ဥရောပ အာကာသ စူးစမ်းရေးဌာနက လွှတ်တင်လိုက်တဲ့ ယာဉ်ဟာ ကြယ်တံခွန်ကြီးပေါ် ကို ပထမဆုံး အောင်အောင်မြင်မြင် ဆင်းသက်နိုင် ခဲ့ပြီဖြစ်ပါတယ်။ အရွယ်အစားသေးငယ်တဲ့ အာကာသ စူးစမ်းရေးဂြိုလ် ဆင်းယာဉ်ဟာ ကမ္ဘာကြီးနဲ့ ဝေးကွာလှတဲ့ ကြယ်တံခွန်ကြီး တခုပေါ်ကို ခက်ခက်ခဲခဲ ဆင်းသက်ခဲ့ရပေမဲ့ ကြယ်တခွန်ရဲ့ မျက်နှာပြင်ပေါ် မှာ ရောက်ရှိနေပြီ ဆိုတာကတော့ သေချာတယ်လို့ ဥရောပ အာကာသ အေဂျင်စီက ပြောပါတယ်။
အာကာသစူးစမ်းလေ့လာရေးယာဉ် Philae ကနေ ရိုက်ကူး ပေးပို့လိုက်တဲ့ 67P/Churyumov-Gerasimengo ရဲ့ ကျောက်သားမျက်နှာပြင် ဓါတ်ပုံကို ကြာသာပတေးနေ့ စောစောပိုင်းမှာ ဥရောပ အာကာသ အေဂျင်စီက ထုတ်ပြန် ပြသခဲ့ပါတယ်။
ဒီဓါတ်ပုံအထောက်အထားအရ Philae ယာဉ်ဟာ ထောင့် တနေရာမှာ ရောက်ရှိနေကြောင်း ဒါပေမဲ့ လုပ်ရမယ့် အလုပ်တွေ ကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်ပြီး အချက်အလက်တွေကို လည်း ပေးပို့နေကြောင်း မြေပြင်ကနေ လှမ်းပြီး ထိန်းချုပ်နေသူတွေ က ပြောဆိုပါတယ်။
ဒါပေမယ့် စူးစမ်းရေးယာဉ်ဟာ ကြယ်တံခွန်ပေါ်က ကျောက်သား ချောက်ကမ်းပါး နံရံရဲ့ အရိပ်အောက်မှာ ရောက်နေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ယာဉ်ရဲ့ဆင်းသက်တဲ့ အောက်ခြေပိုင်းကို နေရာတကျဖြစ်အောင် နောက်တရက်လောက် ကြိုးပမ်းလိုက်ရင် စူးစမ်းယာဉ်ရဲ့ နေရောင်ခြည်အားဖြည့် ဆိုလာပြားတွေကို အနေအထား ပိုကောင်း လာလိမ့်မယ်လို့ သူတို့က ပြောပါတယ်။