သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သွင်းကုန်ခွန်တိုးကောက်မှု ဥရောပနဲ့ မြောက်အမေရိက နိုင်ငံတွေ လက်တုံ့ပြန်


သံမဏိနဲ့အလူမီနီယံသွင်းကုန်ဆိုင်ရာ အခွန်တိုးမြှင့်ကောက်ခံမယ့်ကြေညာချက်ကို လက်မှတ်ရေးထိုးစဉ်။ (မတ် ၈၊ ၂၀၁၈)
သံမဏိနဲ့အလူမီနီယံသွင်းကုန်ဆိုင်ရာ အခွန်တိုးမြှင့်ကောက်ခံမယ့်ကြေညာချက်ကို လက်မှတ်ရေးထိုးစဉ်။ (မတ် ၈၊ ၂၀၁၈)

EU ဥရောပသမဂ္ဂ၊ Canada နဲ့ Mexico နိုင်ငံတွေကနေ အမေရိကန်ကို တင်သွင်းတဲ့ သံမဏိတွေအတွက် သွင်းကုန်ခွန် ၂၅% အလူမီနီယံအတွက် ၁၀% ကောက်ခံဖို့ အမေရိကန်အစိုးရက သတ်မှတ်လိုက်ပြီးနောက် အဲဒီနိုင်ငံတွေကလည်း တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အလားတူ သွင်းကုန်ခွန်တိုးကောက်မယ်လို့ ကြေညာခဲ့ကြပါတယ်။ သမ္မတ Donald ကကုန်သွယ်ရေးမမျှတမှုဖြစ်နေတာကြောင့် ခုလိုသွင်းကုန်ခွန်တွေ တိုးကောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်မှုက အမေရိကန်စားသုံးသူတွေအတွက် ထိခိုက်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကုန်သွယ်ရေးမှာ အမေရိကန်ပြည်ထောင်စု အခွင့်ကောင်းယူ ခေါင်းပုံဖြတ်ခံနေရတဲ့ရက်တွေ အဆုံးသပ်သွားပြီလို့ သမ္မတ Donald Trump ကပြောဆိုပြီး EU နိုင်ငံတွေ။ Canada နဲ့ Mexico နိုင်ငံတွေက တင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံတွေအပေါ် သွင်းကုန်ခွန်တွေ သတ်မှတ်လိုက်ပါတယ်။ June လ ၁ရက် သောကြာနေ့မှာ စတင်အကြုံးဝင်တဲ့ သတ်မှတ်ချက်အရ အမေရိကန်ကိုတင်သွင်းတဲ့ သံမဏိကို ၂၅% အလူမီနီယံကို ၁၀% သွင်းကုန်ခွန် ပေးရမှာဖြစ်ပါတယ်။ အမေရိကန်ဖက်က ခုလိုလုပ်လိုက်တဲ့အတွက် EU ကိုတင်သွင်းနေတဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ်လည်း ပြန်ပြီးသွင်းကုန်ခွန်ကောက်မယ်လို့ EU ကတုံ့ပြန်လိုက်ပါတယ်။ အဖွဲ့ဝင် ၂၈ နိုင်ငံနဲ့ တိုင်ပင်ဆွေးနွေးပြီး ဘယ်လိုတုံ့ပြန်ဆောင်ရွက်မယ်ဆိုတာ June လမကုန်ခင်ကြေညာမယ်လို့ ဥရောပသမဂ္ဂကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Cecilia Malmstrom ကပြောကြားခဲ့ပါတယ်။

“၂ ဖက် ပြန်လည်ညီမျှစေမယ့် ဆောင်ရွက်မှုတွေလုပ်ဖို့ EU ကစတင်ပြင်ဆင်နေပါပြီ။ မျှတပြီး ချင့်ချိန် တွက်ချက်တဲ့နည်းလမ်းနဲ့ လာမဲ့သီတင်းပါတ် ၂ ပါတ်အတွင်း လုပ်ဆောင်သွားမှာပါ။”

နာမည်ကျော် အမေရိကန်ထွက်ကုန်တွေဖြစ်တဲ့ Harley Davison မော်တော်ဆိုင်ကယ်တွေ။ Levi’s ဂျင်းအဝတ်အထည်တွေ။ Kentucky bourbon အရက်နဲ့ Tennessee whiskey အရက်တွေအပါအဝင် ဒေါ်လာဘီလျံနဲ့ချီတန်ဖိုးရှိတဲ့ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် EU ကသွင်းကုန်ခွန်ချမှတ်မယ်လို့ မျှော်လင့်ရပါတယ်။ အလားတူ Canada နိုင်ငံကလည်း အမေရိကန်ကုန်ပစ္စည်းတွေကို သွင်းကုန်ခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။

“အမေရိကန်ဖက်က ကနေဒါအပေါ် စည်းကြပ်ကောက်ခံတဲ့ ၁ ဒေါ်လာတိုင်းအတွက် ကနေဒါကလည်းအခွန်ကောက်မှာဖြစ်ပါတယ်။ ဒါဟာ ဒေါ်လာ ၁၆.၆ ဘီလျံဖိုး လက်တုံ့ပြန်မှုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲပြီးနောက်ပိုင်း ကနေဒါဖက်က အပြင်းထန်ဆုံး ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုဖြစ်ပါတယ်။ ပြင်းထန်တဲ့တုံ့ပြန်မှု၊ ညီမျှတဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။”

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကြေညာခဲ့တာပါ။ ကနေဒါဝန်ကြီးချုပ် Justin Trudeau ကလည်း အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကို သံမဏိဒုတိယအများဆုံး တင်ပို့နေတဲ့ Mexico နိုင်ငံကလည်း အမေရိကန်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်ကောက်မယ်လို့ စီးပွားရေးဝန်ကြီး Ildefonso Guajardo ကကြေညာပါတယ်။

“ကုန်သွယ်ရေးနဲ့ပါတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ဆောင်ရွက်မှုနဲ့ ညီမျှတဲ့ဆောင်ရွက်မှုတွေ လုပ်သွားမယ်ဆိုတာကို Mexico က ကြေညာပါတယ်။”

ဝက်သား၊ ပန်းသီး၊ စပျစ်သီး၊ Cheese နဲ့ သံမဏိပြားတွေအပါအဝင် အမေရိကန်ကတင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်ကောက်မယ်လို့ Mexico ကပြောပါတယ်။ အမေရိကန် အလုပ်ကိုင်တွေနဲ့ အဓိကထုတ်ကုန်လုပ်ငန်းတွေကို ကာကွယ်ဖို့ သံမဏိ၊ အလူမီနီယံတွေအပေါ် သွင်းကုန်ခွန်ကောက်ခံဖို့ လိုအပ်တယ်လို့ သမ္မတ Donald Trump ကပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုအတွက် မဟာဗျူဟာအရ အရေးအကြီးဆုံး မဟာမိတ်နိုင်ငံတွေအပေါ် ခုလိုလုပ်တဲ့အပေါ် သမ္မတ Trump ရဲ့ Republican ပါတီထဲက အမတ်တွေအပါအဝင် လွှတ်တော်အမတ်တချို့ကလည်း ဝေဖန်နေကြပါတယ်။ အထူးသဖြင့် ပို့ကုန်တွေအပေါ် အားထားနေရတဲ့ ပြည်နယ်တွေရဲ့ အမတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါ။

အရေးအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် သွင်းကုန်ခွန်ကောက်တာ မှားယွင်းတယ်။ သမ္မတလုပ်ပိုင်ခွင့်ကို မတရားသုံးတာဖြစ်တယ်လို့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Tennessee ပြည်နယ်အမတ် Bob Corker ကပြောကြားပါတယ်။ ရန်သူတွေကို ဆက်ဆံသလို မဟာမိတ်တွေကို ဆက်ဆံလို့မရဘူးလို့ Nebraska ပြည်နယ်။ Republican အထက်လွှတ်တော်အမတ် Ben Sasse ကလည်း Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ Tennessee ပြည်နယ်မှာ အဓိက မော်တော်ကားစက်ရုံကြီး ၃ ခုရှိပါတယ်။ Nebraska ပြည်နယ်ဆိုရင်လည်း ဝက်၊ နွား၊ ပြောင်း၊ ပဲပိစပ်တွေကို အဓိကတင်ပို့နေတဲ့ ပြည်နယ်တခုပါ။ Bourbon အရက်ထုတ်တဲ့ Kentucky ပြည်နယ်ဆိုရင် အထက်လွှတ်တော်လူများစုခေါင်းဆောင် Mitch McConnell ရဲ့ပြည်နယ်ဖြစ်သလို Harley Davidsons မော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့ Wisconsin ပြည်နယ်ကလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan ရဲ့ ပြည်နယ်ဖြစ်ပါတယ်။ နိုင်ငံခြားကသွင်းတဲ့ သံမဏိနဲ့ အလူမီနီယံတွေကို သုံးပြီး ကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းတွေအနေနဲ့ ဈေးတွေတက်ကုန်မှာ ဖြစ်တာကြောင့် သူတို့စီးပွားရေးထိခိုက်မှာ စိုးရိမ်နေကြပါတယ်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ အပြန်အလှန် သွင်းကုန်ခွန်တွေ စည်းကြပ်ကောက်ခံကြတဲ့အတွက် အမေရိကန်တွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်လိမ့်မယ်လို့ Competitive Enterprise ကသုံးသပ်သူ Ryan Young ကပြောပါတယ်။

“အလုပ်ပြုတ်တာတွေအပြင် မရေရာမှုတချို့ဖြစ်လာပါလိမ့်မယ်။ အိမ်လခ ဘယ်လိုပေးကြမလဲ။ ရေဖိုး မီးဖိုး ၂ ခုလုံးအတွက် မတတ်နိုင်တော့လို့ ဘယ်ဟာကိုပေးကြမလဲဆိုတဲ့ ခက်ခဲတဲ့မေးခွန်းထုတ်မှုတွေ မိသားစုတော်တော်များများကြားမှာ မေးစရာဖြစ်လာပါလိမ့်မယ်။ အဲဒီအတွက် သမ္မတတာဝန်ခံရမှာဖြစ်ပါတယ်။”

သံမဏိနဲ့ အလူမီနီယံတွေအပေါ် သွင်းကုန်ခွန်စည်းကြပ်တဲ့အတွက် အမေရိကန်တွေပေးရတဲ့ အခွန်များသွားစေပြီး စားသုံးသူတွေ။ ကုန်ထုတ်သူတွေ။ အလုပ်သမားတွေအတွက် ထိခိုက်တဲ့အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ Republican အမတ် Orrin Hatch ကလည်းပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG