သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် မဲရုံတွေအတွင်း အီးယူစောင့်ကြည့်ရေးအဖွဲ့ လေ့လာနိုင်မည်


(Credit: VOA Burmese)
(Credit: VOA Burmese)

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ စစ်တပ်တွေထဲက မဲရုံတွေကို သွားရောက် လေ့လာနိုင်မှာ ဖြစ်တယ်လို့ EU EOM အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆီကိုလည်း အာရုံစိုက် လေ့လာသွားမယ်လို့လည်း ပြောပါတယ်။

အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင် က သတင်းပေးပို့ထားပါတယ်။

၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲမှာ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်မယ့် အဖွဲ့တဖွဲ့ဖြစ်တဲ့ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ စစ်တပ်တွေထဲက မဲရုံတွေမှာ သွားရောက် လေ့လာနိုင်မှာဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ လေ့လာရေးမှူးအဖွဲ့ချုပ် Alexander Graf Lambsdorff က ဆိုပါတယ်။

“ကျနော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ် ရွေးကောက်ပွဲနေ့မှာ ကျနော်တို့အဖွဲ့အနေနဲ့ တပ်မတော်သား မဲရုံတွေကို သွားရောက် လေ့လာခွင့်ပေးမယ်လို့ သဘောတူထားပါတယ်။ သွားလို့ မရနိုင်တဲ့ နိုင်ငံတော် လုံခြုံရေးအရ တချို့မသွားရောက်နိုင်တဲ့ နေရာတွေကလွဲလို့ မဲရုံအားလုံးကို လွတ်လပ်စွာ လေ့လာခွင့်ပြုထားပါတယ်။”

EU EOM အဖွဲ့အနေနဲ့ ဒီရွေးကောက်ပွဲမှာ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်တဲ့ ဒေသတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ အရပ်တွေကို စောင့်ကြည့်သွားဖို့ ရှိသလားဆိုတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ မေးခွန်းကိုတော့ သူက အခုလို ဆက်ပြောပါတယ်။

“ပထမဦးဆုံးအနေနဲ့ ကျနော်တို့အဖွဲ့ဝင်တွေဟာ တနိုင်ငံလုံးအန့ှံ ဖြန့်ကျက်ပြီးတော့ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာသွားမှာပါ။ ပြီးတော့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကိုလည်း အာရုံစိုက် လေ့လာသွားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ရွေးကောက်ပွဲမှာ အားလုံးကို ပါဝင်စောင့်ကြည့်သွားမယ်ဆိုတဲ့ အခြေခံမူတခုနဲ့ ပြည့်ဝမှု လိုအပ်တာကြောင့် ဒီဒေသတွေဆီကိုလည်း သေချာပေါက် သွားရောက်မှာပါ။

ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ဟာ ရွေးကောက်ပွဲတခုကိုပဲ စောင့်ကြည့်လေ့လာတာမဟုတ်ဘဲ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ ကာလရှည် လေ့လာစောင့်ကြည့်သွားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အချက်အလက်တွေကိုလည်း အသေးစိတ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ကျနော်တို့ဟာ ရွေးကောက်ပွဲလေ့လာမှုတွေမှာ အသေးစိတ် လေ့လာမှုတွေ ပြုလုပ်သွားမှာပါ။ ကျနော်တို့တွေဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအားလုံးကို လေ့လာသွားမှာဖြစ်သလို ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒေသအဆင့် တိုင်းအဆင့်နဲ့ ပြည်ထောင်စု ကော်မရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေ၊ တသီးပုဂ္ဂလအမတ်တွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြောကြားချက်တွေနဲ့ မီဒီယာသမားတွေရဲ့ လုပ်ဆောင်မှု အ၀၀ကိုလည်း စောင့်ကြည့် လေ့လာသွားဖို့ ရှိပါတယ်။ ရွေးကောက်ပွဲနေ့မှာ မြို့နယ် ဒေသ အသီးသီးမှာရှိတဲ့ မဲရုံတွေရဲ့ မဲပေးမှုတွေ၊ မဲရေတွက်မှုတွေနဲ့ ရလဒ် ထုတ်ပြန် ကြေညာတာတွေ အားလုံးကိုလည်း စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ပါတယ်။”

EU EOM အဖွဲ့အနေနဲ့ ရွေးကောက်ပွဲကျင်းပပြီး ၂ ရက်အကြာမှာ ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်လို့ ကနေဦး တွေ့ရှိချက်တွေကို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပြီးတော့ အပြီးသတ် အစီရင်ခံစာကိုတော့ နောက်လအနည်းငယ်မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာမှာ နောက်လကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။ လေ့လာသူပေါင်း ၁၅၀ ဦး ပါဝင်မယ့် ဒီအဖွဲ့ဟာ ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာ စိတ်မဝင်စားသလို တဦးတယောက်ရဲ့ စေခိုင်းချက်တွေကိုလည်း ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဝင်ရောက် စွက်ဖက်ခြင်းမပြုဘဲ လေ့လာစောင့်ကြည့်သွားဖို့ပဲ ရှိပါတယ်။ ဒီအဖွဲ့ကနေ ကာလရှည်လေ့လာသွားမယ့်လူ ၃၀ ဟာ ရွေးကောက်ပွဲအလွန် ဒီဇင်ဘာလကုန်အထိ ဆက်ရှိနေမှာလည်း ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ဟာ ဥရောပအဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံအပြင် နော်ဝေ၊ ဆွစ်ဇာလန်နဲ့ ကနေဒါနိုင်ငံတို့ကနေ လေ့လာသူပေါင်း ၁၅၀ ဦးကို မြန်မာနိုင်ငံတဝှမ်းသို့ စေလွှတ် သွားမှာလည်း ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG