(Zawgyi/Unicode)
COVID-19 ကြောင့် လူစုလူဝေးနဲ့ လုပ်ရမယ့်ကိစ္စတွေအားလုံးကို အစိုးရက ပိတ်လိုက်ပေမဲ့ လူထောင်ချီ အလုပ်လုပ်နေတဲ့ စက်ရုံတွေကိုလည်း ပိတ်သင့်၊ မပိတ်သင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အမြန်ဆုံးတွေ့ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM က မတ်လ ၁၉ ရက်က တိုက်တွန်းထားပါတယ်။ ဒီအကြောင်းကိုဇော်ထက် က စုံစမ်းမေးမြန်းထားတာပါ။
☛မြန်မာတွေ အိမ်ကအလုပ်လုပ်ကြဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်းတဲ့အကြောင်းလည်း ဖတ်နိုင်ပါပြီ။
ဒီတိုက်တွန်းမှုကို အစိုးရက လတ်တလော မတုံ့ပြန်သေးပါဘူး။ စက်ရုံတွေ ယာယီပိတ်တဲ့အခြေအနေက ရာသီဥတုနဲ့ ရောဂါကပ်ဘေး အခြေအနေကြောင့်ဆိုရင် အလုပ်သမားတွေကို ရာနှုန်းပြည့်တာဝန် မယူနိုင်ကြောင်း အလုပ်ရှင်တွေဘက်က တင်ပြတာလည်း ရှိပါတယ်။ ဒါကြောင့် အစိုးရနဲ့ အလုပ်ရှင် နှစ်ဘက်စလုံးက တာဝန်ယူပေးနိုင်မယ့် အခြေအနေကို အလုပ်သမားသမဂ္ဂတွေက မျှော်လင့်နေတာပါ။
“အခုကျမတို့ တောင်းဆိုတာက ဒီကိစ္စကို ကျမတို့ ဆွေးနွေးဖို့လိုတယ်။ တခြားနိုင်ငံတွေမှာဆိုရင် အစီအစဉ်တွေက ရောဂါမကူးစက်အောင် လူစုလူဝေးတွေ မလုပ်တော့ဘူးလို့ မူထွက်တာနဲ့ ဒီအလုပ်သမားတွေကိုလည်း ဘယ်လိုမျိုးပံ့ပိုးရမယ်ဆိုတာ တခါတည်း စဉ်းစားတာမျိုးတွေ လုပ်ကြတယ်၊ ကြေညာတာတွေ လုပ်ကြတယ်။ ကျမတို့နိုင်ငံမှာ အဲဒါမလုပ်ကြသေးဘူးဖြစ်နေတယ်။ အစိုးရကလည်း နားလည်တယ်လို့ ကျမတို့ မြင်ပါတယ်၊ သို့သော် မြန်မြန်လုပ်ဖို့ လိုနေတယ် ဆိုတာ ကျမတို့က တိုက်တိုက်တွန်းတွန်းနဲ့ အစည်းအဝေးခေါ်ပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သလို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင် ပြောသွားတာဖြစ်ပါတယ်။
တကယ်လို့ အစိုးရအစီအစဉ်နဲ့ စက်ရုံတွေကို ပိတ်လိုက်ပြီဆိုရင် အလုပ်သမားတွေကို အခြေခံလစာအတိုင်း ထောက်ပံ့ကြေးရသင့်တယ်လို့ သမဂ္ဂတွေက ပြောပါတယ်။ ဒါက အလုပ်ရှင်ကတဖက်သတ် ပိတ်တာမဟုတ်လို့ အလုပ်ရှင်နဲ့ အစိုးရ ပေါင်းပြီး အချိုးကျပေးသင့်၊ မပေးသင့် ဆိုတာတွေ ကြိုတင်ဆွေးနွေးသင့်တယ်လို့ ဒေါ်ခိုင်ဇာအောင်က ဆက်ပြောပါတယ်။
“အဲဒီတော့ ပေးရမယ်ဆိုရင်တောင် ဘယ်နှရာခိုင်နှုန်း ပေးမလဲ၊ ဘယ်လိုပေးကြမလဲ။ အလုပ်ရှင်တွေက ဒါကိုပေးလိုက်တဲ့အတွက်ကြောင့် သူတို့မှာ ကုန်ထုတ်စွမ်းအား လုံးဝမရှိဘူး၊ ဒီလိုမျိုးပေးလိုက်ရတယ်။ ဒါဆိုရင် သူတို့မှာ တခြားကုန်ကျစရိတ်တွေလည်းရှိတယ်။ ဒါကို သက်သာအောင် အစိုးရက ဘာတွေလုပ်ပေးမလဲ ဆိုတဲ့ဟာတွေ အပြန်ပြန် အလှန်လှန် ဆွေးနွေးရမှာ ဖြစ်ပါတယ်။”
စက်ရုံတွေ ခဏပိတ်ထားတဲ့ကာလမှာ အလုပ်ရှင်တွေက အလုပ်သမားတွေရဲ့ နစ်နာကြေးကို ပေးထားနိုင်လိမ့်မယ်လို့ မမြင်ကြောင်း သွေးစည်း ညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ရဲ့ လှိုင်သာယာတာဝန်ခံ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။
“အလုပ်ရှင်တွေက လိုက်နာနိုင်လိမ့်မယ်လို့ မထင်ဘူး ကျနော်ကတော့။ လူက တယောက်၊ နှစ်ယောက်မှ မဟုတ်တာ၊ ရာထောင်ချီပြီး ပေးနေရမှာဆိုတော့၊ အမြဲဝင်ငွေ မရှိတဲ့အခါကျတော့ သူတို့က ဒီပိုက်ဆံတွေကို ပေးနိုင်မယ်လို့ မမြင်ဘူး၊ သူတို့ကတော့ ငြင်းမှာပဲ အတတ်နိုင်ဆုံး။”
ပြည်တွင်းကုန်ထုတ်လုပ်မှုမှာ CMP အထည်ချုပ်လုပ်ငန်းတွေက ဦးဆောင်နေပြီး အလုပ်သမားက ၅၀၀,၀၀၀ လာက် လုပ်ကိုင်နေကြပါတယ်။ အလုပ်သမားတွေက ဒီရောဂါထက် အလုပ်ရပ်နားလိုက်ရမှာ ပိုပြီးစိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“အလုပ်လုပ်ရမှ သူတို့ရဲ့ စားဝတ်နေရေး အဆင်ပြေမယ်၊ မိသားစုကို ထောက်ပံ့နိုင်မယ်ပေါ့။ အလုပ်မလုပ်ရရင် စားဝတ်နေရေး မထောက်ပံ့နိုင်မှာရယ် သူတို့က အဲဒါတွေကို အဓိကရောဂါထက်ပိုပြီးတော့ စိုးရိမ်တယ် သူတို့က။”
STUM က ကိုထွန်းထွန်းနိုင် ပြောသွားတာပါ။
နေပြည်တော်မှာ မတ်လ ၁၈ ရက်က ကျင်းပခဲ့တဲ့ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်မှာ စီးပွားရေးထိခိုက်မှု အများဆုံးဖြစ်လာနိုင်တဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးအဆင့် သတ်မှတ်သွာမယ်လို့ ပါရှိပါတယ်။။
ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတော်ရံပုံငွေထဲက ကျပ်ငွေ ဘီလီယံ ၅၀၊ လူမှုဖူလုံရေး ရန်ပုံငွေထဲက ဘီလီယံ ၅၀၊ စုစုပေါင်း ဘီလီယံ ၁၀၀ ကနဦး မတည်ပြီး COVID-19 ရန်ပုံငွေ ထူထောင်သွားဖို့လည်း အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ ဒီငွေတွေကို အလုပ်သမားတွေအတွက် ဘယ်လိုသုံးစွဲမလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးဘူးလို့လည်း အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။
[Unicode Version]