သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် အစ္စရေးစွပ်စွဲချက် အီးယူ သံသယရှိ


အီရန်နိုင်ငံက သူ့ရဲ့ Nuclear အစီအစဉ်နဲ့ပတ်သက်လို့ ဗြောင်ညာနေတယ်လို့ဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့က အထောက်အထားတွေ ပြခဲ့တဲ့အပေါ် ဥရောပသံတမန်တွေက တော်တော်လေး သံသယရှိနေကြပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရဲ့ တင်ပြချက်တွေအတွင်း ၂၀၁၅ ခုနှစ်က အီရန်နဲ့ နိုင်ငံတကာရရှိထားတဲ့ သဘောတူညီချက်ကို ဖျက်ဖို့လည်း အမေရိကန်သမ္မတ Donald Trump ကိုသူက တိုက်တွန်းခဲ့တာပါ။ ဒီပြောကြားတင်ပြချက်တွေဟာ အိမ်ဖြူတော်နဲ့ အစ္စရေးဝန်ကြီးချုပ်တို့ ဇတ်တိုက်ပြီးလုပ်တယ်လို့ အမေရိကန်ရဲ့ မဟာမိတ်ဥရောပနိုင်ငံတွေက သံသယဝင်နေကြပါတယ်။

သဘောတူစာချုပ်ကို ဖောက်ဖျက်တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရဲ့ တနင်္လာနေ့က တင်ပြချက်တွေထဲမှာ တိုက်ရိုက်မပြောပေမယ့် ဒီသဘောတူစာချုပ်ထဲက မထွက်ပါနဲ့လို့ သမ္မတ Trump ကို ဥရောပခေါင်းဆောင်တွေက အကြီးအကျယ် တိုက်တွန်းနေကြချိန်မှာ ဝန်ကြီးချုပ် Netanyahu က နှုတ်ထွက်အောင် ရည်ရွယ်လုပ်ပြတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ Nuclear လက်နက်နည်းပညာအတွက် အီရန်အရင်လုပ်ခဲ့တဲ့ဆောင်ရွက်ချက်တွေအပေါ် အစ္စရေးဝန်ကြီးချုပ်ရဲ့ တင်ပြချက်တွေကို ကြည့်ခြင်းဖြင့် အီရန်အစိုးရရဲ့ Nuclear ရည်ရွယ်ချက်ကို အီရန်သဘောတူညီချက်နဲ့ ကန့်သတ်ထားဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြသနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ပြောကြားခဲ့ပါတယ်။

အစ္စရေးရဲ့ တင်ပြချက်က အီရန်သဘောတူညီမှု ဘယ်လောက်လိုအပ်တယ်ဆိုတာ ထပ်ပြီးအားဖြည့်ပေးလိုက်တာပဲလို့ ပြင်သစ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကလည်း ပြောပါတယ်။ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Federica Mogherini ကတော့ Netanyahu ရဲ့ ပြောကြားချက်တွေကြောင့်တော့ သဘောတူချက်တွေအတိုင်း အီရန် လိုက်နာခြင်းရှိ မရှိဆိုတာ မေးခွန်းထုတ်စရာ မလိုဘူးလို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးထောက်လှမ်းရေးတွေ တဟီရန်ကနေ ရရှိတယ်လို့ဆိုတဲ့ စာမျက်နှာ ၅ သောင်းခွဲလောက်ရှိတဲ့ စာရွက်စာတမ်းတွေနဲ့ CD ပြား ၁၈၀ ကျော်ပေါ် အခြေခံပြီး ဝန်ကြီးချုပ် Netanyahu က အီရန်ကို စွပ်စွဲခဲ့တာဖြစ်ပါတယ်။

အီရန်အပေါ် အစ္စရေးစွပ်စွဲချက် အီးယူ သံသယရှိ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG