သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရရဲ့ လူမှုဖူလုံရေးအစီအစဉ် အလုပ်သမားတွေ မေးခွန်းထုတ်


လှိုင်သာယာအထည်ချုပ်စက်ရုံက အလုပ်သမားများ
လှိုင်သာယာအထည်ချုပ်စက်ရုံက အလုပ်သမားများ

(Zawgyi/Unicode)

စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ခံရတာကြောင့် အလုပ်မဆင်းနိုင်တဲ့ အလုပ်သမားတွေအတွက် အစိုးရရဲ့ လူမှုဖူလုံကြေး ထောက်ပံ့မယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးပါမယ်။

အစိုးရက ပိတ်ရက်ထပ်ပြီး သက်တမ်းတိုးလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေကို လူမှုဖူလုံကြေး ထောက်ပံ့ပေးဖို့ ပြင်ဆင်နေပြီလို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနဟာ အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ထိန်းချုပ်ဖို့ ဦးစားပေးအဆင့် သတ်မှတ်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်တွေအတိုင်း စစ်ဆေးပြီးမှ ဖွင့်ခွင့်ပေးမယ်လို့ ဧပြီလ ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီထုတ်ပြန်ချက်ဟာ သင်္ကြန်ပိတ်ရက်အပြီး အလုပ်ဆင်းဖို့ ပြန်ရောက်လာတဲ့ အလုပ်သမားတွေအတွက် အခက်အခဲတွေဖြစ်ခဲ့ရကြောင်း အလုပ်သမားတွေက ပြောပါတယ်။

ဝန်ကြီးဌာနဟာ အနားနီးမှ ကြေညာချက်ကို ထုတ်ပြန်မိတဲ့အကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဧပြီလ ၂၀ ရက်က နေပြည်တော်မှာ သတင်းသမားတွေကို ရှင်းပြခဲ့ပါတယ်။ ဒါကြောင့် လူမှုဖူလုံကြေးပေးထားတဲ့ အလုပ်သမားတွေကို ထပ်တိုးပိတ်ရက်အတွက် လုပ်ထုံးလုပ်နည်းအတိုင်း ခံစားခွင့်ပေးသွားမယ်လို့ သူက အခုလို ပြောခဲ့တာပါ။

“အမိန့်ကတော့ နည်းနည်းလေးတော့ ကပ်သွားတာပေါ့လေ၊ နည်းနည်းအချိန်ကပ်သွားတော့၊ အဲဒီတော့ တို့ဝန်ကြီးဌာနအနေနဲ့ လုပ်ပေးနိုင်တာက လူမှုဖူလုံကြေး အကြုံးဝင်တဲ့ ဝန်ထမ်းတွေကိုကျတော့ ဆောင်ရွက်ပေးဖို့ ပြင်ဆင်နေတာပေါ့။ ဥပဒေရှိတယ်၊ လုပ်ထုံးလုပ်နည်း ရှိတဲ့အတွက်ကြောင့်မို့ ရော့အင့်ဆိုပြီး မရဘူး၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ညီညွှတ်အောင် လုပ်ပြီးတော့မှ ဆောင်ရွက်ပေးဖို့တော့ ပြင်ဆင်နေတာပေါ့။”

ဥပဒေအရဆိုရင် ကျန်းမာရေးကြောင့် ဖြစ်လာတဲ့ကိစ္စတွေအတွက် လူမှုဖူလုံ ထည့်ဝင်ကြေးရဲ့ ၆၀ ရာခိုင်နှုန်းကို အလုပ်သမားတွေ ခံစားခွင့်ရှိပါတယ်။ လတ်တလောမှာ လူမှုဖူလုံကြေးခံစားခွင့်ရမယ့် အလုပ်သမား မြန်မာတနိုင်ငံလုံးမှာ စုစုပေါင်း ၁,၅၀၀,၀၀၀ ရှိတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။ ဒါပေမဲ့ ဒီခံစားခွင့်ကို အလုပ်သမားတွေက ဘယ်လို ထုတ်ယူနိုင်တယ်ဆိုတာကိုတော့ အသေးစိတ် ပြောဆိုသွားခြင်းမရှိသေးပါဘူး။

လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အလုပ်သမား တဦးကတော့ အစိုးရက ထောက်ပံ့မယ့်အစီအစဉ်ဆိုတာကို သံသယရှိနေပါတယ်။

“ဘယ်လိုပေးမလဲ ညီမအဲဒါတော့ သေချာနားမလည်ဘူး၊ အခုက ၆၀ ရာခိုင်နှုန်းတော့ ရလိမ့်မယ်ပေါ့နော်၊ ဟိုနေ့က အစ်မ တယောက်ကတော့ ပြောတယ်။ မရလောက်ဖို့များတယ် အကုန်၊ ဝန်ထမ်းတွေအနေနဲ့ကလည်း အဲဒါကို သူတို့တော်တော်ကြီးကို စိတ်က ဟိုဟာဖြစ်နေကြတာပေါ့နော်။”

အလုပ်သမားအရေးဆောင်ရွက်သူ အနာဂတ် အလင်းတန်းဆုံမှတ်က ဒေါ်သက်သက်အောင်ကတော့ အစိုးရဘက်က ထောက်ပံမယ့်အစီအစဉ်က ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ပြောပါတယ်။

“အခုအထိက ၆၀ ရာခိုင်နှုန်းရမယ်လို့ လက်ရှိသိထားသော်ငြားလည်း ဘယ်လိုပုံစံနဲ့ သွားရမယ်၊ ဘယ်လိုမျိုး ထုတ်ယူလို့ရတယ်ဆိုတဲ့ဟာမျိုး အစိုးရကနေ ဒါတရားဝင် ဘာမှ မပြောသေးတာဖြစ်တဲ့အတွက်တော့ ကျမပြောချင်တာက ဒီလိုအခြေအနေမျိုး ဒီ ၁၁ ရက်စာကိုပေါ့ လွယ်လင့်တကူ ရနိုင်ဖို့အတွက်ကို အစိုးရက လက်လှမ်းမီအောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးဖြစ်တယ်လို့ မြင်တယ်။”

အစိုးရဦးစားပေး စစ်ဆေးသွားမယ့် စက်ရုံတွေထဲမှာ ဆေးဝါး၊ စားသောက်ကုန်နဲ့ လုပ်သား ၁၀၀၀ အထက်ရှိတဲ့ စက်ရုံတွေပါ ပါတယ်။ အလုပ်သမား တချို့ကတော့ အခုထိ ဒီထောက်ပံ့ငွေကို ဘယ်လိုရနိုင်မယ်ဆိုတာ သေချာ မသိရသေးကြောင်းပြောပါတယ်။

ရန်ကုန်မှာတခုတည်းမှာတင် စက်ရုံ အလုပ်ရုံပေါင်း ၆,၀၀၀ ကျော်နဲ့ လုပ်သားအင်အား ၆၀၀,၀၀၀ ကျော်ရှိပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့က အထည်ချုပ် စက်ရုံတွေကတော့ ဒီနေ့ ဧပြီလ ၂၁ ရက်ကစပြီး ရပ်နားပါတယ်။ ပဲခူးတိုင်းစက်မှုဇုန် စီမံခန့်ခွဲရေးကတော့ ကြေညာချက်ထုတ်ပြန်တဲ့ မြို့တွေထဲမှာ အစောဆုံး ဖြစ်ပြီး ရောဂါကာကွယ်ဖို့ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ လည်ပတ်နေတဲ့ စက်ရုံတွေကလွဲပြီး ကျန်တာတွေအားလုံး ဧပြီလ ၃၀ အထိပိတ်ထားရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG