သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ COVID-19 သံသယနဲ့ စောင့်ကြည့်လူနာတွေထဲ သေဆုံးသူ ၇ ဦးရှိပြီ


မန္တလေးဆေးရုံ (သတင်းဓာတ်ပုံ - ဖေဖော်ဝါရီ ၀၂၊ ၂၀၂၀)
မန္တလေးဆေးရုံ (သတင်းဓာတ်ပုံ - ဖေဖော်ဝါရီ ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံတွင်းမှာ COVID-19 သံသယနဲ့ စောင့်ကြည့်ခံနေရသူတွေထဲက သေဆုံးခဲ့သူဟာ ၇ ဦး ရှိသွားပါပြီ။ အဲဒီသေဆုံးလူနာတွေထဲက ၅ ဦးမှာတော့ ကိုရိုနာရောဂါပိုး မရှိဘူးလို့ အဖြေထွက်ခဲ့ပြီး၊ ကျန်တဲ့ ၂ ဦးကိုတော့ ဓာတ်ခွဲအတည်ပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ COVID-19 စောင့်ကြည့်နဲ့ သံသယလူနာတွေမှာ ကိုရိုနာရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲအတည်ပြုပေးနေတဲ့ NHL ကလည်း အဖြေတွေကို အမှန်ကန်ဆုံးဖြစ်အောင် တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် စုစုက ပြောပြသွားမှာပါ။

ကိုရိုနာရောဂါပိုး သံသယနဲ့ ဆေးရုံတင်စောင့်ကြည့်လူနာတွေထဲက ၃ ဦးဟာ ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အတည်ပြုထားပြီး အချက်အလက်တွေအရ ဒီရောဂါရှိ မရှိစောင့်ကြည့်ခံနေရချိန်မှာပဲ သေဆုံးခဲ့တဲ့လူနာဟာ စုစုပေါင်း ၇ ဦးအထိ ရှိသွားပါပြီ။

သေဆုံးရတဲ့အကြောင်းရင်းဟာ သူတို့တွေမှာ ရှိပြီးသား ရောဂါအခံတွေကြောင့်ဖြစ်တယ်လို့ လတ်တလောမှာ သုံးသပ်ထားပြီး၊ သေဆုံးခဲ့သူ ၅ ဦးမှာတော့ ကိုရိုနာရောဂါပိုး မရှိကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။

ကျန်တဲ့၂ ဦးမှာ ဒီရောဂါရှိ၊ မရှိဆိုတာကို အတည်ပြုနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကိုပြောပါတယ်။

“ကျိုင်းတုံ မိုင်းဖြတ်က လူနာရယ်၊ မကွေးကလူနာရယ်။ အဲဒီလူနာတွေရဲ့ ဓာတ်ခွဲနမူနာကတော့ အခုကပေးပို့ဆဲ အဆင့်မှာ ရှိသေးတာပေါ့နော်။ ဒါဆို မသိရသေးဘူး။”

ဒီလူနာတွေမှာ ကိုရိုနာရောဂါပိုးရှိ၊ မရှိဆိုတာကို သူတို့သေဆုံးပြီးချိန်မှသာ စစ်ရတဲ့အကြောင်းရင်းကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL က ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က အခုလိုရှင်းပြပါတယ်။

🔸COVID-19 ကြောင့် စီးပွားရေးပေါ် သက်ရောက်မှုပိုင်း အစိုးရ ပိုဖြေရှင်းပေးဖို့ လိုလားကြတဲ့ အကြောင်းလည်း ဒီမှာ ဖတ်နိုင်ပါပြီ။

“သေဆုံးပြီးမှ စစ်တယ်ဆိုတာလေ ဟိုတနေ့က မန္တလေး Case လိုပေါ့။ ညဘက် ၂ နာရီလောက်ကြီးမှ လူနာက မန္တလေးဆေးရုံကို ရောက်လာတယ်။ ချက်ချင်းကြီးသေသွားတဲ့ အခါကျတော့ Sample ယူတာနဲ့ အသက်ကယ်တာနဲ့ဆို အမတို့ ဆရာဝန်တွေ အနေနဲ့ဆို အသက်ကယ်တာကို အရင်လုပ်ရမှာလေ။ အဲတော့ အသက်ကယ်တာကို အရင်လုပ်နေတဲ့ အခါကျတော့ Sample က သေပြီးမှ ယူရသလိုဖြစ်တာပေါ့နော်။ အဓိက က ဆေးရုံကိုရောက်တာ နောက်ကျတယ်။ ဆိုတဲ့အခါကျတော့ ရောက်လာတဲ့အချိန်မှာ Late Case တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့က ဆုံးပြီးမှယူရသလို ဖြစ်ဖြစ်နေတာပေါ့။”

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန အနေနဲ့လည်း လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို သေချာစစ်ဆေးပြီး တိကျတဲ့အဖြေကို ထုတ်ပေးနေတယ်လို့ ဆက်ပြောသွားပါတယ်။

“အဖြေကို အမှန်ကန်ဆုံးဖြစ်အောင် Quality Control တွေ Positive Control ၊ Negative Control တွေနဲ့ အမတို့က သေချာယှဉ်ပြီးတော့ လုပ်နေတဲ့အခါကျတော့ အမတို့ဆီကိုရောက်တဲ့ Sample ရဲ့ အဖြေပေါ့နော် မှန်ဖို့ရာအတွက်က အမတို့ဘက်ကနေပြီးတော့ တာဝန်ယူထားပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါ သံသယနဲ့ စောင့်ကြည့်လူနာ ၁၅၇ ယောက်ရှိခဲ့ပြီး အဲဒီထဲက ၁၅၁ ဦးမှာတော့ ကိုရိုနာရောဂါပိုး မရှိကြောင်း အတည်ပြုထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးပေမဲ့ အစုလိုက် အပြုံလိုက် ကူးစက်လာနိုင်တာကြောင့် အဲဒီအခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ကိုယ့်နိုင်ငံကတော့ Confirm Case မရှိသေးပေမဲ့လို့ ဝင်ရောက်ကူးစက်နိုင်ချေရှိတယ်။ အစုလိုက် အပြုံလိုက်လည်း ဖြစ်နိုင်တယ်။ ဒီဟာတွေအတွက် ကျမတို့မှာ လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်။ ကျမတို့ ဆေးရုံကြီးတွေလည်း အကုန်ပြင်ဆင်ထားသလို၊ လူတွေ ပစ္စည်းတွေလည်း ပြင်ဆင်ထားတယ်။ ဆေးရုံတွေမှာလည်း ကျမတို့ ဖြစ်လာရင် ဘယ်လိုကုမလဲ။ လူနာတွေအစုလိုက် အပြုံလိုက်ရောက်လာရင် ဘယ်လိုဖြစ်မလဲဆိုတာ ကျမတို့ ဆောင်ရွက်ပြီးတော့ လေ့ကျင့်ပြီးသားဖြစ်ပါတယ်။”

ပြည်သူလူထုအနေနဲ့ လူထူထပ်တဲ့နေရာတွေ မသွားဖို့၊ လက်နဲ့ မျက်နှာနဲ့ နှာခေါင်း၊ ပါးစပ်တို့ကို မထိဖို့၊ ချောင်းဆိုးနှာချေရင် အုပ်စိုးဖို့အပါအဝင်၊ လက်ကိုဆပ်ပြာနဲ့ နည်းစနစ်တကျ သေချာဆေးကြောပေးဖို့နဲ့ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ကို သတိပေးထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့တဲ့နောက်မှာပဲ မြန်မာနိုင်ငံထဲမှာလည်း ဒီရောဂါကို ကာကွယ်နိုင်ဖို့အတွက် လူစုလူဝေးနဲ့ ပြုလုပ်ရမယ့် အခမ်းအနားတွေကို အခုနှစ် ဧပြီလကုန်အထိ ယာယီပိတ်ထားလိုက်ပြီး၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နိုင်ငံတကာဝင်ထွက်ပေါက်တွေမှာပါ ရောဂါစောင့်ကြပ်တဲ့ လုပ်ငန်းတွေကို အစိုးရတာဝန်ရှိသူတွေက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

COVID-19 ကိုရိုနာရောဂါပိုးဟာ နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့စာရင်းတွေအရ လူပေါင်း ၂၂၀,၀၀၀ ကျော် ကူးစက်ခံခဲ့ရပြီး စုစုပေါင်းသေဆုံးသူကတော့ ၈,၉၀၀ ကျော် ရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်

[Unicode Version]


















XS
SM
MD
LG