သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေ အိမ်ကအလုပ်လုပ်ကြဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်း


(Zawgyi/Unicode)

ကမ္ဘာ့ကပ်ရောဂါ COVID 19 မြန်မာနိုင်ငံမှာ အခုအချိန်အထိ ကူးစက်မှုလူနာ တရားဝင်စာရင်းအရ မရှိသေးပေမဲ့လို့ ကူးစက်ပျံ့ပွားမှု မရှိစေရအောင် ပွဲလမ်းသဘင်တွေ မကျင်းပဖို့နဲ့ လူထူထပ်တဲ့ နေရာတွေမှာ မစုဝေးကြဖို့နဲ့ မလိုအပ်ရင် အပြင်မထွက်ကြဖို့ လုပ်ငန်းခွင်တွေမှာ မလုပ်ပဲနဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက မြန်မာပြည်သူတွေကို တိုက်တွန်းပါတယ်။

ကူးစက်မှု သံသယလူနာတွေ စောင့်ကြည့် လူနာတွေကိုလည်း စနစ်တကျ ကျန်းမာရေး စောင့်ရှောက် ပေးနေသလို ပြည်သူတွေဘက်ကလည်း ကျန်းမာရေးအသိရှိရှိနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ပညာပေးမှုတွေ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ လိုက်နာပေးကြဖို့ တိုက်တွန်းပါတယ်။ အခုဆိုရင်လည်း ကျန်းမာရေးပညာပေးလုပ်ငန်းတွေကို လူထုထဲအထိ တိုက်ရိုက်မဆင်းတော့ပဲ သတင်းမီဒီယာတွေကနေတဆင့် ပညာပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်လို့ လူထုကို ကျန်းမာရေးအသိပညာပေးနေတဲ့ အထွေအထွေရောဂါကု အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင်။ ။ မြန်မာပြည်မှာလည်း ကျနော်တို့က အဲလိုအစီအစဉ်တွေ ဆောင်ရွက်နေတာရှိတယ်ပေါ့။ ကျနော်တို့ private ကျောင်းတွေမှာ ညွှန်ကြားချက်ထွက်ပြီး သူ့သက်ဆိုင်ရာ ဌာနအလိုက် ပိတ်သိမ်းနေတာတွေရှိတယ်။ ဥပမာ - ကျနော်တို့ဆိုရင် အခုကနေစပြီးတော့ ဒီလကုန်တဲ့အထိကို အကုန်လုံးရပ်ထားပြီးတော့ ကူးစက်တဲ့အနေအထားကို ကာကွယ်တားဆီးတာဖြစ်တဲ့အတွက် ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါကို လက်ခံဖို့လည်း လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

မဆုမွန်။ ။ နောက်တခုက လုပ်ငန်းခွင်တွေပေါ့နော် အခုဆိုရင် Work from home အိမ်ကနေပြီးတော့ အလုပ်လုပ်တာ နောက်ပြီးတော့ Telework တွေ စပြီးတော့ လုပ်ကြတယ်ပေါ့နော်။ ဒီဘက်မှာလည်း အခုဆိုရင် အသံလွှင့်ဌာနတွေပါ စပြီးတော့ လုပ်ပြီ။ မြန်မာပြည်မှာဆိုရင်လည်း တချို့ သတင်းဌာနတွေလည်း လုပ်နေကြပြီပေါ့နော်။ အဲလိုမျိုး လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းရှင်တွေကိုရော ဝန်ထမ်းတွေကိုရော ဒီအလုပ်နဲ့ ပတ်သက်ပြီးတော့ တချို့ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေတာလည်း ရှိတယ် ။ ဒါပေမယ့် ကျန်းမာရေးအရ လိုအပ်ချက်အရ လုပ်ရတဲ့ ဒီအတွေ့အကြုံအသစ်တခုအပေါ်မှာ ဆရာဘာများ ပညာပေးစကားပြောချင်တာ ရှိပါသလဲ။

ဒေါက်တာမိုးအောင်ကျော်နိုင်။ ။ အဲဒါကတော့ pandemic ဖြစ်နေတဲ့ ရောဂါတခုက ကိုယ့်နိုင်ငံကို ဝင်ရောက်လာခြင်းမရှိအောင် ၊ ရောက်ရှိလာတယ်ဆိုရင်လည်း မြန်မာပြည်သူလူထု အတွင်းပျံ့နှံ့မှုမရှိအောင် ဒါက အကောင်းဆုံးလုပ်နေတဲ့ နည်းလမ်းတွေဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်တယ်။ အဲလိုပဲ လူတွေအားလုံးကလည်း ဒါကို သိရှိဖို့ လိုတယ်ပေါ့နော်။ အထူးသဖြင့် ကျနော်တို့ စဉ်းစားပေးရမှာကတော့ တနေ့လုပ်တနေ့စား လက်လုပ်လက်စားနဲ့ အလုပ်ရပ်နားလိုက်ရင် ဝင်ငွေမရှိရင် စားဝတ်နေရေး အခက်အခဲဖြစ်မယ့် လူတန်းစားတရပ်ကို ဘယ်လိုကြည့်ရှု ကူညီပေးမလဲဆိုတာလေးတခုပဲ စဉ်းစားပြီးတော့ ကူညီဆောင်ရွက်စရာရှိတာပေါ့။

ကျနော်တို့ ဆရာဝန်တွေ အနေနဲ့ကတော့ ဆေးရုံဆေးပေးခန်းမှာ လူနာတွေကို ဆေးကုသပေးတဲ့ ကိစ္စဖြစ်တဲ့အခါကျတော့ လောလောဆည်ကတော့ ဆေးရုံတွေကတော့ ပိတ်လို့မရဘူးဆိုတဲ့ သဘောပေါ့။ အဲဒီတော့ လူနာတွေအနေနဲ့ကလည်း သိရှိဖို့က ဒီအချိန်မှာ အရေးပေါ်အနေအထား ပေါ့နော် အဲလိုမျိုးအနေအထားမှာ ဆေးရုံ၊ ဆေးပေးခန်းတွေကို သွားသင့်တယ်ဆိုတာကို ကျနော်တို့ တင်ထားတာတို့ ၊ share ပြီးတော့ ပြသထားတာတို့လည်း ကျနော်တို့ တွေ့တယ်ပေါ့နော်။ အဲဒီတော့ အရေးပေါ်အခြေအနေမှာ နာတာရှည်လူနာတွေအနေနဲ့ကတော့ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေကို ဆက်ပြီးတော့ သောက်ဖို့ရယ်၊ ကိုယ့်ရဲ့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆက်ပြီးတော့ ကုသမှု ခံယူရင်တော့ ခရီးဝေးသွားတာလာတာတွေလည်း လျှော့ချဖို့ပေါ့နော် ကျနော်ကတော့ ကိုယ့်လူနာတွေကိုတော့ အကြမ်းဖျင်း အဲလိုလေး ပြောထားတာတော့ရှိပါတယ်။ ကျနော်တို့ လက်တွေ့ လုပ်ငန်းခွင်အရတော့ အချိန်လေးတွေ လျှော့ချဖို့ရှိတယ်။ လူနာကြည့်တဲ့အချိန်လေးတွေ ဘာဖြစ်လို့လဲဆိုတော့ လူနာလာရောက်တာတွေလည်း နည်းသွားတယ် ။

နောက်ပြီးတော့ ပညာပေးအစီအစဉ်ဆိုရင်လည်း သတင်းမီဒီယာကနေတဆင့် ရိုက်ကူးရေးလုပ်ပြီးတော့ပဲ သတင်းပေးပို့တာတွေပိုပြီးတော့ တွေ့လာတယ်ပေါ့နော်။ တနေရာမှာ စုပြီးတော့ ဟောပြောပွဲ ကျင်းပတာတွေလည်း မရှိတော့ပဲနဲ့ သတင်းမီဒီယာကနေတဆင့် လူတွေဆီရောက်အောင် ညွန်ကြားမှုပြုလုပ်နေတာတွေ တွေ့ရတဲ့အတွက် ဒါလည်း ကောင်းတယ်ပေါ့နော်။ ဒီလို စနစ်တကျ ဆောင်ရွက်သွားမယ်ဆိုရင် လုပ်ငန်းခွင်မှာလည်း ကူးစက်မှုနှုန်းတွေ လျှော့ချနိုင်မယ်လို့ ထင်တယ်ပေါ့နော်။ ဒါကတော့ ကျနော်နဲ့ နီးစပ်ရာမှာ ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင် ကိစ္စလေးတွေ ကျနော်ပြောပြတာဖြစ်ပါတယ်။”

ဒါကတော့ COVID 19 မကူးစက်ခံရအောင် ပြည်သူအများ အထူးသတိထားကြဖို့ ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပြခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


......................


(Unicode)









XS
SM
MD
LG