သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ဆုံးဖြတ်ချက် မြန်မာ့ဆန်ပြည်ပတင်ပို့ရေး အခက်အခဲဖြစ်လာ


ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားက တင်ပို့ရောင်းချနေတဲ့ အင်ဒီကာ (Indica) လို့ခေါ်တဲ့ ဆန်လုံးရှည် တင်ပို့မှု ကို အခွန်ကောက်ခံတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါးထွက်နှုန်းနဲ့ ဆန်အရည်အသွေး ပိုမိုကောင်းမွန်လာပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်အောင် ကြိုးစားနေချိန်မှာ အခုလိုအခွန်ကောက်ခံမှုဟာ မြန်မာနိုင်ငံအတွက် အခက်အခဲတစ်ခု ဖြစ်စေပြီး စိန်ခေါ်မှုတွေရှိလာတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုကောင်းစံဟိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကနေ တင်သွင်းနေတဲ့ အင်ဒီကာ ဆန်လုံးရှည်အပေါ် ဇန်နဝါရီလ ၁၈ ရက်၊ သောကြာနေ့ကစပြီး အခွန်ကောက်ဖို့ EU က ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်တာပါ။

အင်ဒီကာ ဆန်လုံးရှည်အမျိုးအစားဟာ မြန်မာနိုင်ငံမှာ တန်ဖိုးမြင့် ဆန်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကို ဆန်တင်ပို့ရောင်းချမှုမှာ နိုင်ငံတကာကို ယှဉ်ပြိုင်နိုင်ဖို့ အဖက်ဖက်က ကြိုးစားနေတာဖြစ်တဲ့အတွက် အခုလို အခွန်ကောက်ခံလိုက်တာကြောင့် အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေမှူး ဦးရဲမင်းအောင်က အခုလို ပြောပါတယ်။

" ဒီမြန်မာနိုင်ငံ အတွင်းမှာ ဆန်စက်တွေ ဖွံ့ဖြိုးတိုးတက်အောင် ရင်းနှီးမြှုံနှံမှုတွေ လုပ်ပီးတော့ ဆန်စက်တွေကို နိုင်ငံတကာ အဆင့်မီအောင် High quality ဆန်တွေတင်ပို့နိုင်အောင်ပေ့ါနော် လုပ်နေတဲ့အချိန်မှာ ဒီလိုအခက်အခဲတစ်ခု ကြုံတွေ့ရတာကတော့ ကျနော်တို့ဘက်က ယှဉ်ပြိုင်မှုကို ပိုကြိုးစားရမယ့်အနေအထား ဖြစ်သွားတာပေါ့နော်။"

အခုလို EU အနေနဲ့ အခွန်ကောက်ခံမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်အောင်ပိုကြိုးစားရရမယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

"တခြားနိုင်ငံတွေထက် ပိုပီးတော့ ကျနော်တို့က ဈေးနှုန်းအားဖြင့်သော်လည်းကောင်း၊ဝန်ဆောင်မှုအားဖြင့်သော်လည်းကောင်း၊ Qualityအားဖြင့်သော်လည်းကောင်း စံချိန်စံနှုန်းပိုင်းတွေအရ ယှဉ်ပြိုင်ရမှပေါ့နော်။ကျနော်တို့ဘက်ကတော့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားဖြစ်အောင် ကျနော်တို့က အများကြီး ကြိုးစားရမှာပေါ့နော်။"

သုံးနှစ်ကြာ သွင်းကုန်ခွန်ကောက်ခံမယ့် အစီအစဉ်မှာ ပထမနှစ်အတွက် ဆန်တန်ချန် တတန်ကို ဒေါ်လာ ၂၀၀နီးပါး ၊ဒုတိယနှစ်မှာ ဒေါ်လာ ၁၇၀နီးပါး ၊တတိယနှစ်မှာတော့ ဒေါ်လာ၁၄၀ကျော် အသီးသီးကောက်ခံဖို့ ဥရောပသမဂ္ဂ ကုန်သွယ်ရေးကော်မရှင်ကပြောထားပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို EU က GSP လို့ခေါ်တဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး ပေးထားတဲ့အတွက် လက်နက်ခဲယမ်း ကလွဲပြီး တခြားကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တင်ပို့တာမှာ အခွန်ကင်းလွတ်ခွင့် ရထားတာပါ။ ဆန် အပေါ် အခွန်ကောက်ခံမယ့်ကိစ္စဟာ EU က မြန်မာနိုင်ငံကိုပေးထားတဲ့ GSP အခွင့်အရေးကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတာနဲ့ မဆိုင်ဘဲ ဆန်တင်ပို့တဲ့ တခြား ဥရောပအဖွဲ့ဝင်နိုင်ငံတချို့ဘက်က စောဒကတက် ပြောဆိုထားတဲ့အပေါ် EU က ဆန်းစစ်လေ့လာ ပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ EU နိုင်ငံတွေကို တစ်နှစ်ကို အင်ဒီကာဆန်အပါအဝင် ဆန်တန်ချိန်လေးသိန်းအထိ တင်ပို့ရောင်းချနေပါတယ်။ အခု အခွန်ကောက်မယ့်ထဲမှာ ဆန်ကွဲနဲ့ တခြားဆန်အမျိုးအစားတွေတော့ မပါပါဘူး။

၂၀၁၈ ဧပြီလကစပြီး ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ဆန်တန်ချိန် ၁ ဒဿမ ၇ သန်းတင်ပို့ရောင်းချခဲ့ပြီး တရုတ်နိုင်ငံကို အဓိကထားတင်ပို့တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG