သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန် နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းချက်


NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်ကို ဗွီအိုအေက ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းနေစဉ်။
NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်ကို ဗွီအိုအေက ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းနေစဉ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အနေ နဲ့ ယခင် အစိုးရ ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်သွားမယ် ဆိုပေမဲ့၊ လုပ်ပုံလုပ်နည်းတွေကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင်စရာတွေ ပြင်ဆင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ လွှတ်တော်အမတ် တည်းခိုရာ နေပြည်တော် စည်ပင်ရိပ်သာမှာ တည်းခိုနေတဲ့ NLD ခေါင်းဆောင် ဦးဝင်းထိန်ကို ကိုသားညွန့်ဦးက ရွေးကောက်ပွဲ ရလဒ်နဲ့ ဆက်နွယ်ပြီး တွေ့ဆုံမေးမြန်း ထားပါတယ်။

ကိုသားညွန့်ဦး။ ။ ကျနော် အရင်ဆုံး မေးချင်တာက အခု အန်ကယ်လ်တို့က အများစု အနိုင်ရထားပါပြီ။ အဲ့တော့ တချို့နေရာတွေမှာက ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဥပမာ လားရှိုးတို့ မိထ္ထီလာတို့ အဲ့လို ပြဿနာမျိုးတွေ ဖြစ်နေပါတယ်။ အန်ကယ်လ်တို့အနေနဲ့ Complain လုပ်ခံရတာမျိုး ရှိပါလားခင်ဗျ။ အန်ကယ်လ်တို့ကိုရော Complain အလုပ်ခံရတာ ရှိလားခင်ဗျ။

ဦးဝင်းထိန်။ ။ ကျနော်တို့က Complain လုပ်ဖို့ရှိတယ်။ ဒါပေမဲ့ ဒီလိုပြဿနာတွေ လာပြီး တင်ပြလို့ရှိရင် အထောက်အထား မခိုင်မာပဲနဲ့ မလုပ်နဲ့။ အထောက်အထား ခိုင်မာရမယ်။ တခုခု လုပ်တော့မယ် Action ယူတော့မယ်ဆိုရင် တိုင်တာပဲဖြစ်ဖြစ် တရားစွဲဆိုတာဖြစ်ဖြစ် ဥပဒေကြောင်းက ရှေ့နေနဲ့ တိုင်ပင်။ ရှေ့နေနဲ့တိုင်ပင်လို့ ဥပဒေနဲ့ ညီတယ်ဆို လုပ်သာလုပ်။ အဲ့လိုပြောထားတယ်။ အခုထိတော့ ကျနော်တို့ ကိုယ်စားလှယ်တွေတော့ တယောက်မှတော့ အစွပ်စွဲတော့ မခံရသေးဘူး။

ကိုသားညွန့်ဦး။ ။ ယေဘူယျအားဖြင့် တနိုင်ငံလုံး အတိုင်းအတာ မှာ ဖြစ် သွားတဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီးတော့ အန်ကယ်လ် အနေနဲ့ ကျေနပ် အားရမှုရှိလား။ တစုံတရာ အမှားအယွင်းတွေရော ရှိပါသလား။

ဦးဝင်းထိန်။ ။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ အခုထိ ပြောရမယ် ဆိုရင် ကျေနပ် အားရမှု ရှိပါတယ်။ ဒါပေမဲ့ ဒီ့ထက် ပိုအောင်မြင်စရာတွေရှိတယ်။ ဘာကြောင့် ဒီ့ထက်ပိုပြီးတော့ မအောင်မြင်သလဲဆိုရင် တချို့နေရာတွေမှာ ဘာခေါ်မလဲ တရားလက်လွတ်ပေါ့။ အဲ့တာမျိုး အလုပ်ခံရတယ်။ လားရှိုးဆိုရင် မဲအငြင်းပွားနေတာ၊ မိထ္ထိလာဆိုရင်..၊ ရမည်းသင်းမှာ ဆိုရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က အဲ့ဒီ့က ဘုန်းကြီးတွေကို စာနဲ့ရေးပြီးတော့ NLD ကို မဲမပေးဖို့ ဘာတို့ ကိစ္စတွေ စာ အထောက်အထားရှိတယ်။ နောက် အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီး လွှတ်တော် က ကြံ့ခိုင်ရေးပါတီက သူက မန္တလေးတိုင်း မှာလည်း ဝန်ကြီး သူက အဲ့ဒီ့နေ့မှာ ပုံစံ (၁၆)လို့ခေါ်တဲ့ မဲရုံထဲ မဲစာရင်းပေါင်းတဲ့ ပုံစံ (၁၆)ကို သူကိုယ်တိုင် ကြီးကြပ်ပြီးတော့မှ လုပ်နေတဲ့ဥစ္စာကို သွားတွေ့တယ်။ ခက်တာက ကျနော်တို့လူတွေကလည်း ဒါတောင် သင်တန်းပေးထားတာနော် မဲရုံဥပဒေက ဘယ်လို ရွေးကောက်ပွဲကော်မရှင်ဥပဒေက ဘယ်လို ဘာညာ ပေးထားရက်သားနဲ့ အဲ့ဒီ့ဟာတွေ လုပ်နေတဲ့အချိန်မှာ ချက်ခြင်း ကန့်ကွက်လို့ရတယ်။ ချက်ခြင်း အရေးယူလို့ရတယ်။ ပြီးမှ ကျနော်တို့ကို လာတိုင်တယ်ဆိုတော့ ကျနော်တို့လူ ညံ့တာလည်း ပါတာပေါ့။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရတာနဲ့ ပတ်သက်ပြီး ဟိုတနေ့ကတော့ သမ္မတ ဦးသိန်းစိန်ကတော့ ပြောပါတယ်။ သူတု့ိ အနေနဲ့ လွှတ်တော်ခေါ်မယ်။ ပြီးလို့ရှိရင် နောင်တက်လာမယ့် အစိုးရကို စနစ်တကျ အာဏာ လွှဲသွားဖို့အတွက် လုပ်မယ်။ နောက် သူရ ဦးရွှေမန်း ပြောတဲ့ အထဲမှာ အကူးအပြောင်း စနစ်တကျဖြစ်အောင်လို့ သူတို့ ပြင်မယ်။ ပုံစံကတော့ အာဏာ လွှဲမယ် ဆိုတဲ့ ခေါင်းဆောင်ပိုင်းတွေကတော့ ပြောပါတယ်။ အန်ကယ်လ် အနေ နဲ့ အကူးအပြောင်းနဲ့ ပတ်သက်လို့ရော စိုးရိမ်မှုရော ရှိပါသလား။

ဦးဝင်းထိန်။ ။ နှစ်ပိုင်းပေါ့။ တပိုင်းကတော့ အခု ၂၀၁၅ က ၁၉၉၀ နဲ့ မတူဘူး။ ၁၉၉၀ တုန်းက အခု အခြေအနေနဲ့ ယှဉ်လို့ရှိရင် ပြည်သူလူထု အနေအထားရော ၊ နိုင်ငံတကာ အနေအထားရော အင်မတန်ကို အဆင့်အတန်း သိပ်မမြင့်သေးဘူး။ အခုကျတော့ ပြည်သူက နိုင်ငံရေးအရမ်းနိုးကြားနေပြီ။ နောက် နိုင်ငံတကာကလည်း အာရုံစိုက်နေတဲ့အပြင်ကို သူတို့ကိုယ်တိုင်က International Observer တွေ နိုင်ငံ တကာ လေ့လာသူတွေကို ခေါ်တဲ့အခါကျတော့ အခုရလဒ်က ဘယ်လိုမှ ငြင်းပယ် လို့မရဘူးဖြစ်နေတယ် ကျနော်တို့က အများကြီးဖြစ်နေတယ်။ ဒါကြောင့်မို့ လဲ နိုင်ငံတကာ အနေအထား အရရော ပြည်တွင်းအနေအထားအရရော စိတ်ပူစရာ မလိုဘူးလို့ ယူဆရတယ်။

သို့သော်လည်းပဲ ကျနော်တို့က ၁၉၉၀ တုန်းက ဖြစ်ရပ်ပေါ့ ခဲမှန်ဖူးတဲ့ စာသူငယ်ပေါ့။ အဲ့ဒီ့အနေအထားတွေတော့ စိုးရိမ်စိတ်က ကျန်သေးတယ်။ အဲ့လောက်ပဲ ပြောချင်တယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ပါ။ နောက်တခုက အများက စိတ်ဝင်စားတဲ့ ကိစ္စပါ။ ဒီ NLD က သမ္မတ ဘယ်သူ ဖြစ်မလဲဆိုတဲ့ကိစ္စပါ။ အစိုးရအဖွဲ့ ဘယ်လိုဖွဲ့မလဲ။ အန်ကယ်လ်တို့လည်း ပြောတာ အကန့်အသတ် အတော်ကြီးပါတယ်။ ကျနော်တို့လည်း နားလည်ပါတယ်။ ဒါပေမဲ့ အန်ကယ်လ်တို့ ပြောနိုင်သလောက်ပေါ့။ ဒီအစိုးရဖွဲ့နိုင်တဲ့ အန်ကယ်လ်တို့အနေနဲ့ လူထုကို ခိုင်ခိုင်မာမာ ပြောနိုင်လောက်တဲ့ အခုအနေအထား ဘယ်လောက် အတိုင်းအတာအထိ ပြောနိုင်မလဲခင်ဗျ။

ဦးဝင်းထိန်။ ။ ဒီလ (၅)ရက်နေ့တုန်းက သတင်းစာ ရှင်းလင်းပွဲ ရှိတယ်လေ။ လုပ်တော့ နိုင်ငံတကာ သတင်းထောက်တွေ အများကြီးပါ။ ခင်ဗျားလည်း ရှိနေတာပဲ။ အဲ့ဒီ့မှာလည်း ဒီမေးခွန်းပဲ မေးတာပါပဲ။ ဒီမေးခွန်း မေးတော့ ဒေါ်အောင်ဆန်း စုကြည် က ပိတ်ဖြေလိုက်တယ်။ နောက်တနေ့ Channel News Asia နဲ့ အင်တာဗျူး လုပ်တော့လည်း ဒီသမ္မတ ကိစ္စ ကို သူဖြေလိုက်တယ်။ အဲ့တော့ သူလုပ်မယ့် အလုပ်ဟာ သမ္မတနဲ့ ပတ်သက်တဲ့ ဒီဆုံးဖြတ်မယ့် ကိစ္စဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်လောက်အထိ ပြဿနာဖြစ်စေတယ် ဆိုတဲ့ဟာကို ပြည်တွင်းကို လည်း ပြမယ်။ နိုင်ငံတကာကိုလည်း ပြမယ်။ ပြချင်လို့ ဒါကြောင့်မို့လို့ သူသမ္မတ မဖြစ်သော်လည်းပဲ သမ္မတ သူခန့်မယ်။ သမ္မတ သူ ခိုင်းတာ လုပ်ရမယ်။ သူက ခေါင်းဆောင် ဘာကြောင့်လဲဆိုတော့ ပါတီမှာလည်း သူခေါင်းဆောင်၊ အစိုးရအဖွဲ့မှာလဲ သူခေါင်းဆောင်၊ ဘယ်လိုပဲခေါ်နေ ခေါ်နေ သူခေါင်းဆောင် သူပဲခေါင်းဆောင်ပဲ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတလည်း ရှိမယ်။ အဲ့ဒီ့သမ္မတက သူ့အမိန့်ပဲ နာခံရမယ်။ အဲ့တော့ ဒီအတိုင်းပဲ။ အဲ့တော့ ကျနော်က နာမည်တွေ ဘာတွေတော့ အခုအချိန်မှာ စောပါသေးတယ်။

ကိုသားညွန့်ဦး ။ ။ နောက်တခုက အန်ကယ်တို့အနေနဲ့ တခြား ဒီအစိုးရ ဖွဲ့မယ်။ နောက် တိုင်းပြည် Run မယ် ဆိုလို့ရှိရင် တခြား မဟာမိတ် အဖွဲ့တွေ နဲ့ရော နောက်တခုက ညွှန့်ပေါင်းပုံစံမျိုးရော စဉ်းစားချက်တွေရော ရှိပါလား။

ဦးဝင်းထိန်။ ။ ကျနော်တို့က သိပ်ပြီးတော့ Majority ပေါ့ အများစု မရဘူး ဆိုရင်တော့ ညွှန့်ပေါင်းပုံစံနဲ့ စဉ်းစားကောင်း စဉ်းစားမှာပေါ့။ ကျနော်တို့ Majority ပေါ့နော် အများစု အနိုင်မရဘူး ဆိုရင်တော့ ညွန့်ပေါင်းပုံစံ စဉ်းစားကောင်း စဉ်းစားမှာပေါ့။ အခုကျတော့ ညွန့်ပေါင်း စဉ်းစားလို့ မရလောက်အောင်ကို အခြေအနေရှိတယ်။ သို့သော် ပါတီကြီး တခုအနေနဲ့ အစိုးရ တခုလုံးကို လွှမ်းမိုးတယ် ဆိုလို့ရှိရင် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတဲ့ သဘောထားကို ဆန့်ကျင်ရာ ရောက်မယ်။ အားပျော့ရာ ရောက်မယ်။ ဒါကြောင့်မို့လို့ ညွန့်ပေါင်း မလုပ်သော်လည်းဘဲ ကျနော်တို့ မဟာမိတ် ရှိတယ်။ ဥပမာ ဦးခွန်ထွန်းဦးရဲ့ SNLD၊ ဦးအေးသာအောင်တို့ ရခိုင်ပါတီ သူတို့ဟာ ကျနော်တို့ အကျပ်အတည်း ဖြစ်တုန်းကတောင်မှ လက်တွဲခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဆိုတော့ သူတို့ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က အများကြီး စဉ်းစားပါလိမ့်မယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော် နောက်တခုလောက် မေးချင်တာကတော့ ပြီးခဲ့တဲ့ အစိုးရ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စပေါ့။လုပ်နေရင်းနဲ့ဘဲ ရှမ်းပြည်ဘက်မှာ အပစ်အခတ်တွေ ပြန်ဖြစ်နေပြန်ပါပြီ။ အဲတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို စဉ်းစားချက် ရှိလဲ။ လက်ရှိ အစိုးရ လုပ်သွားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တစုံတရာ ဝေဖန်စရာ ရှိလား။ ဒီပေါ်မှာဘဲ ဆက်လုပ်သွားမလား။ ဘယ်လို စဉ်းစားထားပါသလဲ။

ဦးဝင်းထိန်။ ။ အဲဒါပြောရရင်တော့ အရှည်ကြီးဘဲ။ အဲတော့ MPC ကလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရော၊ နောက်တခြား ဟို ဦးခွန်ဥက္ကာတို့ လုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျနော်တက်တာ ရှိသလို တခါတလေလည်း ဦးထွန်းထွန်းဟိန် တက်တာ ရှိတယ်။ ရှိတဲ့ အခါမှာ ဒီပြီးခဲ့တဲ့ လက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးတာ ၈ ဖွဲ့ဘဲ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့ အတိုင်း ဘာပြောလဲ ဆိုတော့ ဒီမှာတော့ ကျနော်တို့လက်မှတ် မထိုးချင်ဘူး။ ထိုးလိုက်ခြင်းအားဖြင့် လက်မှတ် မထိုးတဲ့ အဖွဲ့နဲ့ ထိုးတဲ့ အဖွဲ့ သွေးကွဲမယ် - ၁ အချက်။ ၂ - အချက်ကတော့ လက်မှတ်ထိုးပြီးတဲ့ အဖွဲ့က Unlawful Association (မတရားသင်း) ဆိုတဲ့ဂွင်က လွတ်သွားပြီ။ အဲဒီတော့ ကျန်တဲ့သူတွေကို ဖိတိုက်မှာကို စိုးရိမ်တယ်ဆိုတော့ စိုးရိမ်တဲ့ အတိုင်း ဖြစ်တာ။

ဆိုတော့ ဒီအပစ်အခတ် ရပ်စဲရေးက သိပ်သဘာ၀ မကျဘူး။ သို့သော် အခု ဦးအောင်မင်းတို့ ကြိုးစားတဲ့ အထဲက အသုံးတည့်တဲ့ဟာ မှန်သမျှတော့ ကျနော်တို့ ဆက်သုံးမှာ။ သူတို့လုပ်လို့ ပယ်တယ်ဆိုတာကတော့ မရှိဘူး။ ကျနော်တို့ အဲဒီလိုတော့ တဖက်သတ် မလုပ်ဘူး။ သူတို့ လုပ်ထားတဲ့ အထဲက ဒီ နောင်ငြိမ်းချမ်းရေး အတွက် အထောက်အကူ ဖြစ်မယ့် အချက်အလက်တွေ NCA က Agreement မှာ ပါတဲ့ Plot တွေ အတော်များများကို ကျနော်တို့ သုံးမယ်။ တချို့ မလိုတဲ့ဟာတွေ ကျနော်တို့ ပယ်မယ်။ ဒါက တချက်။

နောက်တချက်က Myanmar Peace Center က လူပြောသူပြော အင်မတန် များတယ်။ နိုင်ငံရေးအားဖြင့် သိက္ခာရှိတဲ့ လူတိုင်းက Myanmar Peace Center ကို မလေးစားဘူး။ အဲဒီ မလေးစားတဲ့ အခြေအနေတွေ ကျနော်တို့ ပြန်သုံးသပ်မယ်။

သားညွန့်ဦး။ ။ ဟုတ်ကဲ့။ သူတို့ရဲ့ ရပ်တည်မှု၊ သူတို့ရဲ့ ဆောင်ရွက်မှုတွေပေါ့။

ဦးဝင်းထိန်။ ။ ဒါက ကျနော်ပြောရဲတာက လွှတ်တော်မှာ ဦးအောင်မင်းကို တခါလာရင် ကျနော် တခါမေးတယ်။ နောက်တခါ လာရင် နောက်တခါမေးတယ်။ ၂ ခါစလုံး စိတ်ဆိုးတယ်။ ဘာလဲဆိုတော့ Myanmar Peace Center က ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေက အစိုးရ ဝန်ထမ်းတွေ ဝန်ထမ်းစည်းကမ်းနဲ့ ခန့်တာလားဆိုတော့ မေးတဲ့ အခါမှာ ဟာ ကျနော်မေးတာကိုဘဲဣဿာ၊ မစ္ဆရိယ (မနာလို၊ ဝန်တို) နဲ့ မေးတာလိုလို ဘာညာနဲ့ တခါတည်း မဖြေဘဲနဲ့ လျှောက်ပြီးပြောတယ်။ ဒါက တခါ။ နောက်တခါက တိုင်းပြည်မှာ ဥပဒေရှိပြီးသား။ ဥပဒေ ရှိတော့ သူတို့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ်မယ်ဆိုရင် သူတို့ ပုဒ်မ ၁၇ (၁)နဲ့ ထောင်ကျကုန်တာတွေ အများကြီးဘဲ။ ကျနော်တို့ထဲကလည်း ပါတယ်။ ကျောင်းသားတွေထဲကလည်း ပါတယ်။၁၇ (၁)က ရှိနေတယ်။ အဲဒီ ၁၇(၁) ကို ဆက်ပြီး သုံးမှာလား - ၁ အချက်။ ၂ - အချက်က ၁၇(၁) အရ Unlawful Association - တရားမဝင် အဖွဲ့အစည်းတွေရယ်လို့ ဖွဲ့ထားတဲ့ လူတွေနဲ့ ဆက်လုပ်ထားတဲ့ စာချုပ်ဟာ ဥပဒေကြောင်းအရ ဘယ်လောက် ခိုင်မာမလဲ။ အဲဒါမေးတဲ့ အခါ ကျနော် မေးတာ မဖြေဘဲနဲ့ သူ့ကိုတော့ သမ္မတကြီးက နေပြီးတော့ ဒီအဖွဲ့တွေနဲ့ ဆက်ဆံဖို့ အတွက် လက်မှတ်ထုတ်ပေးထားတယ်။ အဲဒါနဲ့ဘဲ ပေါက်ကွဲသွားတာ။ ဆိုတော့ ကျနော်လိုချင်တဲ့ ဥစ္စာ မဖြေဘူး။ မဖြေတာလည်း မဖြေလည်း မဖြေရဲဘူး။ မဖြေလည်း မဖြေနိုင်ဘူးဆိုတာ သဘောပေါက်ပါတယ်။ သို့သော် ကျနော် ဖြေတာက MPC ရဲ့ လုပ်ငန်းတွေကို Transparent ( ပွင့်လင်းမြင်သာ) ဖြစ်အောင် ကျနော်မေးတာ။ သူမဖြေဘူး။

သားညွန့်ဦး။ ။ ကျနော် နောက်တခုက နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်လို့ပါ။ တလောကတော့ ဒီနိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက်ဆိုပြီးတော့ ကျောင်းသားတွေ လှုပ်ရှားသူတွေ အစာငတ်ခံ ဆန္ဒပြတယ်။ အန်ကယ်လ် ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်လို့ သွားတွေ့ခဲ့ပါတယ်။ အဲတော့ နိုင်ငံရေး အကျဉ်းသား Issue (ကိစ္စ) နဲ့ ပတ်သက်ပြီးတော့ အန်ကယ်လ်တို့ရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။

ဦးဝင်းထိန်။ ။ အခု ကျနော်တို့ ဆိုပါတော့ အစိုးရဖွဲ့ပြီးရင် ၁ အချက်က Corruption Free Government ( အဂတိ လိုက်စားမှု ကင်းရှင်းတဲ့ အစိုးရ) နဲ့ စရမယ်။ ဒါက ဦးစားပေး ၁။ ပြီးရင် အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တပြိုင်တည်းသွားရမှာ။ အဲဒီအချိန်မှာ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ ကိစ္စဟာ Piority ( ဦးစားပေး) ပါမယ်။ မပါစရာ အကြောင်း မရှိဘူး။ ကျုပ်တို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် အကျဉ်းကျခဲ့တဲ့သူတွေဘဲ မစဉ်းစားဘဲ နေမှာမဟုတ်ဘူး။ ဦးစားပေးထဲမှာတော့ ပါမှာသေချာပါတယ်။

ကိုသားညွန့်ဦး။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အရင်စီးပွားရေး လုပ်ငန်းပေါ့ အစိုးရက အရင် ဒီအစိုးရလုပ်ခဲ့တဲ့၊ ဒီအစိုးရ မတိုင်ခင်ကတည်းက ရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းေ တွရှိပါတယ်။ မြစ်ဆုံလိုဟာမျိုးတွေ စီးပွားရေး Projects ကြီးတွေ လုပ်ငန်းကြီးတွေ ဒီဟာနဲ့ပတ်သက်လို့ NLD ရဲ့ သဘောထား ဘယ်လိုရှိပါလဲဗျ။

ဦးဝင်းထိန်။ ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောပြီးပြီလေ။ မြစ်ဆုံ ပရိုဂျက်လိုဟာမျိုးက ပြည်သူလူထုက ဘာမှ မသိဘူး။ ဘယ်သူနဲ့ ချုပ်တယ်ဆိုတာပဲ သိပြီးတော့မှ Detail တွေမသိဘူး။ အဲ့တော့ နောက်တခုက ပြည်သူလူထုက လက်ခံလား မလက်ခံလား မစုံစမ်းပဲနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစားတာတွေ ရှိတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ပြောထားတာက အရင်အစိုးရနဲ့ လုပ်ခဲ့တဲ့ စီးပွားရေး Project တွေ တရုတ်နဲ့မှ မဟုတ်ဘူး ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် အဲ့ဒီ့ စာချုပ်တွေဟာ နိုင်ငံတကာ International နှုန်းနဲ့ ကိုက် မကိုက်ပြန်ကြည့်ရမယ် ဆိုတဲ့အကြောင်း ပြောပြီးတော့ အဲ့တာတွေကို ကျနော်တို့က ပြန်ပြီးတော့ နိုင်ငံတကာ ထုံးတမ်း စဉ်လာအရ ကိုက်ညီတဲ့ စာချုပ်ဆိုရင် လုပ်ရင် ကျနော်တို့က စဉ်းစားမယ် သို့သော် မြစ်ဆုံလို နေရာမျိုး ကျတော့ နိုင်ငံရေးအရ အင်မတန် ထိလွယ်ရှလွယ်တဲ့ကိစ္စ ဒါတချက်၊ နောက်တခုက ကချင်လူထု ဟိုမှာ လွှမ်းမိုးနေတဲ့ KIA လိုမျိုး ငြိမ်းချမ်းရေး မရမခြင်း ဘယ်တော့မှ လုပ်လို့မရဘူး။ အဲ့တော့ ပြည်သူလူထု လက်ခံအောင် လုပ်နိုင်မယ်ဆိုရင်တော့ ဘယ် Project မျိုးမဆို လက်ခံပါမယ်။

ကိုသားညွန့်ဦး။ ။ အန်ကယ်လ် ဦးဝင်းထိန် အခုလို ဖြေကြားပေး တာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

NLD ခေါင်းဆောင် ဦးဝင်းထိန်ကို ဗွီအိုအေမြန်မာပိုင်းက ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG