး တိုးလာခဲ့ပါတယ်။ အကျိုးကျေးဇူး ရခဲ့တာတွေကို ကျနော် တရားဝင် မှတ်တမ်းအနေနဲ ပြောချင်တာက မြန်မာနိုင်ငံကို ကုန်သွယ်ခွင့်လမ်း အပြည့်အ၀ ဖွင့်ပေးခဲ့တဲ့အတွက် အလုပ်အကိုင်တွေ ဖန်တီးနိုင်ခဲ့တယ်၊ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ရခဲ့တယ်။ ဥရောပကို တင်ပို့တဲ့ အလုပ်ရုံတွေမှာ စွမ်းအင်ကို ထိထိရောက်ရောက် စီမံခန့်ခွဲတာမျိုး၊ အလုပ်ခွင် ဝန်းကျင် ကောင်းမွန်အောင် လုပ်ဆောင်တာမျိုးတွေလည်း ရလာပါတယ်။ ဥရောပ ဈေးကွက်ကို တင်ပို့နေတဲ့ ထုတ်ကုန်တွေအတွက် ထောင်သောင်းချီတဲ့ အလုပ်အကိုင်တွေ ဒါတွေက ရလာခဲ့တဲ့ အကျိုးအမြတ် အရင်းအနှီးပါ။ ဒီတော့ ကုန်သွယ်ရေး အထူးအခွင့်အရေး လက်လွှတ်ရမယ်ဆိုရင် ဘယ်လို သက်ရောက်မှု ရှိမလဲ၊ ကြိုတင်ခန့်မှန်းဖို့ နည်းနည်းခက်ပါတယ်။ ကုန်သွယ်ခွင့် အထူးအခွင့်အရေး လက်လွှတ်ရတယ်ဆိုတာက ပိတ်ဆို့ ဒဏ်ခတ်တာမျိုးတော့ မဟုတ်ပါဘူး။ ပို့ကုန်တွေပေါ် အကောက်ခွန် လုံး၀ မယူတဲ့ အနေအထားကနေ မြန်မာနိုင်ငံက ပို့ကုန်တွေအပေါ် ၁၂ ရာခိုင်နှုန်း ၁၇ ရာခိုင်နှုန်း အကောက်ခွန်ကောက်တာမျိုးပါ။ ဥရောပ ဈေးကွက်မှာ အခွန်ကင်းလွတ်ပြီး ပို့ခွင့်ရတဲ့ အခြေအနေမျိုးတော့ မဟုတ်တော့ပါဘူး။ ဥရောဈေးကွက်မှာ မြန်မာပို့ကုန်တွေအနေနဲ့ ဘယ်လောက်အထိ ယှဉ်ပြိုင်နိုင်သလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ အလုပ်အကိုင်တွေ ဖန်တီးခဲ့တဲ့ ကိစ္စပြောလို့ မြန်မာအစိုးရဘက်ကလည်း ကုန်သွယ်ခွင့်အထူးအခွင့်အရေးတွေ ဆုံးရှုံးမယ်ဆိုရင် သာမန်ပြည်သူတွေကို ထိခိုက်မှာ စိုးရိမ်တယ်လို့ ပြောခဲ့ဘူးပါတယ်။ အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင်တာကို စိုးရိမ်တာမျိုးပါ။ တချိန်တည်းမှာ တချို့သူတွေ၊ Amnesty International လို အဖွဲ့အစည်းတွေကလည်း ပစ်မှတ်ထားအရေးယူတာမျိုးပဲ တွေ့ချင်တယ်လို့ ပြောနေကြပါတယ်။ ဒါကိုဘယ်လို တုန့်ပြန်ပါမလဲခင်ဗျား။
သံအမတ်ကြီး Kristian Schmidt ။ ။ ပထမအနေနဲ့ ဥရောပသမဂ္ဂက ပစ်မှတ်ထားအရေးယူတာတွေ လုပ်ခဲ့ပါတယ်။ လက်နက်တင်ပို့မှု ပိတ်ပင်ခဲ့တယ်။ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် အတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့ စစ်တပ် သူတွေကို ကျနော်တို့ ထုတ်ဖေါ်ခဲ့တယ်။ လက်နက်တင်ပို့မှု ပိတ်ပင်ခဲ့တယ်။ နောက်ပိုင်းပိုပြီးကျယ်ပြန့်တဲ့ အရေးယူမှုတွေလုပ်ခဲ့တယ်။ စစ်တပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ ကျနော်တို့ ရပ်ဆိုင်းခဲ့တယ်။ ဒီလိုပူးပေါင်းမှုက ဥရောပနဲ့ မြန်မာတပ်မတော် စစ်မှုထမ်းတွေအချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကမှ စခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကျိုးဆက်အဖြစ် ဒီလိုပူးပေါင်းမှုကို ကျနော်တို့ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် စစ်ဆင်ရေးမှာ လူ့အခွင့်အရေးချိုးဖေါက်မှုကို အဓိက ကျုးလွန်တယ်လို့ သတ်မှတ်တဲ့သူ ရ ယောက်ကို အမည်နဲ့ထုတ်ဖေါ် အရေးယူခဲ့ပါတယ်။ ကျနော်တို့ရဲ့ အစောဆုံး ပထမတုန့်ပြန်မှုက ပစ်မှတ်ထား အရေးယူမှု ဖြစ်ပါတယ်။ နားလည်ဖို့ အရေးကြီးတာက ဥရောပသမဂ္ဂဟာ စည်းမျဉ်းစည်းကမ်းကို အခြေခံဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်။ ကျနော်တို့ ကုန်သွယ်ရေး မူဝါဒတွေနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့ ကော်မရှင်နာမင်းကြီးက ကမ္ဘာတဝှမ်းနိုင်ငံတွေ၊ ဖွံဖြိုးမှု နောက်ကျတဲ့ နိုင်ငံတွေ အားလုံးကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး အကျိုးခံစားခွင့်တွေပေးနိုင်တယ်။ စည်းကမ်းသတ်မှတ်ချက်က ရိုးရိုးလေး၊ တခုတည်းပါ။ အခြေခံလူ့အခွင့်အရေးကို လေးစားဖို့ပဲလို့ ပြောထားပါတယ်။ ကျနော်တို့ ပြောနေတာတွေဟာ ကုလသမဂ္ဂ သဘောတူညီချက်ရဲ့ လိုက်နာရမယ့် အဓိက အချက်တွေ၊ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်၊ ကလေးများအခွင့်အရေး ကာကွယ်ဖို့ သဘောတူညီချက်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး သဘောတူညီချက်၊ ILO နဲ့ သဘောတူညီချက်၊ ဒီ လိုက်နာဖို့ တာဝန်ရှိတဲ့ သဘောတူညီချက်တွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လေးစားတဲ့ နိုင်ငံအားလုံး တောင်းဆိုချမှတ်ခဲ့တဲ့ ပင်မ သဘောတူညီချက်တွေပါ၊ လိုက်နာတဲ့ အခြေအနေဟာ ပြီးပြည့်စုံရမယ်လို့ ကျနော်တို့ မတောင်းဆိုပါဘူး။ ပင်မ သဘောတူညီချက်တွေကိုတော့လေးစားဖို့ ကျနော်တို့ တောင်းဆိုတာပါ။ ဒီစည်းမျဉ်းတွေကို လိုက်နာဖို့ EU ကုန်သွယ်ရေးအရာရှိတွေရဲ့ စိုးရိမ်ချက်တွေကြောင့် စောင့်ကြည့်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ တာဝန်ရှိလာတာပါ။ ကျနော်ပြောသလို ဒီအခြေအနေမှာ ဘာကောက်ချက်မှတော့ မချရသေးပါဘူး။ အခုအနေထားအထိ ချထားတဲ့ ဆုံးဖြတ်ချက်က စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး မြန်မာအစိုးရနဲ့ ဆွေးနွေးမှုတွေ ပိုတိုးလုပ်ဆောင်နိုင်ဖို့ တောင်းဆိုထားတာပါ။ ဒီအပေါ်မှာ မူတည်ပြီး ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ရုတ်သိမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ကျနော်ရိုးရိုးသားသား မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး Kristian Schmidt နဲ့ VOA တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းကို မနက်ဖြန်မှာ ရှု့စားနိုင်ပါတယ်။