သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံရဲ့ လက်ရှိပြုလုပ်နေဆဲ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား ကို ရှေ့ရှုပြီး ဆွေးနွေး ညှိနှိုင်းကြဖို့ EU ဥရောပ သမဂ္ဂက တောင်းဆို လိုက်ပါတယ်။
ပြည်သူလူထု တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ပဋိပက္ခတွေ၊ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေရတာတွေကို အဆုံးသတ်စေဖို့ အတွက် ရည်ရွယ် လုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Roland Kobia က ပြောဆိုတဲ့အကြောင်း ကြာသာပတေးနေ့မှာ ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

EU ဥရောပသမဂ္ဂ အနေနဲ့ လက်ရှိသွားနေတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေရဲ့ အရေးပါမှုနဲ့ ခက်ခဲရှုတ်ထွေးတဲ့ အခြေအနေတွေကို နားလည်သဘောပေါက်ကြောင်းလဲ သံအမတ်ကြီး Roland Kobia က ပြောဆိုပါတယ်။

တနင်္လာနေ့မနက်ပိုင်းမှာ သံအမတ်ကြီး ကိုဘီးယား EU အဖွဲ့ဝင်နိုင်ငံတွေက တာဝန်ရှိသူတွေဟာ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ၊ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ ကိုယ်စားလှယ် တွေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ရဲ့ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ကြပြီး နောက်ဆုံး ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေတွေ နဲ့ အောက်တိုဘာလအတွင်း ဆက်လက်ပြုလုပ်ဖို့ရှိတဲ့ ညှိနှိုင်းရေး ကိစ္စတွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆက်လက် အားပေး ပါဝင်လုပ်ဆောင်ဖို့ NCCT က မေတ္တာ ရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။ EUဟာ မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေး ရရှိရေး ဖြစ်စဉ်မှာ အဓိက ငွေကြေးထောက်ပံ့မှု အများဆုံး ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

XS
SM
MD
LG