သုံးရလွယ်ကူစေသည့် Link များ

ရခိုင် နိုင်ငံတကာဖိအား ထိတွေ့ ညှိနှိုင်းမှုဖြင့် အဖြေရှာမည်


ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကို ဗွီအိုအေ က အယ်ဒီတာကိုသားညွန့်ဦး နယူးယောက်မှာ တွေ့ဆုံမေးမြန်းစဉ်။ (စက်တင်ဘာ ၂၁-၂၀၁၇)

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဖိအားတွေကို ထိပ်တိုက် ရင်ဆိုင်တာထက်၊ ထိတွေ့ဆက်ဆံညှိနှိုင်းဖြေရှင်း သွားမှာဖြစ်တယ်လို့ မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ ရခိုင်ပြဿနာနဲ့ပတ်သက်လို့ အစိုးရမှာ ပြည်ပဖိအားတွေအပြင် ပြည်တွင်းဖိအားတွေပါ ရှိနေတာကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို အလေးထားကိုင်တွယ်ရမှာဖြစ်တယ်လို့လည်း ဗွီအိုအေမြန်မာပိုင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ဦးကျော်တင်ကို ဗွီအိုအေ က ကိုသားညွန့်ဦး နယူးယောက်မှာ တွေ့ဆုံမေးမြန်း ထားတာကို နားဆင်ပါ။

ကိုသားညွန့်ဦး။ ။ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာ ဖိအားတွေ နိုင်ငံတကာဝေဖန်ပြောဆိုမှုတွေ EU ၊ ကုလသမဂ္ဂ၊ OIC စသဖြင့် ဝေဖန်ပြောဆိုမှုတွေ တော်တော်ကို ကျယ်ကျယ်လောင်လောင်မြင့်တက်နေပါတယ်။ နောက် UNSC အထိပါ ဆွေးနွေးမယ်ဆိုတဲ့အခါကျတော့ အခုအနေအထားမျိုးဟာ သံတမန်ရေးအရ အကျပ်အတည်း ရောက်နေပြီလို့ ဆိုနိုင်ပါလားခင်ဗျ။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ ကျနော် နိုင်ငံခြားရေးမှာ တာဝန် ထမ်းဆောင်လာတာ နှစ်ပေါင်း ၄၀နီးပါးရှိပါပြီ။ အဲ့တော့ ဒီကာလအတွင်းမှာ ကျနော့်အနေနဲ့ သံတမန်ရေးအရ ဒီအပိုင်းမှာ ဖိအားအမြင့်ဆုံးအချိန်လို့ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ ပြည်ပက နယူးယောက် ကုလသမဂ္ဂဘက်က ပြည်ပက ကြည့်နေတဲ့ရှု့ထောင့် သတင်းမီဒီယာက ကြည့်ပြီးတော့ အရမ်းမဆုံးဖြတ်ဖို့လိုပါတယ်။ အဲ့တာကို ပြည်တွင်းမှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ ခံစားချက်တွေ နောက် အကြမ်းဖက် တိုက်ခိုက်မှုတွေ အန္တရာယ်တွေ နောက်ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေ နောက် အခု ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ အနေအထားတွေကို ဓမ္မဓိဌာန်ကျကျ လေ့လာသိရှိပြီးမှ အဲ့ဒီ့အချက်လက်ကို အခြေခံပြီးမှ ဆုံးဖြတ်ဖို့သင့်တယ် လို့ ကျနော်တို့က ယူဆပါတယ် အဲ့ဒီ့တော့ ကျနော်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့အနေနဲ့ ၁၉ရက်နေ့က ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားခဲ့တာအပြင် ဒုသမ္မတကြီးကလည်း ကျနော်တို့ရဲ့ရပ်တည်ချက်တွေကို ရှေ့ကို ဘယ်လိုဆောင်ရွက် ရှေဆက်သွားမလဲဆိုတာ အသေးစိတ်ရှင်းလင်းခဲ့ပါတယ်။

နောက်ပြီးတော့ စက်တင်ဘာ ၁၈ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ပြီးတော့ အလွတ်သဘောနေ့လည်စာစားပွဲ ကျင်းပပြီးတော့ ဒီကိစ္စမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားပေးခဲ့ကြတဲ့ အနောက်နိုင်ငံတွေလည်းပါတယ် နောက်ပြီးတော့ လုံခြုံရေးကောင်စီက အဖွဲ့ဝင်နိုင်ငံတွေလည်းပါတယ် နောက် တခြား ဒီကိစ္စမှာ OIC ထဲက နိုင်ငံတချို့ အိမ်နီးချင်း ဘင်္ဂလားတို့ အင်ဒိုနီးရှားတို့ မလေးရှားတို့တွေလည်းပါပါတယ်။ အဲ့တော့ ကျနော်တို့ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ခုနက ကျနော်ပြောခဲ့တဲ့ အစည်းအဝေးမှာ ကျနော်တို့ရဲ့သဘောထားတွေကို ရှင်းပြခဲ့ပါတယ်။

အဲ့တော့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ခုနက ဒီပြသနာကို အပြစ်တင်ရှုတ်ချ အရေးယူဖို့ထက်ကို နိုင်ငံတော်အစိုးရ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရအနေနဲ့ ဒီပြသနာရေရှည်ပြေလည်အောင် ဖြေရှင်းရေးအတွက်ကို ကြိုးပမ်းဆောင်ရွက်နေတဲ့နေရာမှာ ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ နောက် ဒေါက်တာ ကိုဖီအာနန်ကော်မရှင် အကြံပြုထားတဲ့ အကြံပြုချက်တွေကို ဖြေရှင်းခြင်းအားဖြင့် အဓိကပြသနာတွေကို ပြေလည်အောင်ဖြေရှင်းသွားမယ်။ နောက် အသိုင်းအဝိုင်းနှစ်ခုကြားမှာ သဟဇာတဖြစ်ဖြစ်နဲ့ နေထိုင်နိုင်တဲ့အနေအထားမျိုးရအောင် ကျနော်တို့အနေနဲ့ ကြိုးပမ်းဖြေရှင်းသွားမယ်ဆိုတဲ့ အဲ့လို သန္နိဌာန်ချထားတဲ့လုပ်ငန်းတွေမှာ နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းခြင်းအာြး့ဖင့်သာ ပြေလည်အောင်ဖြေရှင်းနိုင် လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ဆုံးဖြတ်တဲ့အခါမှာပေါ့နော် တကယ့်ပကတိအခြေအနေတွေကို သတင်းတွေက မူတည်ပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချဖို့လိုတဲ့အကြောင်း ကျနော်တို့တွေလည်း ရှင်းပြခဲ့ပါတယ်။

ကိုသားညွန့်ဦး။ ။ အဲ့တော့ ဝန်ကြီးတို့အနေနဲ့ ဒီပြသနာနဲ့ပတ်သက်ပြီးတော့ အစိုးရတွေပေါ့နော် နိုင်ငံတကာအသိုင်းအဝိုင်းကို ရှင်းပြတယ် ပြောဆိုတယ် တချိန်တည်းမှာပဲ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ နောက်တခုက နိုဘယ်ဆုရှင်လို ဟာမျိုးတွေ သူတို့ရဲ့စိုးရိမ်ချက်တွေ ပြောဆိုတာတွေရှိတယ် အဓိကကတော့ လူ့အခွင့်အရေး ရှု့ထောင့်ကနေ ပြောကြာတာပေါ့ ဒီအဖွဲ့အစည်းတွေ ဒီလိုလူတွေကိုရော ဆွေးနွေးရှင်းပြဖို့ရှိပါသလား။ ဘာဖြစ်လို့လဲဆိုတော့ တလောကပဲ ဒေါ်အောင်ဆန်းစုကြည်က သံတမန်တွေကို ဖိတ်ခေါ်တဲ့အခါမှာ ရခိုင်ဒေသကို ဆင်းပြီးတော့ကြည့်ပါ လေ့လာပါဆိုတဲ့အခါကျတော့ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ရှင်းပြဖို့ တစုံတရာတုန့်ပြန်ဖို့ရှိပါလား။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ ကျနော်တို့ ဒီအဖွဲ့အစည်းတွေကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့သဘောထားကို အားလုံး ကမ္ဘာက သိအောင်ပြောကြားခဲ့တယ်။ ဒုသမ္မတမိန့်ခွန်းမှာလည်း ထပ်ပြီးတော့ အသေးစိတ်ပြောကြား ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့က ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အခုချိန်အထိ ထိတွေ့မှု မရှိသေးသော်လည်း အဓိက ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြောနေတဲ့ မြန်မာနိုင်ငံက နှစ်နိုင်ငံခြင်း ဖြေရှင်းလို့မရလို့ နိုင်ငံတကာနည်းလမ်းနဲ့ဖြေရှင်းတဲ့ပုံစံမျိုး ပြောတယ်။ မြန်မာနိုင်ငံဘက်က ထိတွေ့ဆွေးနွေးလိုတဲ့ သဘောထားမရှိဘူးလို့ပြောကြားနေတာရှိတယ်။ မဟုတ်ဘူး ကျနော်တို့က အချိန်မရွေး ရယ်ဒီပါပဲလို့။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို Special Envoy အဖြစ် ကျနော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ဇန်နဝါရီက သွားခဲ့တယ်။ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် လည်းသွားခဲ့တယ်။ ကျနော်တို့ကတော့ ဒီကိံစ္စကို နှစ်နိုင်ငံခြင်း ဖြေရှင်းဖို့ အသင့်ပါပဲ။ အခုဘင်္ဂလားဒေ့ရှ်နဲ့ လည်း ဒီနေ့ညနေပဲ နှစ်နိုင်ငံချင်း ဆွေးနွေးဖို့ရှိတယ်။ နောက် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ဆွေးနွေးဖို့ရှိတယ် အင်ဒိုနီးရှားတို့ ဘာတို့ဆိုလည်း မကြာခဏဆိုသလိုတွေ့ပါတယ်။ နောက် အာဆီယံနိုင်ငံတွေနဲ့ဆိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အဲ့ဒီ့မှာလည်း ကျနော်တို့ အာဆီယံရဲ့ မူအရ ပြည်တွင်းရေးကိစ္စကို တရားဝင်ဆွေးနွေးတာမျိုးတော့မရှိဘူး ဒါပေမဲ့ ကျနော်တို့ကတော့ informal meeting သဘောမျိုးတွေ့ပြီး သူတို့တွေကို ကျနော်တို့ရဲ့ သဘောထားတွေ ရှင်းပြဖို့လည်းရှိတယ် နောက် သူတို့အနေနဲ့ ဘယ်လိုနည်းနဲ့ ဒီပြသနာပြေလည်ရေးမှာ ဘယ်လိုပံ့ပိုးနိုင်မလဲဆိုတာ ကျနော်တို့ပြောဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ကတော့ သူတို့က ကမ်းလှမ်းထားတာလည်းမရှိပါဘူး။ ကျနော်တို့က တွေ့ဆုံဖို့လည်း မရှိပါဘူး။

ကိုသားညွန့်ဦး။ ။ နောက်တခုက ကုလသမဂ္ဂရဲ့ Fact-Finding Mission ပေါ့နော် လူ့အခွင့်အရေးကောင်စီကနေပြီးတော့ အချက်အလက် စုဆောင်းရေးအဖွဲ့ကို လွှတ်ဖို့ကိစ္စမှာ မြန်မာနိုင်ငံရပ်တည်ချက်က ဒါဟာ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တယ်ဆိုပြီးတော့ လက်မခံခဲ့ပါဘူး အခုဒီအနေအထားမျိုးမှာရော သဘောထားပြောင်းလဲဖို့ရှိပါသလား။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ ကျနော်တို့ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်တယ်လို့တော့ ကျနော်တို့ မသုံးပါဘူး အမှန်ကျနော်တို့ပြောတာက ကျနော်တို့ ဒီအစိုးရတက်လာပြီးနောက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ထိပ်တိုက် ရင်ဆိုင်တွေ့တဲ့ Confrontation မဟုတ်ပဲနဲ့ Cooperation-Engagement approach နဲ့ သွားနေတာပေါ့နော်။ ထိတွေ့တဲ့ဟာမျိုးနဲ့သွားနေတာဆိုတော့ သူတို့ရဲ့စိုးရိမ်ပူပင်မှု ကိုလည်း သိတယ် အဲ့တော့ သူတို့ဘက်က Fact-Finding Mission ကို အဲ့ဒီ့ကဖွဲ့ဖို့ အဆိုပြုကတည်းက ကျနော်တို့အနေနဲ့ Fact-Finding Mission ကိုစေလွှတ်မယ် ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံမှာ ဥပမာ ရခိုင်ပြည်နယ်မှာဆိုရင် အဲ့အဖွဲ့ လာမှာကို ဆန့်ကျင်တဲ့ အင်အားစုတွေ အများကြီးရှိတယ်။ အစွန်းရောက်အဖွဲ့တွေ နောက် ရခိုင်ဒေသခံတွေရော နောက် ဆန့်ကျင်မယ့်ပါတီတွေရော တကယ်ကို ဆန့်ကျင်မယ့် အင်အားစုတွေ အများကြီးရှိပါတယ်။ ကျနော်တို့ နိုင်ငံခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဖြစ် လာတဲ့အခါမှာ လူ့အခွင့်အရေးရှု့ထောင့်တခုတည်းကပဲ ကြည့်လို့မရပါဘူး။ နိုင်ငံရဲ့တည်ငြိမ်မှု ကိုလည်း ကြည့်ရပါတယ်။ လူ့အခွင့်အရေးဆိုတဲ့အခါမှာလည်း တဖက်အဖွဲ့အစည်း အားလုံးရဲ့ လူ့အခွင့်အရေးကိုလည်း ကြည့်ရပါတယ်။ အဲ့တော့ ဒါကြောင့်မို့လို့ ကျနော်တို့က အထူးသဖြင့် နိုင်ငံရဲ့ တည်ငြိမ်မှု ပျက်ပြားသွားမှာစိုးတယ်။ အဲ့တော့ ဒီအဖွဲ့အစည်း လှုပ်ရှားမှုတွေ ကို ဆန့်ကျင်မှုတွေဖြစ်လာပြီး မတည်မငြိမ်မှုတွေဖြစ်သွားလို့ရှိရင် ကျနော်တို့တွေရဲ့ ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်းတွေ တိမ်းစောင်းသွားတာမျိုးတွေ စိုးရိမ်ပူပင်မှုရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က မြေပြင်ပဂတိအခြေအနေနဲ့ အဲ့အဖွဲ့ကို လက်ခံဖို့ဆိုတာ မကိုက်ညီဘူးလို့ ပြောတာပါ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ ဒါပေမဲ့ ဒီအဖွဲ့အစည်းသွားခြင်းအားဖြင့် ဘာပဲပြောပြော ကမ္ဘာက တစုံတရာ အချက်အလက်အခြေအနေမှန်တွေ ရမသွားနိုင်ဘူးလား။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ သူတို့သွားခြင်းအားဖြင့် နောက်တခုရှိတာက သူတို့လာလို့ရှိရင်လည်း သူတို့လာခြင်းအားဖြင့် သူတို့တွေ အချက်အလက်အခြေအနေမှန်တွေကို သိအောင်လို့ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌဆီကို ကျနော်တို့ရဲ့ကြိုးပမ်းဆောင်ရွက်မှု ကျနော်တို့ရဲ့အမြင်သဘောထားတွေကို ပံ့ပိုးပေးပါတယ်။ အဲ့တော့ ကျနော်တို့က သူတို့ကို မြန်မာနိုင်ငံကို တိုက်ရိုက် ဖိတ်ကြားခြင်း မရှိသော်လည်းပဲ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌဆီကို ကျနော်တို့က စာရေးပေးခြင်း အားဖြင့် သူတို့က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်အခြေအနေတွေကို ပံ့ပိုးပေးထားပါတယ်။ အဲ့ဒီ့တော့ ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့သဘောထားတွေ ပြောကြားခွင့်တော့ မဆုံးရှုံးပါဘူး။ ပြည်တွင်းကို ကိုယ်တိုင်လာရောက်ခြင်းအားဖြင့် ခုနက မတည်ငြိမ်မှုတွေ ဒီအုပ်စုနှစ်ခုအကြား ကွဲပြားမှုတွေ အဲ့တာမျိုးတွေဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိလာနိုင်တယ်။ အဲ့တာကို စိုးရိမ်လို့ဖြစ်ပါတယ်။

ကိုသားညွန့်ဦး။ ။ ဝန်ကြီး အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ ဟုတ်ကဲ့ ကျနော်တို့ကလည်း ကျနော်တို့ရဲ့သဘောထားလေးတွေ ပြောကြားခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကို ဗွီအိုအေ က အယ်ဒီတာကိုသားညွန့်ဦး နယူးယောက်မှာ တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG