ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်း ဆောင်ရွက်နေတာနဲ့အမျှ ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအဝိုင်း အားလုံးအတွက် တန်းတူ ညီမျှတဲ့ အုပ်ချုပ်မှုနဲ့ တရားဥပဒေစိုးမိုးမှု ရှိအောင် အစိုးရက ဆောင်ရွက်ပေးရလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့မှာကျင်းပတဲ့ အီးယူရဲ့ပညာရေးအစီအစဉ် ဆွေးနွေးပွဲတခုကို တက်ရောက်လာတဲ့ သံအမတ်ကြီး Kristian Schmidt ကို ရိုက်တာ သတင်းဌာနက သီးသန့် တွေ့ဆုံမေးမြန်းချိန်မှာ အဲဒီလို ပြောသွားတာပါ။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေ အကြား ညှိနှိုင်း ဆောင်ရွက်နေချိန်မှာပဲ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် နေရပ် ပြန်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်ဖို့ EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Kristian Schmidt က တိုက်တွန်းလိုက်တာပါ။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အရင်းအမြစ်ကို နားလည်အောင် လုပ်ဖို့၊ လူမှုအသိုင်းအဝိုင်းတွေကြား ကွဲပြားမှုတွေ ဖြစ်စေတဲ့ ခွဲခြား ဆက်ဆံမှုတွေ အဆုံးသတ်ပြီး၊ အားလုံး တန်းတူညီမျှမှုရှိအောင် အစိုးရက ဆောင်ရွက်ပေးရလိမ့်မယ်လို့ သံအမတ်ကြီး Schmidt က ပြောပါတယ်။
"ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှုရှိအောင်၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ အရပ်ဘက် အုပ်ချုပ်ရေးတရပ် တည်ဆောက်ရပါလိမ့်မယ်။ ဘယ်လူမှုအသိုင်းအဝိုင်းက အများစုလဲ… ဘယ်သူတွေက ဘယ်သူ့တွေအပေါ်မှာ ခြိမ်းခြောက်တာတွေ ရှိနေလဲ… အဲဒီလိုနေရာမှာ တရားဥပဒေစိုးမိုးပြီး လူတိုင်းအတွက် တန်းတူညီမျှတဲ့ အုပ်ချုပ်ရေး ရှိရပါမယ်။”
ပြီးခဲ့တဲ့သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးကင်းစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့ကို ဥရောပသမဂ္ဂ က ပြစ်တင်ရှုတ်ချသလို၊ တချိန်တည်းမှာလည်း ဒီဖြစ်ရပ်နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာမူစလင် ဒုက္ခသည် ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပြီး ဒါဟာ ရိုဟင်ဂျာ မူစလင်တွေကို အကွက်ချစီစဉ်ပြီး တမင် မောင်းထုတ်ခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂ၊ EU၊ အမေရိကန် စတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲ ဝေဖန်နေတာပါ။
ရခိုင်မြောက်ပိုင်းအရေး စစ်တပ်ရဲ့ကိုင်တွယ်ပုံတွေကို ကန့်ကွက်တဲ့အနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အကြီးတန်း မြန်မာစစ်တပ်အရာရှိတွေကို အီးယူနိုင်ငံတွေကိုလာရောက်ခွင့်လည်း အီးယူက ဆိုင်းငံ့ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာမယ်ဆိုရင်တော့ ဒီဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ဖို့ အဆင့်သင့်ပါပဲလို့ သံအမတ်ကြီး Schmidt က ပြောပါတယ်။
"ကောင်းတဲ့သတင်းတွေ ဒါမှမဟုတ်၊ သိပ်အကောင်းကြီးမဟုတ်တဲ့ သတင်းတွေပေါ် မူတည်ပြီး ဒီဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ အဆင်သင့်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ မြန်မာစစ်တပ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ကျနော်တို့ ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့်လည်း တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ အမြဲလမ်းဖွင့်ထားပါတယ်။”
ပြီးခဲ့တဲ့သြဂုတ်လကစလို့ ရခိုင်ပြည်နယ်တွင်း တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ အလုံးအရင်း ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေ ဘာကြောင့်ဖြစ်ခဲ့ရတာလဲ ဆိုတာ သေချာသိနိုင်ဖို့၊ ပြစ်မှုကျူးလွန်သူတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အပြစ်ပေး အရေးယူနိုင်ဖို့မှာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှိဖို့ အရေးကြီးတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
"လူပေါင်း ၆ သိန်း ၂ သောင်းကျော် တဘက်နယ်စပ်ကို ကျော်ဖြတ်ပြီး ထွက်ပြေးခဲ့ရတဲ့ ဆိုးရွားလှတဲ့ အခြေအနေကြီး ဘာကြောင့် ဖြစ်ခဲ့တာလဲ ဆိုတာ ကျနော်တို့ နားလည်ဖို့ လိုပါတယ်။ အများယုံကြည် လက်ခံနိုင်တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှိရပါမယ်။”
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံတွင်း လာရောက် လေ့လာခွင့်ပြုဖို့ အီးယူအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုနေတာပါ။ ဒါပေမဲ့ မြန်မာအစိုးရကတော့ ဒီအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်တွင်းက အခြေအနေကို ပိုပြီး ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မှာမဟုတ်ဘဲ၊ ပိုပြီးတော့သာ ဆိုးသွားနိုင်တယ်လို့ဆိုပြီး လက်မခံနိုင်ကြောင်း ပြောဆိုထားတာပါ။
ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေဟာလည်း ခိုင်လုံမှုမရှိဘူးလို့ မြန်မာစစ်တပ်ကရော၊ အစိုးရကပါ တုံ့ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး တရပ်ကိုတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ တောင်းဆိုချက်အရ လာမယ့်ရက်ပိုင်းတွေအတွင်း ကျင်းပဖို့ရှိနေပါတယ်။