သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ယုံကြည်စိတ်ချရတဲ့ စုံစမ်းရေးလိုအပ်ဟု ဥရောပသမဂ္ဂဆို


အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စေ့စပ်သေချာပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို မကြာသေးခင်က အင်းဒင် ကျေးရွာသုသာန်မှာ အသတ်ခံခဲ့ရတဲ့ အလောင်းတွေကိစ္စက အတည်ပြုလိုက်တာ ဖြစ်တယ်လို့ အီးယူ ဥရောပမဂ္ဂက ပြောဆိုလိုက်ပါတယ်။ အပြစ်ကျူးလွန်ခဲ့သူတွေ အပြစ်က ကင်းလွတ်ခွင့်ရတဲ့ အခြေအနေမျိုး မဖြစ်အောင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ဥရောပသမဂ္ဂက တိုက်တွန်းသလို၊ အလားတူ လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုတွေကို လက်ခံဖို့ မြန်မာအစိုးရကို ထပ်မံ တိုက်တွန်းလိုက်တဲ့အကြောင်း မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ မူစလင် ၁၀ ဦးကို လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ရွာသားတချို့က သတ်ဖြတ်ခဲ့တယ် ဆိုတာကို မြန်မာစစ်တပ်က ပထမဆုံးအကြိမ် ဝန်ခံ သတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက် အပြစ်ကျူးလွန်ခဲ့သူတွေကို အပြစ်က ကင်းလွတ်ခွင့်ရတဲ့ အခြေအနေမျိုး မဖြစ်အောင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ဥရောပသမဂ္ဂက တိုက်တွန်းလိုက်တာပါ။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စေ့စပ်သေချာပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေ အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေတယ် ဆိုတာကို အခုဖြစ်ရပ်က သက်သေပြလိုက်တာပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက သံရုံးအကြီးအကဲတွေက ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

“ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြတဲ့ တာဝန်ရှိသူတွေကို သူတို့ရဲ့လုပ်ရပ်အတွက် တာဝန်ခံမှုရှိရေး သေချာအောင်လုပ်ဖို့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စေ့စပ်သေချာပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတရပ် အရေးတကြီး လိုအပ်နေတယ်ဆိုတာကို ရက်စက်ကြမ်းကြုတ်လှတဲ့ အခု သတ်ဖြတ်မှုဖြစ်ရပ်က အတည်ပြုလိုက်တာပါပဲ။”

မြန်မာနိုင်ငံဆိုင်ရာ အီးယူ ကိုယ်စားလှယ်အဖွဲ့က ပြောခွင့်ရ Valerie Zirl ပြောသွားတာပါ။ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း EU က မြန်မာအစိုးရကို ထပ်မံ တိုက်တွန်းပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ နဲ့အတူ သတင်းသမားတွေပါ ပါဝင်တဲ့ တခြားသော သီးခြား လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပြီး ပဋိပက္ခ ဖြစ်ပွားရာနေရာတွေကို သူတို့တွေ အတားအဆီးမရှိ လွတ်လပ်လုံခြုံစွာ သွားရောက်ပြီး သတင်းအချက်အလက်တွေ ရယူစုံစမ်းနိုင်အောင် ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို ဥရောပသမဂ္ဂက ထပ်မံ တိုက်တွန်းပါတယ်။”

အလားတူ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International ကလည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း အခြေအနေတွေနဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုတွေ ခွင့်ပြုဖို့ မြန်မာအစိုးရကို ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ လုံး၀ အပြတ် ငြင်းဆန်မှုတွေကနေ အခုလို ဝန်ခံပြောဆိုလာတယ် ဆိုပေမဲ့လည်း၊ ဒီလောက်နဲ့ မလုံလောက်ဘဲ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေနဲ့ အပြစ်ကျူးလွန်သူတွေအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့Amnesty International ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေဟာ မြန်မာစစ်တပ်က ဒေသတွင်းက ရိုဟင်ဂျာ မူစလင်တွေကို လူမျိုးစုအလိုက် ရှင်းလင်းသုတ်သင်ဖို့ စနစ်တကျ အကွက်ချ စီစဉ်ဆောင်ရွက်ခဲ့တာ ဆိုပြီးတော့လည်း ကုလသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတချို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲပြောဆိုထားတာပါ။

ဒါပေမဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပယ်ထားပြီး သူတို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး အထိရောက်ဆုံး ကိုင်တွယ်ဖြေရှင်းနေတဲ့အကြောင်းနဲ့ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အလေးပေး ဆောင်ရွက်နေတဲ့အကြောင်း တုံ့ပြန်ထားပါတယ်။

အခု အင်းဒင်ကျေးရွာဖြစ်ရပ်နဲ့ ပတ်သက်လို့လည်း - ရွာသားတချိုု့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ သတ်ဖြတ်ခဲ့တယ်ဆိုတာ ဝန်ခံတဲ့အတွက် တာဝန်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာသားတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်သလို၊ ဖြစ်စဉ်မှာ တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိပေမဲ့လည်း ကွပ်ကဲဖို့တာဝန်ရှိတဲ့ သူတွေကိုလည်း လိုအပ်သလို ဖော်ထုတ်အရေးယူသွားမှာဖြစ်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ တပ်မတော်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG