သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရထုတ်ပြန်ချက် နောက်ကျမှုကြောင့် အလုပ်သမားတွေ အခက်ကြုံ


ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တခု (နိုဝင်ဘာ ၀၁၊ ၂၀၁၈)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တခု (နိုဝင်ဘာ ၀၁၊ ၂၀၁၈)

(Zawgyi/Unicode)

ဧပြီ ၃၀ အထိ စက်ရုံတွေ လုပ်ငန်းတွေ ပိတ်ထားဖို့ အစိုးရက ကြေညာခဲ့ပေမဲ့လည်း ဒီနေ့ မနက်မှာတော့ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်သမားတွေ လုပ်ငန်းဝင်ဖို့ ရောက်ရှိလာရင်း အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေ ကြုံကြတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပါမယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီးမှ မြန်မာတနိုင်ငံလုံးက စက်ရုံအလုပ်ရုံတွေကို ဖွင့်ခွင့်ပြုမယ်လို့ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက မနေ့က ဧပြီလ ၁၉ ရက်က ညနေပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက ဒီကြေညာချက်ကို အချိန်မှီ မထုတ်ပြန်ခဲ့သလို ဒီကြေညာချက်အပေါ်မှာလည်း တာဝန်ယူမှု နည်းနေတယ်လို့ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းတွေက တုံ့ပြန်လိုက်ပါတယ်။

စက်ရုံတချို့ဟာ ဒီကိစ္စကို မသိဘဲ အလုပ်ပြန်ဖွင့်ခဲ့သလို၊ အစိုးရ ထုတ်ပြန်ချက်အတိုင်း မဖွင့်ဘဲနေတဲ့ စက်ရုံတွေနဲ့ အလုပ်သမားတွေကြားမှာလည်း ထပ်တိုးတဲ့ အလုပ်ပိတ်ရက်အတွက် နစ်နာကြေးတောင်းဆိုမှုတွေ ဒီနေ့မနက် ဖြစ်ပွားခဲ့ပါတယ်။

“အချိန်မတော် ထုတ်ပြန်လာတဲ့ ညွှန်ကြားချက်ကြောင့် ကျနော်တို့မှာလည်း မနက်ပိုင်းက နည်းနည်း အလုပ်ရှုပ်သွားတာပေါ့ဗျာ၊ ကလေးတွေလည်း လာပြီးတော့မှ။ ဒီစက်ရုံတွေ မြန်မြန်ဖွင့်ရေးအတွက်ကို ဘယ်သူတွေက တာဝန်ယူပြီး စစ်ဆေးကြမလဲ၊ ဘယ်လိုပုံစံနဲ့ စစ်ဆေးကြမလဲ၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အွန်လိုင်းတွေနဲ့ရော လုပ်လို့မရဘူးလား မြန်ဆန်လွယ်ကူအောင်ပေါ့။ ဘာကြောင့်ဆို ရန်ကုန်မြို့မှာ စက်ရုံပေါင်း ၆,၀၀၀ ကျော်ရှိတယ်။ ဒီစစ်ဆေးမှုကို ဘယ်လောက်အထိ စောင့်ကြရဦးမလဲ ဆိုတာလေးတွေ ဖြစ်လာတယ်လေ။”

ရန်ကုန် ရွှေလင်ပန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်း ပြောသွားတာပါ။

အစိုးရထုတ်ပြန်ချက်မှာ COVID-19 ရောဂါကာကွယ်ဖို့ ဧပြီလ ၂၀ ကနေ ၃၀ အထိ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးပြီးမှပဲ တနိုင်ငံလုံးက စက်ရုံအလုပ်ရုံတွေကို ပြန်ဖွင့်ပေးမယ်လို့ ရေးသားထားပါတယ်။ အမျိုးသားလွှတ်တော် လူဝင်မှုနဲ့ အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးကတော့ အစိုးရရဲ့ ကြေညာချက်က နောက်ကျတယ်လို့ ပြောပါတယ်။

“ကြေညာချက်က မနေ့က ညနေ ၆ နာရီလောက်ကမှ ထွက်တယ်လို့ သိရတယ်။ ကြေညာချက်ထုတ်တာက နည်းနည်းနောက်ကျသွားတော့ ကြေညာချက်ကို အချိန်မီမရတော့ ဖွင့်ဖို့ပြင်ဆင်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကတော့ သူတို့ရဲ့ လုပ်ငန်းလိုအပ်ချက်အရ ဆက်ဖွင့်ကြတယ်ပေါ့။ အဲဒီတော့ တချို့လုပ်သားတွေကလည်း အလုပ်ဆင်းဖို့ ရောက်နေကြတယ်၊ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကြေညာချက် ထွက်လာပြီဆိုရင် ကြေညာချက်အတိုင်းကို အားလုံးလိုက်နာ ဆောင်ရွက်ဖို့လိုတယ်။”

လူမှုဖူလုံကြေး ပေးဆောင်ထားတဲ့ အလုပ်သမားတွေက ဒီကြေညာချက်ထုတ်ထားတဲ့ ကာလမှာ လူမှုဖူလုံကြေး ခံစားခွင့်ကို ရလိမ့်မယ်လို့လည်း ဦးကျော်ထွေးကပြောပါတယ်။ အလုပ်သမားတွေဘက်ကတော့ ဒီထုတ်ပြန်ချက်ဟာရှင်းလင်းမှု မရှိလို့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“ကြေညာချက်ထွက်လာတာကိုက နောက်ကျတယ်၊ ဒါပထမ အားနည်းချက် ဖြစ်သွားပါတယ်။ နောက်အားနည်းချက်က ဒီစိစစ်မယ့်ကာလထဲမှာ စက်ရုံအလုပ်ရုံတွေက ပိတ်ထားပြီးမှ စိစစ်ခြင်းကို စောင့်ရမှာလား၊ အလုပ်တွေ လုပ်နေရင်းတန်းလန်းနဲ့ လာစစ်ပြီးမှ စိစစ်မှာလားဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်မသွားဘူးပေါ့။ နဂိုကတည်းကမှ အလုပ်သမားတွေက စိုးရိမ်နေကြတယ်၊ ထုတ်ပြန်ချက်က ပြတ်ပြတ်သားသားမရှိတဲ့အခါကျတော့ ပိုပြီးတော့မှ အငြင်းပွားမှုတွေကို ဦးတည်သွားစေတဲ့ အနေအထား ဖြစ်သွားတာပေါ့။”

စက်မှုလက်မှု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဦးသက်နှင်းအောင် ပြောသွားတာပါ။

ဧပြီလကုန်ထိ အလုပ်ဆက်ပိတ်ထားမယ်ဆိုတဲ့ ကြေညာချက်ကို အစိုးရက ထုတ်ပြန်တာဖြစ်လို့ စက်ရုံတချို့က အလုပ်သမားတွေအတွက် လစာတစိတ်တပိုင်းကို ခံစားခွင့်အနေနဲ့ ပေးပေမဲ့ တချို့စက်ရုံတွေကတော့ အလုပ်မလုပ်ရင်၊ လစာမပေးရဘူးဆိုတဲ့ ဥပဒေပါအတိုင်း ဒီကိစ္စကို လူမှုဖူလုံးကြေး ကျပ်ငွေ ဘီလီယံချီရနေတဲ့ အစိုးရကပဲ တာဝန်ယူပေးရမယ်လို့ ပြောပါတယ်။

“နိုင်ငံတော်မှာ တာဝန်ရှိတယ်လို့ ကျနော်ကတော့ မြင်တာပေါ့၊ နိုင်ငံတကာမှာ ဒီပိုက်ဆံ ( လူမှုဖူလုံကြေး) တွေနဲ့ အလုပ်သမားတွေရဲ့ ပိုက်ဆံတွေကို ဒါလုပ်ပေးသင့်တယ်လို့ ကျနော်ကတော့ အကြံပြုချင်တာပေါ့နော်။ ဒီနေရာမှာ မသုံးရင် ဘယ်မှာသုံးမလဲ။ တာဝန်မယူဘူးဆိုလည်း ပြီးရောပေါ့၊ အဖြေတခုခုပေါ့။”

ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းပြောသွားတာပါ။

အစိုးရ ထုတ်ပြန်ချက်ကိုမလိုက်နာပဲ ဖွင့်တဲ့စက်ရုံတွေ ရှိလာရင်အသိပေးဖို့မြို့နယ် အုပ်ချုပ်ရေးမှူးတွေက စက်မှုဇုန် ဥက္ကဋ္ဌတွေကို အကြောင်းကြားထားပါတယ်။ ဆေးဝါး၊ အစားအသောက်လုပ်ငန်းတွေနဲ့ အလုပ်သား ၁,၀၀၀ အထက်ရှိတဲ့စက်ရုံတွေ ဒါတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုသတ်မှတ်ချက်တွေအတိုင်းဖြစ်ဖို့ ပထမဦးစားပေး စစ်ဆေးသွားမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG