သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရာမနှစ်ဦးအသတ်ခံရမှု စုံစမ်းဖို့ ဖိအားပေးရေး ကချင်အဖွဲ့တောင်းဆို


ကချင်ဆရာမလေးနှစ်ဦး နောက်ဆုံးနေထိုင်သွားရာ အခင်းဖြစ်ပွားတဲ့အခြေအနေ အညွန်း (ဓာတ်ပုံ- Lachid Kachin's FB)
ကချင်ဆရာမလေးနှစ်ဦး နောက်ဆုံးနေထိုင်သွားရာ အခင်းဖြစ်ပွားတဲ့အခြေအနေ အညွန်း (ဓာတ်ပုံ- Lachid Kachin's FB)

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) မြို့နယ်၊ ကောင်းခါးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ရက်စက်စွာ အသတ်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ရေး မြန်မာအစိုးရကိုဖိအားပေးဖို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေအပြင် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး တင်ပြသွားမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ အမှုမှန်ပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက တိုက်တွန်း ပြောဆိုခဲ့ပြီးတဲ့နောက် ကချင်တိုင်းရင်းသားတွေက အခုလို ဆောင်ရွက်ခဲ့တာပါ။ ဒီအကြောင်းအသေးစိတ်ကို ကိုအောင်အောင်က စုံစမ်းတင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညဘက်မှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC မှာ တာဝန်ထမ်းဆောင်နေတဲ့ ခေါင်နန်းစင်နဲ့ မရန်လုရာတို့ ဆရာမနှစ်ဦးဟာ ကောင်းခါးရွာက သူတို့နေထိုင်ရာအိပ်ခန်းအတွင်း အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတာပါ။ ဒီအမှုနဲ့ပတ်သတ်လို့ အမေရိကန်အစိုးရ အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ဆောင်ရွက်သွားမယ့်အကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် ကချင်မဟာမိတ် အဖွဲ့ပြောခွင့်ရ ကိုဂွမ်ဆန်က အခုလိုပြောပါတယ်။

“အိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဌာနနဲ့ နောက် လွှတ်တော်ကို ကျနော်တို့ တရားဝင်တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ အဓိက က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အထောက်အထားရှိတဲ့ဟာကို ကျနော်တို့ ဖွင့်ပြောဖို့ အစီအစဉ်ရှိပါတယ်။ ဒီရွာထဲမှာ ဥပမာ စစ်တပ်က ကိုက် (၆၀) ၊ ကိုက် (၇၀) အနီးဝန်းကျင်မှာရှိတဲ့ အကြောင်းတွေပေါ့နော်၊ နောက်ပြီး ဒီရွာတခုလုံးမှာ ရွာအဝင်၊ ရွာအထွက်၊ ရွာနဘေးအားလုံးမှာ စစ်တပ်က နေရာချထားတဲ့ဟာတွေဆိုတော့ အဲဒါတွေ ဖော်ပြဖို့ရှိပါတယ်။”

အခုလို ကချင်လုပ်အားပေး ဆရာမနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သတ်လို့ ဒီအမှုကို စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူဖို့ အမေရိကန်အစိုးရကတိုက်တွန်းထားပြီး မြန်မာအစိုးရဘက်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြောင်း အမေရိကနိုင်ငံခြားရေးဌာနက ပြောခွင့်ရ Jan Psaki က လွန်ခဲ့တဲ့အပတ်အတွင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ဒေသခံရွာသားတွေအပြင် အခင်းဖြစ်ပွားရာနေ့မှာ မြန်မာစစ်တပ် ခမရ (၅၀၃) ဟာ ကောင်းခါးရွာအနီးမှာ စခန်းချထားတာကြောင့် မြန်မာတပ်ဖွဲ့ဝင်အချို့ကိုပါ စစ်ဆေးခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားဆက်ရှိနေဆဲ ဖြစ်ပြီး ဒီကိစ္စတွေနဲ့ပတ်သတ်လို့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ကိုင်တွယ်ဖို့လိုအပ်ကြောင်း ကိုဂွမ်ဆန်က အခုလို ဆက်ပြောပါတယ်။

“အခုက ၂၀၁၀ ကနေပြီးတော့ ငြိမ်းချမ်းရေးယူပြီးတာနဲ့ မယူတဲ့နေရာတွေနဲ့ (၁၁၈) ခု အမျိုးသမီးတွေကို စော်ကားတဲ့အမှုတွေပေါ့နော်၊ ဖြစ်ရိုးဖြစ်စဉ်ကို တကယ် စစ်စစ်မှန်မှန်နဲ့ မဖော်ပြနိုင်ဘူးဆို ဒီလို ဆက်သွားလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ Democratic Reform ဆိုတဲ့ Democratic Transition အချိန်မှာ ဒီလို လူတွေကို အရင်တုန်းက စစ်အုပ်တဲ့ခေတ်တုန်းကပုံစံနဲ့ အုပ်ချုပ်လို့ မရနိုင်ဘူး၊ ဘာလို့လဲဆိုတာက ဒီနှစ်ခုက ဒွန်တွဲနေလို့ မရဘူးပေါ့နော၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက- Rule of Law မရှိဘဲနဲ့ ဒီမိုကရေစီလုံးဝ မရှိနိုင်ဘူး။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှု တစုံတရာရှိလာတာကြောင့် နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျော့ချလာတာနဲ့ တပြိုင်တည်းမှာ နိုင်ငံသားတွေရဲ့အခွင့်အရေးကိုလည်း အစိုးရအနေနဲ့ အသိအမှတ်ပြုရမှာဖြစ်ကြောင်းကိုလည်း ကိုဂွမ်ဆန်က အခုလိုဆက်ပြောပါတယ်။

“တခုခုဖြစ်တိုင်း နိုင်ငံသားတွေကို ဓားစာခံအဖြစ်လုပ်နေတဲ့ကျင့်ဝတ်တွေကို ရှောင်ရှားခိုင်းစေချင်တယ်။ ဥပမာ ဒီလိုမျိုးကိစ္စတွေ။ နောက်တခုက တခြား မီဒီယာနဲ့ပတ်သက်ပြီးမှ - ဥပမာ ကိုပါကြီးကိစ္စတို့အထိပေါ့နော်၊ အားလုံးက နိုင်ငံခြားကနေပြီးတော့ စီးပွားရေးပိတ်ဆို့တာတို့က အကုန်လုံး ဖွင့်ခိုင်း စေချင်တယ်။ ဖွင့်ခိုင်းစေချင်ပေမယ့် ဒီလို စီးပွားရေးပိတ်ဆို့တာကနေ ဖွင့်တဲ့အချိန်ထိ သူတို့က တိုင်းရင်းသားသာမက ဗမာပြည်မှာရှိတဲ့လူတွေ အားလုံးကို လွတ်လပ်စွာ သွားလာနိုင်ခွင့်၊ အသက်ရှင်နိုင်ခွင့်ပေါ့နော်- ပေးသင့်တယ်၊ ကျနော့်အမြင်က အဲလို မြင်ပါတယ်။”

ကွယ်လွန်သူ ဆရာမနှစ်ဦးအတွက် မြန်မာနိုင်ငံမှာ သတင်းစာရှင်းလင်းပွဲတွေ၊ ဆုတောင်းဝတ်ပြုပွဲတွေလုပ်ခဲ့သလို အမေရိကန်ပြည်ထောင်စုမှာလည်း လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ ဝါရှင်တန်ဒီစီမှာရှိတဲ့Calvary Baptist Church မှာ ကွယ်လွန်သူ ဆရာမနှစ်ဦးအတွက် ရည်စူးပြီး ဆုတောင်းပွဲ ကျင်းပခဲ့တာမှာ လူ ၂၀၀ လောက် ပါဝင်ခဲ့ပါတယ်။ ဒီဆုတောင်းပွဲကို ကချင်တိုင်းရင်းသားတွေအပြင် ဝါရှင်တန်ဒီစီမှာနေထိုင်တဲ့ တခြားတိုင်းရင်းသားတွေ တော်တော်များများလည်း တက်ရောက်ခဲ့ပါတယ်။ ဆုတောင်းပွဲမှာပါဝင်တဲ့ ခရစ်ယာန် ဓမ္မဆရာတော်အားလီက မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သတ်လို့ နိုင်ငံတကာကသိအောင်နဲ့ မြန်မာအစိုးရအနေနဲ့လည်း အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ တိုင်းရင်းသား၊ ကျောင်းသူကျောင်းသားတွေကို ဆရာဆရာမများကို ပို့ပေးခြင်းမရှိဘဲနဲ့ ကျနော်တို့ တတ်နိုင်သောအားဖြင့် ကချင်နှစ်ခြင်း အဖွဲ့ချုပ်ကနေ နှစ်စဉ်နှစ်တိုင်း ဆရာဆရာမများကို ပို့ပေးပြီးမှ စာသင်တာများ ပြုလုပ်နေခြင်းဖြစ်ပါတယ်။ တကယ်ပဲ ပညာမတတ်သောသူများကို စေတနာ စိတ်မှန်မှန်ဖြင့် ကူညီစောင့်ရှောက်သော၊ ပညာတော်သင်လွှတ်သောနေရာ၌ ဤကဲ့သို့ဖြစ်သောအဖြစ်အပျက်များကို နိုင်ငံတော်အစိုးရကနေပြီး တရားခံ သိရှိအောင် ဖော်ထုတ်ပေးရန်အတွက် ကျနော်တို့လည်း တောင်းဆိုလိုပါတယ်။”

အသက် ၂၀ ဝန်းကျင်ရှိ ဆရာမ ခေါင်နန်းစင်နဲ့မရန်လုရာတို့ ရက်စက်စွာ အသတ်ခံရမှုနဲ့ ပတ်သတ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒါဟာ လုံခြံမှုမရှိတဲ့အခြေအနေအောက်မှာ နေထိုင်နေရတဲ့ ကချင်အမျိုးသမီးတွေအပါအဝင် အမျိုးသမီးထုရဲ့အနေအထားကို မီးမောင်းထိုးပြလိုက်တာဖြစ်ပြီး အခြေခံပညာရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ ပြောဆိုပါတယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စေတနာရှေ့ထား ဆောင်ရွက်တဲ့ဆရာမနှစ်ဦး ကို ဆုံးရှုံးရတာဟာ နိုင်ငံအကျိုးကိုပါထိခိုက်ပြီး ငြိမ်းချမ်းကိုဦးတည်နေတဲ့ နိုင်ငံရဲ့လက်ရှိအနေအထားမှာ မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တာကြောင့် အစိုးရအနေနဲ့ အမှုမှန်ပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ်ကလည်း ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားပါတယ်ခင်ဗျာ။

XS
SM
MD
LG