သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ဆယ်နှစ်ပြည့်


လူမှုရေးကွန်ယက်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ Facebook စာမျက်နှာ စတင် ပေါ်ထွက်လာတာ ဒီကနေ့ ၁၀ နှစ် တင်းတင်းပြည့်သွားပါပြီ။ ကောလိပ်ကျောင်းတွင်းသုံးတဲ့ Web စာမျက်နှာအဖြစ်ကနေ အခုဆိုရင် အသုံးပြုသူပေါင်း သန်း ၁၂၀၀ ကျော်နဲ့ တကမ္ဘာလုံး ဖြန့်ကြက် ဆက်သွယ်မှုလုပ်တဲ့ ကွန်ယက်အဖြစ် ရောက်ရှိနေပါပြီ။

နောက် ၁၀ နှစ်တာ ကာလအတွင်းမှာလည်း Facebook ဟာ စွမ်းဆောင်နိုင်မှုတွေကို မြှင့်တင်နိုင်ဖို့ မျှော်လင့်ကြောင်း Facebook ကို စတင်ဖန်တီးခဲ့သူလည်းဖြစ် အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ကြေညာချက် ထုတ်ပြန်ပါတယ်။ Facebook ဟာ အသုံးပြုသူတွေကို ပိုကြီးမား အရေးပါတဲ့ ပြဿနာတွေ အရင်ကထက်ပိုပြီး ကူညီဖြေရှင်းပေးချင်ပါတယ်လို့ သူကဆိုပါတယ်။

ဒီအထိမ်းအမှတ်အတွက် အထူးတလည် ဆင်နွှဲတာမျိုးတော့မရှိပေမဲ့ စောင့်ကြည့်အကဲခတ်သူတွေကတော့ ဒီ Web စာမျက်နှာ အချိန်တိုတိုအတွင်းမှာ အရမ်းအောင်မြင်လာပြီး Twitter၊ Instagram နဲ့ Snapchat တို့လို တခြား အင်တာနက် လူမှုရေးကွန်ယက်တွေပေါ်မှာ လွှမ်းမိုးထားနိုင်တာတွေကို ပြောနေကြပါတယ်။

Facebook ကို အများပိုင်ကုမ္ပဏီအဖြစ် ၂၀၁၂ ခုနှစ်မှာ အစု Share တွေ စတင်ရောင်းချတော့ အခြေအနေ သိပ်မကောင်းပေမဲ့ အဲဒီနောက်ပိုင်းကတည်းက ကုမ္ပဏီတန်ဖိုးက စံချိန်ချိူး မြင့်တက်လာတာ ဖြစ်ပါတယ်။ အခုဆိုရင် Facebook ဟာ ဒေါ်လာသန်းပေါင်း ၁ သိန်းခွဲကျော်တန်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ ရှေ့မှာ ရှိပါတယ်။

ဒီကုမ္ပဏီအတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဆန်းသစ်တဲ့နည်းပညာ နောက်ကိုလိုက်တဲ့ မျိုးဆက်သစ်တွေ Facebook ကို သဘောကျအောင် စွဲဆောင်ပြီး သူတို့တွေရဲ့ မိဘတွေဖြစ်လာမဲ့ လက်ရှိ Facebook သုံးစွဲနေသူတွေကိုလည်း ဆက်ပြီး ပိုင်ပိုင်နိုင်နိုင် ထိန်းထားတာမျိုးနဲ့ Facebook သက်တမ်း ရင့်လာတာနဲ့အမျှ တည်တည်ငြိမ်ငြိမ်နဲ့ အောင်မြင်မှုကို ဆက်ထိန်းသွားနိုင်ဖို့ပဲ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီလို အနာဂတ်က ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ “friending သူငယ်ချင်းလုပ်တာ၊ "unfriending သူငယ်ချင်းစာရင်းကဖျက်တာ၊ Status Line ကိုယ့်ရဲ့အခြေအနေကို ပြောပြတဲ့စာကြောင်း၊ ဒီလို ခေတ်သစ်အတွက် ဝေါဟာရအသစ်တွေကို Facebook က ဖန်တီးခဲ့နိုင်ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG