သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေကြမ်း လူ့အခွင့်အရေး ချိုးဖောက်ရာရောက်


EU ပြောခွင့်ရ Maja Kocijancic
EU ပြောခွင့်ရ Maja Kocijancic

မျိုးစောင့်ဥပဒေ မူကြမ်းလေးရပ်လုံးဟာ မြန်မာနိုင်ငံ ပါဝင် သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေး ပဋိဉာဏ်စာချုပ်တွေကို ချိုးဖောက်နေတယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက တနင်္လာနေ့က ပြောတယ်။ ဒါ့အပြင် နိုင်ငံတကာ မိသားစုထဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ လိုက်နာရမယ့် တာဝန်ကို မပျက်ကွက်ဖို့လိုတယ်လို့လည်း သူကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

မျိုးစောင့်ဥပဒေပြဌာန်းနိုင်ရေး သမ္မတဦးသိန်းစိန်က ကော်မရှင်ဖွဲ့ပြီး လုပ်ဆောင်မယ်လို့ လွှတ်တော်ကို အကြောင်းပြန်လိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းက အများပြည်သူလေ့လာဖို့ဆိုပြီး ဥပဒေမူကြမ်းတွေကို နိုင်ငံပိုင်သတင်းစာတွေမှာဖေါ်ပြခဲ့ပါတယ်။ အခုလို ဘာသာရေး၊ လူမှုရေးနဲ့ပတ်သက်တဲ့ ဥပဒေမူကြမ်းဟာ နိုင်ငံတကာ လူ့အခွင့်အရေးပြဌာန်းချက်တွေကို ချိုးဖောက်နေတယ်ဆိုပြီး လူထုအခြေပြုအဖွဲ့အစည်း (၁၀၀) ကျော်ကလည်း အပြင်းအထန်ကန့်ကွက်ထားတာပါ။ ဒီဥပဒေမူကြမ်းနဲ့ပတ်သက်လို့လည်း ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက မြန်မာအစိုးရအနေနဲ့ ဥပဒေတွေသတ်မှတ်ပြဌာန်းရာမှာ နိုင်ငံတကာပဋိဉာဉ်စာချုပ်တွေကို လိုက်နာကျင့်သုံးဖို့ တိုက်တွန်းကြောင်း EU ပြောခွင့်ရသူ Maja Kocijancic က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ဥပဒေတွေ ချမှတ်ရာမှာ လိုက်နာကျင့်သုံးရမယ့် နိုင်ငံတကာလူ့အခွင့်အရေး ကျင့်ဝတ်တွေအတိုင်း သေချာအောင် ဆောင်ရွက်ဖို့ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲက မြန်မာအစိုးရကို တိုက်တွန်းပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရက အဆိုတင်သွင်းဖို့ရှိတဲ့ ဥပဒေမူကြမ်းထဲမှာ “ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း”၊ “လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း”၊ “မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့် “တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း” တို့ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးပြဌာန်းချက်တွေနဲ့မညီတဲ့အတွက် EU အနေနဲ့ စိုးရိမ်မကင်းဖြစ်ရကြောင်း Maja Kocijancic ကပြောပါတယ်။

“ကျမတို့ စိုးရိမ်ရတဲ့အကြောင်းရင်းကတော့ ဒီဥပဒေမူကြမ်းဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးပဋိဉာဏ်စာချုပ်နဲ့ ကိုက်ညီမှုမရှိပါဘူး။ ဥပမာဆိုရင် CEDAW လို့ခေါ်တဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ ပပျောက်ရေး သဘောတူညီချက်ပါ အမျိုးသမီး အခွင့်အရေးတွေကို ချိုးဖောက်နေပါတယ်။”

ဒါ့အပြင် EU ရဲ့ကြေညာချက်မှာလည်း ဒီဥပဒေမူကြမ်းတွေကို ဝေဖန်ကန့်ကွက် ပြောဆိုခဲ့ကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေ အပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတာဟာလည်း စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အကြောင်းဖေါ်ပြထားပါတယ်။ မျိုးစောင့်ဥပဒေမူကြမ်းကို ကန့်ကွက်ပြောဆိုခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်တွေကိုလည်း အမျိုးမျိုးခြိမ်းခြောက်ခံရကြောင်း လူထုအခြေပြုအဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်သူ မဇင်မာအောင်က ဗွီအိုအေကိုပြောပါတယ်။

“ဒီမျိုးစောင့်ဥပဒေကို ဝေဖန်တဲ့သူတွေ၊ ကန့်ကွက်တဲ့သူတွေကို အမျိုးမျိုး ဖုန်းတွေကနေပြီးတော့ပဲတဆင့်၊ အွန်လိုင်း၊ ဖေ့စ်ဘုတ်ခ်တွေက နေပြီးတော့ပဲ တဆင့် ခြိမ်းခြောက်နေတာတွေ ရှိတယ်။ ဒါ့အပြင်ကိုနယ်တွေက တချို့သော ဘုန်းကြီးကျောင်းတွေမှာပေါ့နော်- ကျမတို့ရဲ့ပုံတွေနဲ့တကွ ဖော်ပြပြီးတော့ - ပုံတွေနဲ့တင်မဟုတ်ဘဲနဲ့ ကျမတို့ရဲ့ ဖုန်းနံပါတ်တွေကိုပါ ပဲန့်ဖလက်၊ နောက်ပြီးတော့ ဘီနိုင်းတွေပေါ်မှာပါ ရေးပြီး ဒီလူ ဒီလူတွေကတော့ အမျိုးသား သစ္စာဖောက်တွေဖြစ်တယ်၊ မွတ်ဆလင်တွေရဲ့ ပေးစာကမ်းစာကိုယူပြီးတော့ အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားနေတဲ့သူတွေ ဖြစ်တယ် ဆိုပြီးတော့ တဘက်သတ်ပေါ့နော်၊ ကိုယ်နဲ့သဘောထားမတူတဲ့အပေါ်မှာကိုပဲ တဘက်သတ်စွပ်စွဲပြီးတော့ ဖုန်းနံပါတ်တွေ ဖြန့်ဝေနေတာတွေဟာ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဒီဖုန်းနံပါတ်တွေကို ဆက်ပြီးတော့ နှောင့်ယှက်လို့ ပြောလိုက်တာနဲ့အတူတူပဲ။ အဲဒါကြောင့်မို့လို့တော့ အီးယူရဲ့ ထုတ်ဖော်ပြောကြားချက် အပေါ်မှာလည်း ကြိုဆိုတယ်လို့တော့ ပြောချင်ပါတယ်။”

အခုလိုအငြင်းပွားဖွယ်ရာ ဥပဒေမူကြမ်းတွေကို ပြဌာန်းဖို့ မြန်မာအစိုးရကြိုးပမ်းချက်ကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။

“ဆိုတော့ ကျမတို့ အဓိကထားပြီးတော့ စိုးရိမ်တာက ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ နောက်တခုက လက်ထပ်ထိမ်းမြားတဲ့ဥပဒေအရ ကျမတို့ ပြန်ကြည့်ကြည့်တဲ့အခါမှာ ၁၉၅၄ ဗုဒ္ဓဘာသာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာဥပဒေနဲ့ အခု ဥပဒေနဲ့က ဘာမှ အနှစ်သာရအားဖြင့် ကွာခြားမှုမရှိဘူးရှင့်။ အဲဒါကို သွားတွေ့ရတယ်။ ဆိုတော့ တခု စဉ်းစားစရာရှိတာက ဥပဒေရှိထားပြီးသား အနှစ်သာရအားဖြင့် ဘာမှ သိပ်မကွာခြားဘဲနဲ့ ဘာဖြစ်လို့ ဒီအချိန်မှာမှ ဒီဥပဒေကို ပြဌာန်းဖို့လို့ အငြင်းပွားဖွယ်ရာဥပဒေကို ပြန်လည်ပြီးတော့ အသက်သွင်းဖို့ ကြိုးစားရတာလဲဆိုတာ ကျမတို့က မေးခွန်းထုတ်စရာရှိတယ်။”

တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ EU ရဲ့ကြေညာချက်မှာ စာနယ်ဇင်းသမားတွေ၊ လူပုဂ္ဂိုလ်တွေအပေါ် အခြားအကြောင်းအမျိုးမျိုးနဲ့ ဥပဒေကြောင်းအရ အလွန်အကျွံအရေးယူ အပြစ်ပေးနေတာကိုလည်း စိုးရိမ်မကင်းဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကြိုးပမ်းချက်တွေကို ဆက်လက် အားပေးသွားမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ နှစ်နိုင်ငံပူးတွဲဆောင်ရွက်မှုအစီအစဉ်အရလည်း ၂၀၁၄ ကနေ ၂၀၂၀ ပြည့်နှစ်အထိ ယူရိုငွေ (၆၈၈) သန်းအကူအညီပေးဖို့ EU က လျာထားသတ်မှတ်ထားပါတယ်ရှင်။

XS
SM
MD
LG