သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် စီးပွားရေးပေါ် သက်ရောက်မှုပိုင်း အစိုးရ ပိုဖြေရှင်းပေးဖို့ လိုလားကြ


ရန်ကုန်မြို့ စံပြငါးဈေးမှာ ဝယ်သူကိုစောင့်နေကြသော အလုပ်သမားများ (သတင်းဓာတ်ပုံ - မတ် ၁၁၊ ၂၀၂၀)
ရန်ကုန်မြို့ စံပြငါးဈေးမှာ ဝယ်သူကိုစောင့်နေကြသော အလုပ်သမားများ (သတင်းဓာတ်ပုံ - မတ် ၁၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုရဲ့ ရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေး အပေါ် ထိခိုက်သက်ရောက်မှု နည်းစေဖို့ အစိုးရက ကူညီဆောင်ရွက်ပေးမယ့် အစီအစဉ်တချို့နဲ့ ပတ်သတ်လို့ နိုင်ငံတော်အတိုင်ပင်ခံ မနေ့က မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။ အစိုးရဘက်ရဲ့ ဆောင်ရွက်နေမှုအပေါ်မှာ သက်ဆိုင်တဲ့ ကဏ္ဍအသီးသီးက သုံးသပ်သူတချို့ကဘယ်လိုထောက် ပြဝေဖန်မှုတွေရှိနေလဲ ဆိုတာကို ဗွီအိုအေ သတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office - မတ် ၁၆၊ ၂၀၂၀)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office - မတ် ၁၆၊ ၂၀၂၀)

မနေ့က နိုင်ငံတော်အတိုင်ပင်ခံ သူ့မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာ လက်ရှိ အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တဦးမှ မရှိသေးပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုရဲ့ ရိုက်ခတ်မှုကြောင့် မြန်မာ့ စီးပွားရေး အပေါ် ထိခိုက်သက်ရောက်မှု နည်းစေဖို့ အစိုးရက ကူညီဆောင်ရွက်ပေးမယ့် အစီအစဉ်တချို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့တာပါ။

CNP လို့ အများသိကျတဲ့ ကုန်ကြမ်းပေး၊ ကုန်ချောယူ လက်ခံစားစနစ်၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အထူးသက်သာသောအတိုးနှုန်း ချေးငွေများနဲ့ အခွန် ကင်းလွတ်ခွင့် ရရှိနိုင်ရေး စီမံသွားမယ်လို့ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းဥက္ကဋ္ဌ ဦးစိုးထွန်းကတော့ စီးပွားရေးလုပ်ငန်းတွေကို တိတိကျကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လုပ်ငန်းရှင် တွေနဲ့သေချာစွာ ဆွေးနွေးဖို့လိုအပ်နေသေးတယ်လို့ ထောက်ပြသွားပါတယ်။

"ပို့ကုန်နဲ့ ပတ်သတ်လို့ မဆောင်ရဘူးလို့ပြောတယ်။ ကျနော်တို့က ဒီထက်ပို တိတိကျကျ သိချင်တာ မဆောင်တာက လုံးဝ ဖြုတ်မှာလား၊ နှစ်ကုန်မှ စည်းကြပ်လုပ်ခိုင်းပြီး ဆောင်ရမလား။ အသေးစိတ်အချက်ရှိတယ်။ ကျန်တဲ့ ဆန်အဖွဲ့နဲ့တွေ့တာက အသေးစိတ်ညှိုတာ မဟုတ်ဘူး တင်ပို့တာကိစ္စ ပြောကြတာပဲ။ ပြန်ပြီး အသေးစိတ်ညှိုတာ မရှိသေးဘူး။ ဖွဲ့ထားတဲ့ အဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသေးစိတ် တိုင်ပင်တာလုပ်ဆောင်သင့်တယ်။ အဲလိုဆိုပိုကောင်းမယ်။ ရှင်းရှင်းလင်းလင်း မသိရဘူး။ ခုလိုဆိုအသေးစိတ်ကို ဘယ်သူ့မေးရမလဲ မသိဘူး။"

လူစုလူဝေး ဖြစ်စေမယ့် သင်္ကြန်ပွဲတော်တွေကိုလည်း အစိုးရက ကျင်းပခွင့် တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုကြောင့် စီးပွားရေး ထိခိုက်သက်ရောက်မှု သက်သာစေရေးအတွက်လည်း ဗဟိုဘဏ်က ချေးငွေ အတိုးနှုန်း လျှော့ချပေးလိုက်ပါတယ်။

လက်ရှိ အနေအထားမှာတော့ နိုင်ငံခြား ငွေဈေးနှုန်းကျပြီး မြန်မာ ကျပ်ငွေ ဈေးနှုန်း တက်နေတာကြောင့် ပို့ကုန်လုပ်ငန်းတွေ တုံ့ဆိုင်းနေပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက် ပျံ့နှံ့ရာ တရုတ်နိုင်ငံဘက်က ကုန်ကြမ်းအဝင် ရပ်သွားတာကြောင့် အများစု အထည်ချုပ် အလုပ်သမား ထောင်နဲ့ချီ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

Coronavirus Disease (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မီတီကို ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု အန္တရာယ်ကို ထိန်းချုပ်ရေး၊ လူထုကြား တည်ငြိမ်မှု ရှိရေးတွေ လုပ်ဆောင်ဖို့ရည်ရွယ်ဖွဲ့စည်းထားတာပါ။

အစိုးရဘက်က ပြင်ဆင်မှုတွေမှာ လိုအပ်မှုတွေ မရှိဖို့အတွက် ပြင်ဆင်မှုတိုင်းကို ပွင့်လင်းမြင်သာမှုရှိစွာလုပ်ပေးဖို့ တောင်းဆိုလာသူကတော့ နိုင်ငံရေးစီးပွားရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းပါ။

"ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြည်သူကို အဓိကထား ချဉ်းကပ်ဖို့ လိုမယ်။ ဥပမာ စီးပွားရေးပိုင်းဆိုလဲ သက်ဆိုင်တဲ့ ပညာရှင်တွေနဲ့ သေချာတွေ့ဆုံ ဖြစ်လာနိုင်မယ့် အခြေအနေတွေကိုရှာ အဖြေရှာ ဆောင်ရွက်ပေးဖို့လိုတယ်။ နောက် တခုက ခုချိန်မှာ ပြည်ထောင်စုလွှတ်တော်ဘက်က ဒါနဲ့ပတ်သတ်တဲ့ မေးခွန်းဖြစ်ဖြစ်၊ အဆိုဖြစ်ဖြစ်တင်ပြဆွေးနွေးဖို့ လိုအပ်တယ်။ နောက်ပြီး အစိုးရလိုအပ်ချက်တွေကို လွှတ်တော်ကနေတဆင့်ထောက်ပြအကြံပြုတာတွေ လုပ်ဖို့ လိုအပ်နေတယ်။ အဲလို တင်ပြနိုင်တယ်ဆိုရင်ပိုပြီး ထိရောက်နိုင်မယ်ထင်ပါတယ်။"

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးဆုံး ဖြစ်နေတဲ့ နိုင်ငံ ၇ နိုင်ငံက ခရီးသည်တွေ မြန်မာနိုင်ငံကို ဆိုက်ရောက်ချိန်မှာ ၁၄ ရက်ကြာ သီးခြား ခွဲခြား စောင့်ကြည့်မယ့် အစီအစဉ်တွေ လုပ်တာ၊ ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူဘေး ပြည်နယ်၊ နောက် ဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ပျံ့နှံ့ရာ ဒေသ တခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးနဲ့ ဂျောင်ဘွတ် ပြည်နယ်တွေကို ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း ခရီးသွားတဲ့ သူတွေကိုဝင်ဖို့ ခွင့်မပြုတော့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တိုးမြင့်လုပ်ဆောင်တာအပြင် ဒီရောဂါ အကြောင်းပြုပြီး ကုန်ဈေးကစားတာ၊ မမှန်သတင်းဖြန့်တာတွေကိုထိရောက်စွာအရေးယူမယ်လို့အစိုးရက သတင်းထုတ်ထားပါတယ်။

မြန်မာနိုင်ငံထဲမှာလည်း သံသယနဲ့ စောင့်ကြည့် စစ်ဆေးနေဆဲ လူနာတွေ ရှိပေမဲ့ တနလာၤနေ့ အထိတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြု လူနာ တဦးမှ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG