သုံးရလွယ်ကူစေသည့် Link များ

 
လက်နက်ကိုင် ပဋိပက္ခတွေက မဲမသမာမှုနဲ့ အာဏာကို အဓမ္မနည်းနဲ့ ရယူလိုမှုကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်ပြောဆိုချက် မှန်၊ မမှန်
နောက်ဆုံးရသတင်း

လက်နက်ကိုင် ပဋိပက္ခတွေက မဲမသမာမှုနဲ့ အာဏာကို အဓမ္မနည်းနဲ့ ရယူလိုမှုကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်ပြောဆိုချက် မှန်၊ မမှန်


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရတဲ့အဆောက်အဦတခုနဲ့အတူ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) အဖွဲ့အဝင်တဦးကိုတွေ့ရစဉ် (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရတဲ့အဆောက်အဦတခုနဲ့အတူ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) အဖွဲ့အဝင်တဦးကိုတွေ့ရစဉ် (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်ကောင်စီဥက္ကဋ္ဌ

ယခုကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ် ပယ်ဖျက်ခံရသည့်အပေါ် အမှန်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့်ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသောဒေသများကို အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြပါသည်။

ဒါက မှားယွင်းနေပါတယ်။
အချက်အလက်စိစစ်ခြင်း

ဒီကနေ့ အချိန်မှာ ကြုံတွေ့နေရတဲ့ အခြေအနေများက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသာမှုနဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခံရတဲ့အပေါ်မှာ အမှန်အတိုင်း သုံးသပ်ခြင်းမရှိဘဲ အာဏာကို အဓမ္မနည်းနဲ့ လိုချင်မှုကြောင့် သွေးထိုးလှုံ့ဆော်မှုတွေကနေ စတင်ခဲ့ခြင်းဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၇) နှစ်မြောက် “ချင်းအမျိုးသားနေ့” သဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်းပြောပါတယ်။

အဲ့ဒီ သဝဏ်လွှာအတွင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အနေနဲ့ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေတဲ့ဒေသတွေကို အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားတာကို တွေ့ရပါတယ်။

ဒါက မှားယွင်းနေပါတယ်။

မဲမသမာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုကို အမှန်အတိုင်းမသုံးသပ်ဘဲ အာဏာကို အဓမ္မနည်းနဲ့ လိုချင်မှုကြောင့် မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ပြောဆိုထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီကို လက်နက်ကိုင် ခုခံနေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဆန္ဒပြတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့ကြပေမယ့် စစ်ကောင်စီက နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲမှု နဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်လာတာကြောင့် လက်နက်ကိုင် ခုခံတဲ့ နည်းလမ်းကို ရွေးချယ်ရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသာမှုတွေရှိခဲ့ပြီး တိုင်းပြည်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုထားပေမယ့် ၂၀၂၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အစီရင်ခံ ထုတ်ပြန်ချက်တွေမှာတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ စီမံခန့်ခွဲဆိုင်ရာ အားနည်းချက်များနဲ့ ချွတ်ချော်မှုများရှိခဲ့ပေမယ့်လည်း ရွေးကောက်ပွဲရလဒ်အပြောင်းအလဲ ဖြစ်စေနိုင်လောက်အထိ သက်ရောက်မှု မရှိခဲ့ဘူးလို့ ဖေါ်ပြခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာတော့ စောင့်ကြည့် လေ့လာမှုများအရ ရွေးကောက်ပွဲဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းများရဲ့အားနည်းချက်များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်များကြောင့်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ပေမယ့်လည်း ရွေးကောက်ပွဲရလဒ်များက မဲဆန္ဒရှင်အများစုရဲ့ သဘောထားနှင့်အညီ ရရှိလာတဲ့ ရွေးကောက်ပွဲရလဒ်များ ဖြစ်တာကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် တွေ့ရှိရပါတယ်လို့ ဖေါ်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ မဲမသာမှုအကြောင်းပြချက်နဲ့ စစ်အာဏာသိမ်းခဲ့ပြီး အရပ်သားအစိုးရခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း အကြမ်းမဖက် ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတကာအပါအဝင်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း စစ်အာဏာသိမ်းမှုကို ပြန်ရုတ်သိမ်းဖို့နဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီက လျစ်လျူရှုခဲ့ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲတာနဲ့ ဖမ်းဆီးထောင်ချမှုတွေကိုသာ လုပ်ဆောင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက်ဆန္ဒပြပွဲတွေကို စစ်တပ်က ကျည်အစစ်များအသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်းပြီး ( ၂) လအတွင်း အနည်းဆုံး ပြည်သူ (၅၄၃) ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းပြီး ၂ လ အကြာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ စတင်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို လက်လုပ်တူမီးသေနတ်များဖြင့် ခုခံခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှု ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကနေ စတင်ပြီး လက်နက်ကိုင်ခုခံတော်လှန်မှု စတင်ခဲ့တာဖြစ်ပါတယ်။

NCA (၈)နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ မိန့်ခွန်းအတွင်းမှာလည်း မဲမသမာမှုကို ဥပဒေနဲ့အညီ ဖြေရှင်းခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။

အဆိုပါပြောဆိုချက်ကို ဗွီအိုအေက အချက်အလက်စစ်ဆေးပြီး ရေးသားဖေါ်ပြထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ချင်းပြည်နယ်နေ့ သဝဏ်လွှာအတွင်းမှာ လက်နက်ကိုင်အကြမ်းဖက်မှုများရဲ့ ဆိုးကျိုးကို လက်တွေ့ခံစားနေရတာက ဒေသခံတိုင်းရင်းသားပြည်သူများဖြစ်ပြီး ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရန် ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူများက အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းတယ်လို့ ထည့်သွင်းပြောဆိုထားတာတွေ့ရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီအနေနဲ့ စစ်အာဏာသိမ်းမှု (၄) နှစ်ကျော်အတွင်း ချင်းပြည်နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေလည်း လုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်က စပြီး ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့အထိ ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂၁၄) ကြိမ်နဲ့ လေကြောင်းကနေ ဗုံး (၁,၀၆၁) ကျော်တိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး (၂၄၉ ) ဦး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၁,၂၈၀) ကျော်၊ အစိုးရအဆောက်အသီး (၃၈) လုံးကျော်နဲ့ ဘာသာရေးအဆောက်အဦး (၃၉) လုံးကျော် ပျက်စီးခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

စစ်ကောင်စီက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုများနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုများကြောင့် အာဏာသိမ်းမှု (၄) နှစ်တာအတွင်း ချင်းပြည်နယ်မှာ အရပ်သားနေအိမ်အလုံးပေါင်း ၃,၄၇၉ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံကို စစ်ဘေးရှောင်နေသူ ခြောက်သောင်းခွဲကျော်နဲ့ ချင်းပြည်နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သိန်းသုံးသောင်းကျော်ရှိတယ်လို့ ICA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှု အားကောင်းခဲ့တဲ့ ဒေသတွေထဲမှာ ချင်းပြည်နယ်လည်း ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် ချင်းတော်လှန်ရေးအင်အားစုတွေပူးပေါင်းဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) တို့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်း မြို့ပေါင်း (၂၀) ရှိတဲ့အနက် မြို့ပေါင်း (၁၅) မြို့ကို စစ်ကောင်စီက လက်လွှတ်ထားရပါတယ်။ ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့တဲ့ ချင်းလူထုအစည်းအဝေးပွဲ ပြုလုပ်ရာ ဖလမ်းမြို့မှာလည်း ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိတာကို တွေ့ရပါတယ်။

နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုနဲ့ အာဏာကို အဓမ္မနည်းနဲ့ ရယူလိုတဲ့ ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုတွေက စတင်ခဲ့ခြင်းဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုထားပေမယ့် တဖက်မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ ဖမ်းဆီးထောင်ချမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်တွေက အထင်အရှားရှိခဲ့ပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းခဲ့တဲ့ ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကိုလည်းဆက်လက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ဖေါ်ပြချက်မှာ စစ်အာဏာသိမ်းမှုစတင်ခဲ့ချိန်ကနေစပြီး ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့အထိ ဒီမိုကရေစီလှုပ်ရှားသူများနဲ့ ပြည်သူစုစုပေါင်း (၆,၃၁၅) ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

ISP Myanmar က ဖေဖေါ်ဝါရီလအတွင်း ထုတ်ပြန်ထားချက်မှာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက မြို့နယ်ပေါင်း (၁၆၂) ခုထက်မနည်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် (၈,၀၀၀) ကျော် ရှိခဲ့တယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။

Data For Myanmar က ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အရပ်သားနေအိမ်ပေါင်း (၁)သိန်း ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG