အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ဗြိတိန်နိုင်ငံနဲ့ ဥရောပနိုင်ငံတချို့ကို တိုက်ရိုက်ပြေးဆွဲနေတဲ့ Eurostar ရေအောက်ရထားလှိုဏ်ဂူ တချို့နေရာတွေမှာ ရေကြီးနေတဲ့အတွက် ဗြိတိန်ရထားခရီးစဉ် ၁၄ ခုထက် မနည်းဖျက်ခဲ့ရပါတယ်။
ဒီနေ့ စနေနေ့ မနက်ပိုင်းက လန်ဒန်မြို့ St. Pancras ဘူတာကနေ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က Gare du Nord ဘူတာကိုသွားတဲ့ခရီးစဉ်တော်တော်များများကို ဖျက်ခဲ့ရတာကြောင့် ခရီးသည်ထောင်နဲ့ချီ ဘူတာရုံတွေမှာ သောင်တင်နေပြီး ခရီးမဆက်နိုင်ဖြစ်နေကြပါတယ်။ နေရာတော်တော်များများမှာ မိုးလေဝသ သတိပေးချက်တွေ ထုတ်ပြန်ထားရတဲ့ ဗြိတိန်နိုင်ငံမှာ Kent မြို့ Ebbsfleet နိုင်ငံတကာဘူတာရုံနားက မြေအောက်လှိုဏ်ဂူထဲရေတွေဝင်ပြီး ရေကြီးနေတာဖြစ်ပါတယ်။
ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲနိုင်အောင် အမြန်ဆုံးကြိုးစားနေတယ်လို့ ဗြိတိန်မီးရထားပြေးဆွဲမှုလုပ်ငန်းတွေကြီးကြပ်တဲ့ Network Rail ကပြောပါတယ်။ Eurostar ကလည်း ခရီးစဉ်ထိခိုက်ခဲ့သူအားလုံးအနေနဲ့ လက်မှတ်တွေ ပြောင်းလဲနိုင်သလို လက်မှတ်ဖိုး အပြည့်ပြန်ရခွင့်ရှိတယ်လို့ ပြောကြားထားပါတယ်။
လန်ဒန်မြို့ကနေ ပြင်သစ်နိုင်ငံ ပါရီမြို့၊ Belgium နိုင်ငံ Brussel မြို့နဲ့ Netherlands နိုင်ငံ Amsterdam မြို့တွေကို Eurostar မီးရထားတွေ အသွားအပြန် ပြေးဆွဲနေတာဖြစ်ပါတယ်။ ခုလို နှစ်သစ်ကူးချိန် ပါရီမြို့တော်နဲ့ Disney Land ကစားကွင်းဆီ ဗြိတိန်မိသားစုတွေ သွားလည်ကြလေ့ရှိသလို လန်ဒန်မြို့တော်က နှစ်သစ်ကူးပွဲဆင်နွဲဖို့ လာရောက်ကြသူတွေလည်း အမြောက်အများရှိပါတယ်။