သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အပေါ် ပြည်ပရောက် ၈၈ ခေါင်းဆောင်တချို့ ပြင်းပြင်းထန်ထန် ဝေဖန်


ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ

၈၈ မျိုးဆက် ခေါင်းဆောင်အများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် လက်မခံပဲ ပယ်ချခဲ့တဲ့အပေါ်စိတ်ပျက်မိကြောင်း ပြည်ပရောက် ၈၈ မျိုးဆက်ခေါင်းဆောင်တွေကပြောပါတယ်။ ရှစ်လေးလုံးလူထု လှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့ကြတဲ့ ပြည်တွင်း ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ ရရှိထားတဲ့ နိုင်ငံရေးဖြတ်သန်းမှုနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုအပေါ်မှာမြန်မာနိုင်ငံရေးအပြောင်းအလဲအတွက် ပြတ်ပြတ်သားရပ်တည်လှုပ်ရှားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရွေးချယ်ခဲ့တာနဲ့ပတ်သက်လို့ မကျေနပ်မှုတွေ၊ ဝေဖန်မှု တွေအတော်များများထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ အထင်ကရ ကျောင်းသားခေါင်းဆောင်းဟောင်းဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ တချို့ကို NLD ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် အောက်ခြေ ပါတီဝင်တွေက ရွေးချယ်တင်မြှောက်ခဲ့ပေမယ့် ဗဟိုကော်မတီ ဆုံးဖြတ်ချက်နဲ့ ပယ်ချခဲ့တဲ့အပေါ်မှာ NLD ကိုဝေဖန်ခဲ့ကြတာပါ။ ဒါနဲ့ပတ်သက်လို့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ကိုမိုးသီးဇွန်က အခုလိုသုံးသပ်ပါတယ်။

“NLD ကို စိတ်ပျက်နေတာ ကျနော်တို့က တော်တော်ကြာပြီပေါ့ဗျာ။ ဒါပေမယ့် စိတ်ပျက်ပေမယ့် ဗမာပြည်မှာ ရွေးချယ်စရာမရှိဘူး။ စစ်အစိုးရနဲ့ စစ်အာဏာရှင်စနစ်ကို ကျနော်တို့က လက်မခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ပိုကောင်းအောင် ကျနော်တို့ရဲ့ vision တွေ၊ hope တွေကို သယ်ဆောင်ပေးမလား မျှော်လင့်နေတာ။ အခု ၈၈ တွေကို သူတို့က ပယ်ချလိုက်တယ်၊ ရွေးကောက်ပွဲကိုယ်စားလှယ် လောင်းတွေ အဖြစ်ကနေ လက်မခံတဲ့အပေါ်မှာ တော်တော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်မိတယ်ဗျ။”

တဘက်မှာလည်း NLD ပါတီ နဲ့ ပြည်တွင်းက ၈၈ မျိုးဆက်ခေါင်းဆောင်တွေအကြား ညှိနှိုင်းဆောင်ရွက်မှုတွေကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ နောက်ထပ် ပြည်ပရောက် ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုသက်ထွန်းကပြောပါတယ်။

“NLD နဲ့ ၈၈ တွေကြားထဲမှာ နိုင်ငံရေးအရကော၊ ပုဂ္ဂိုလ်ရေးအရကော ဘယ်လောက်အထိ အဆင်ပြေပြေ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီလဲ ဆိုတာ စဉ်းစားစရာ အချက်တခုရှိတယ်လေ။ အခု ရွေးကောက်ပွဲဆိုတာနီးတော့မှ ၈၈ ကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရမယ့်အစား NLD နဲ့ ပူးရင် ပိုကောင်းမလားဆိုတဲ့ စဉ်းစားချက်ပေါ့။ တချို့ နိုင်ငံရေးကိစ္စတွေမှာ စဉ်းစားရုံနဲ့မလုံလောက်ဘဲ လက်တွေ့ကို ဖြတ်သန်းရဲဖို့ လိုတယ်။ အဲဒီတော့ အခုက စဉ်းစားရုံစဉ်းစားပြီးတော့ သွားပြီးတော့ ဒီလို စေ့စပ်တဲ့အခါမှာ NLD ရဲ့အခြေအနေကလည်း ဘယ်လောက်တည်တည်ငြိမ်ငြိမ်နဲ့ နောက်တခုက တိုင်းပြည်ရဲ့ရှေ့ရေးကော လက်ရှိပစ္စုပ္ပန် အခြေအနေ အခက်အခဲတွေကို ကျော်လွှားဖို့ကော ဘယ်လောက်ပြည့်စုံအောင်တွက်ချက်ပြီးတော့ ငြင်းဆန်တာလဲဆိုတာ စဉ်းစားစရာတွေကတော့ အများကြီးပဲ။”

NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ၈၈ မျိုးဆက်ခေါင်းဆောင်တွေကို အောက်ခြေ မြို့နယ်ပါတီဝင်တွေက ရွေးချယ်ပေးခဲ့တဲ့အပေါ်မှာ ဗဟိုက ပယ်ချလိုက်တယ်ဆိုတဲ့အချက်ဟာ ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့ NLD အပေါ် ယုံကြည်ကိုးစားမှုလျော့ကျစေခဲ့တယ်လို့ ကိုမိုးသီးဇွန်ကပြောပါတယ်။

“အောက်ခြေတွေက ပြန်ရွေးပေးတယ် - သူတို့ကို၊ ကိုယ်စားလှယ်လောင်းတွေအဖြစ်နဲ့။ သူတို့ကို ရွေးပြီးတင်ပေးတယ်။ ဒါပေမယ့် သူတို့သည် အထူးသဖြင့်- ကိုကိုကြီးပေါ့။ ကိုကိုကြီးနဲ့ ကျနော်နဲ့ အမြင်မတူတာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူ့ကို တောင်ဥက္ကလာက ရွေးပေးလိုက်တယ်။ တခြားလူတွေကိုလည်း သူ့မြို့နယ်လေးတွေက အကုန်လုံးက ရွေးပေးတယ်၊ ဒေါ်ညိုညိုသင်းတို့၊ ဘာတို့။ အဲဒီတော့ ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့ ကျနော်တယောက်ဟာ ကိုကိုကြီးကို မကြိုက်သော်လည်း သူ့ကို ပြည်သူက ရွေးချယ်ထားရင် ကျနော်တို့က လက်ခံရမယ်။ အဲဒါမျိုးကို NLD ပါတက ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းကို လက်မခံဘဲ ပယ်ချလိုက်တယ်ဆိုတဲ့ဟာ ကျနော်တို့က တော်တော်အံ့သြတယ်။ အခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်း စုကြည်။ ကျနော်တို့ ဒီမိုကရေစီရဲ့ ကျင့်ထုံးစနစ်တွေကို သူက လေ့ကျင့်ပေးမယ်လို့ မျှော်လင့်ထားတာ။ သူကိုယ်တိုင်က ပယ်ချလိုက်တယ်ဆိုတော့ ကျနော်တို့က ဒီတိုင်းပြည်မှာ ဘယ်သူ့ကို ယုံရတော့မလဲ။ မျှော်လင့်ချက် ပျောက်သွားတာပေါ့။”

ပြည်တွင်းက ၈၈ မျိုးဆက် ခေါင်းဆောင်တွေအနေနဲ့ ကိုယ်လျှောက်မယ့်လမ်းအပေါ် ပြတ်ပြတ်သားသားဆက်ပြီးတော့ သွားဖို့လိုတယ်လို့ မြင်ကြောင်း ကိုသက်ထွန်းက ပြောပါတယ်။

“၈၈ မျိုးဆက်က ဟိုး ၈၈ ကနေ တွက်မယ်ဆိုရင် ဒီကနေ့အထိ နိုင်ငံရေးအရ ဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေ၊ ပေးဆပ်မှုတွေ၊ လေ့လာမှုအားတွေ အများကြီးကောင်းခဲ့ပြီးပြီ။ အဲဒီအတွက် ကိုယ့်ရဲ့နိုင်ငံရေးအရည်အချင်းတွေ၊ လုပ်နိုင်အားတွေ၊ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းတွေနဲ့ ယုံကြည်ချက်တွေ ၊ စေတနာတွေကို ကိုယ့်ကိုကိုယ် ထူထူထောင်ထောင်နဲ့ ပြည်သူအပေါ် အလုပ်အကျွေးပြုမယ်ဆိုတဲ့၊ ရိုးသားတဲ့စိတ်နဲ့ဆိုရင် ရပ်တည်လို့ရပါတယ်။ တဦးချင်းရွေးရွေး၊ ကိုယ့်ဖာသာကိုယ်ပဲ နောက်ပါတီအသစ်ထောင်ထောင်၊ နိုင်ငံရေးမှာ အဓိက-က ရိုးသားမှုရယ်၊ ယုံကြည်မှုရယ်၊ နောက် ပေးဆပ်မှုရယ်၊ ပြည်သူအပေါ်ထားတဲ့စေတနာ မှန်ကန်တယ်ဆိုရင် ကြိုက်တဲ့နိုင်ငံရေးပါတီ ထူထောင်။ အဲဒီနိုင်ငံရေးပါတီကို ပြည်သူ လက်ခံမှာပဲ။ ဒီကနေ့ နာမည်ဘယ်လောက်ကြီးကြီး၊ တိုင်းပြည်အတွက်၊ ပြည်သူအတွက်ပဲ စေတနာပါရင်တောင်မှ လုပ်တတ်ကိုင်တတ်မရှိဘူး၊ အမြဲတမ်း အားနည်းချက်တွေ၊ မှားယွင်းမှုတွေနဲ့ ပြည့်စုံနေမယ်၊ အဲဒီလိုဖြစ်လာတယ်ဆိုရင်လည်း ဒီပါတီကို ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ဘူး။”

နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာ လိုအပ်နေတဲ့ နိုင်ငံရေးအခန်းကဏ္ဍအတွက် ဒီမိုကရေစီရေးလှုပ်ရှားမှုကိုစတင်ခဲ့တဲ့ ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တွေအနေနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကြဖို့လိုနေတယ်လို့လည်း ပြည်ပရောက် ၈၈ မျိုးဆက်ခေါင်းဆောင်တွေက သုံးသပ်ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG